Latest News

Friday, April 20, 2018

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးပြီး ကျား/မ အဝတ်အထည်မျိုးစုံ ပေးအပ် လှူဒါန်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မျက်စိဝေဒနာရှင်များအား  အခမဲ့ ကုသပေးပြီး ကျား/မ  အဝတ်အထည်မျိုးစုံ ပေးအပ် လှူဒါန်း



လဟယ် ဧပြီ ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မျက်စိဝေဒနာရှင်များအား မျက်စိစမ်းသပ်ပေးခြင်းနှင့် ခွဲစိတ်ရန် လိုအပ်သော မျက်စိ ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးပွဲကို ဧပြီလ(၁၉) ရက်နေ့မှ (၂၃)ရက်နေ့ အထိ (၅)ရက်ကြာ လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါမျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ပေးခြင်းကို သီတဂူဆရာတော် ဒေါက်တာအရှင် ဉာဏိဿရ၊ နယ်မြေခံတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်မြင့်နှင့် တာဝန်ရှိသူများမှ ကြီးမှူးပြီး လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

'' မျက်စိဝေဒနာရှင်တွေကို ဦးစားပေးကုသပေးတာပါ၊ (၁၉)ရက်နေ့ကနေ (၂ဝ)ရက်နေ့အထိ စမ်းသပ်တာ၊ အခုအချိန်အထိ လူနာ (၃၁ဝ)ဦးကို စမ်းသပ်ပြီးချိန်မှာ မဖြစ်မနေ ခွဲစိတ်ရမယ့် မျက်စိဝေဒနာရှင် (၄၁)ဦး စမ်းသပ် တွေ့ရှိရတယ်၊ အဲဒီအထဲမှာ မနက်ပိုင်းအထိ (၁၉)ဦးတော့ခွဲစိတ်ပြီးသွားပြီ၊ ကျန်တဲ့လူနာ တွေကိုလည်း ဆက်ပြီးခွဲစိတ်နေတယ်၊ နောက်ထပ်ရောက်လာတဲ့ လူနာတွေကိုလည်း ဆက်ပြီး စစ်ဆေးမှုတွေ လုပ်နေတယ်၊ ခွဲစိတ်ဖို့ လိုအပ်ရင်လည်း ဆက်ပြီးတော့ ခွဲစိတ် ကုသပေးသွားမှာပါ'' ဟု မျက်စိအခမဲ့ ကုသရေးကို လိုက်ပါ လုပ်ဆောင်ပေးသူ တစ်ဦးက ပြောသည်။

မျက်စိဝေဒနာရှင်များကို အခမဲ့ခွဲစိတ်လှူဒါန်းပွဲနှင့်အတူ သီတဂူဆရာတော် ဒေါက်တာအရှင် ဉာဏိဿရ ဦးစီးပြီး ကိုရီးယားနိုင်ငံရှိ သီတဂူတပည့်များမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လူငယ်သင်တန်းကျောင်းများနှင့် အိမ်တွင်းမှုသင်တန်းကျောင်း (၈)ကျောင်း၊ ကျောင်း(၂) ကျောင်း၊ မျက်စိဝေဒနာရှင်များနှင့် အစောင့်လိုက်သူများ ၊ ဆေးရုံများ၊ တပ်မတော် ဆရာဝန်များနှင့် တာဝန်ကျ ဒေသရှိလူနာများ ၊ ဝေးလံခေါင်ဖျားဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း)ရှိ ပြည်သူများ ၊ ခရစ်ယာန် ဘာသာကျောင်း(၃)ကျောင်း၊  နယ်မြေခံတပ်မိသားစုဝင်များ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ အတွက် ကျား/မ အဝတ်အထည် စုစုပေါင်း(၁၅၈၆၇)ထည်အား ယနေ့နံနက်ပိုင်းတွင် လဟယ်မြို့ရှိ မာလာတောင် အားကစားခန်းမတွင်   ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment