Latest News

Monday, April 30, 2018

ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၁၁ )(၁၄)(၁၇)(၁၈)



ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
ကျွန်တော်တို့သင်္ဘော ကျုံမငေးဆိက်ကမ်းကို ဝင်လာပြီဆိုကတည်းက ကျုံမငေးမြို့လူထုကြီးရဲ့ ကမ်းလုံးညွှတ်ကြွေးကြော်ဆုတောင်းသံတွေကို ကျွန်တော်တို့ကြားလိုက်ရပါပြီ။

ကျုံမငေးကို ဝင်လာတဲ့အချိန်က မနက်ပိုင်းဖြစ်ပါတယ်။နောက်မှာကျန်ရစ်ခဲ့တဲ့ ရွှေလောင်းက ဝါးခယ်မမြို့နယ်အပိုင်ဖြစ်သလို အခုကျွန်တော်တို့ရောက်လာတဲ့ ကျုံမငေးကလဲ ဝါးခယ်မမြို့နယ်အပိုင်ပါပဲ။

နေရောင်ကတောက်ပ မြစ်ရေအလျဉ်ကလည်း တသွင်သွင်စီးဆင်းနေပါတယ်။သင်္ဘောက ကျုံမငေးဆိပ်ကမ်းမှာ ခံခံညားညားစက်သတ်ရပ်လိုက်ပါပြီ။ကျွန်တော်တို့ သင်္ဘောပေါ်ကလည်း ဒီမိုကရေစီတော်လှန်ရေးသီချင်းတွေဖွင့်ပြီး ဆိပ်ကမ်းကိုဝင်လာတာဆိုတော့ ကျုံမငေးမြို့လေးဟာ အဲဒိနေ့မနက်က သီချင်းတွေ ကြွေးကြော်သံတွေနဲ့ဖုံးလွှမ်းသွားပါတော့တယ်။

ကျုံမငေးမြို့လူထုဟာ သင်္ဘောဆိပ် ဝဲယာလမ်းနှစ်ဖက် ပြည့်ညှပ်တိုးကျိတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖျဖျကြိုဆိုနေကြပါတယ်။ကျုံမငေးမြို့သူအချောတွေက ဒေါ်အောင်ဆန်းစုကြည် ပန်းတွေ ပန်းစည်းတွေ တပွေ့တပိုက်ကြီး လက်ဆောင်ပေးကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ လက်တစ်ဖက်က ပန်းတွေပိုက်လို့ ကျန်လက်တစ်ဖက်နဲ့ လူထုကိုဝှေ့ယမ်း နှုတ်ဆက်ပြီး ရှေ့ကို လျှောက်လာပါတယ်။

ကျွန်တော်နဲ့ ဗိုလ်ကြီးဝင်းထိန်က ရှေ့ဆုံးကပါ။ကျွန်တော်တို့အစီအစဉ်အတိုင်းက ပထမဆုံး ကျုံမငေးစွယ်တော်ဖူးကြဖို့ ဖြစ်ပါတယ်။သင်္ဘောဆိပ်လမ်းကနေ စွယ်တော်တိုက်ဘက်ကိုသွားတဲ့ လမ်းမပေါ် ကျွန်တော်တို့ တက်လိုက်ကြပါတယ်။ အဲဒီမှာပဲ………
ဆက်ရန်……………

အောင်ဝေး
ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ (၁၄)
၁၉၈၉ ခုနှစ် ဇန်နဝါရီ ။ ။
ဒီခရီးစဉ်မှာ ကျွန်တော်တို့ ထနီးရွာ မအူပင်မြို့ သံပရာချောင်းရွာ ရွှေလောင်းမြို့ ကျုံမငေးမြို့စတဲ့ မြို့တွေရွာတွေကို ဖြတ်ကျော်လာခဲ့ပါပြီ။အမြို့မြို့အရွာရွာရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆိုနေကြတဲ့ ပြည်သူလူထုကြီးရဲ့ ခိုင်မာတဲ့အင်အားဟာ ရင်ခုန်တက်ကြွစရာကောင်းသလို ကြည်နူးချမ်းမြေ့ဖို့လည်း ကောင်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူတွေဟာ ခွဲခြားလို့မရ ဖြိုခွဲလို့မရ တစ်သားတည်း တစ်သွေးတည်းဖြစ်နေတာကို တွေ့နေရပါတယ်။ဒေါ်အောင်ဆန်းစုကြည်က လူထုကို အပျော့ပြောင်းဆုံးအပြုံးနဲ့ နှုတ်ဆက်ခဲ့ပေမယ့် ထူးခြားတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုံးဟာ အသန်စွမ်းဆုံး အားမာန်အရှိဆုံး အပြုံးဖြစ်နေတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကိုစည်းကမ်းရှိဖို့ ညီညွတ်ဖို့ အမြဲတိုက်တွန်းပါတယ်။ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး လိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းမျိုးရှိမှဖြစ်မယ်။လွတ်လပ်ရေး ရချင်ရင် လွတ်လပ်ရေးကို ပေးနိုင်တဲ့ ညီညွတ်မှုမျိုးလိုအပ်တယ်လို့ အစဉ်ပြောဆိုခဲ့ဖူးတာပါ။

ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှာ ပထမဆုံးပြောခဲ့တဲ့ မိန်းခွန်းထဲက
စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ကိုက်ညီတဲ့အင်အားမျိုးကို ထူထောင်ရမယ်ဆိုတဲ့ ဆိုတဲ့ မိန့်ခွန်းစကားက ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတွေကြားမှာစိမ့်ဝင်ပျံ့နှံ့နေတဲ့အချိန်ပေါ့။( ၁၉၈၈ သြဂုတ်လ ၁၄ ရက် ရန်ကုန်ဆေးရုံကြီး နှလုံးရောဂါဆောင်ရှေ့ မိန့်ခွန်း)

ဒီအချိန်မှာ န ဝ တ စစ်အုပ်စုကလည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေးမယ်လို့ တိုင်းသိ ပြည်သိ မြန်မာသိ ကမ္ဘာသိ ကြေငြာထားခဲ့ပါပြီ…………
ဆက်ရန်

အောင်ဝေး

ပျော့ပျောင်းခြင်းဟာ သန်စွမ်းခြင်းဖြစ်တယ်။အပျော့ပျောင်းဆုံးလေးကိုင်းဟာ အဝေးဆုံး ရန်သူရဲ့ရင်အုံကို တည့်တည့်မှန်အောင် ပစ်နိုင်တယ်။ဒါဟာ ဆန့်ကျင့်ဘက်တို့ ပေါင်းစည်းမှု သဘောတရားပဲ။ ။
ဆရာကြီး ဒဂုန်တာရာ
..............
ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ (၁၇)

မြတ်မေတ္တာသင်္ဘောကြီးဟာ လပွတ္တာမြို့ကို ဝင်ရောက်လို့ လာနေခဲ့ပါပြီ။ရွေးမြစ်ပြင်ပေါ်မှာ နေလုံးနီနီကလဲ ရေသောက်ဆင်းလုလု အချိန်ဆိုပါတော့။

သင်္ဘောအပေါ်ထပ်ဦးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကို ခေါ်ပြီးတွေ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့အားလုံးကို ဒီမိုကရက်တစ်ဖြစ်ဖို့ ဒီမိုကရေစီစိတ်ထားရှိဖို့ လမ်းညွန်ပါတယ်။ဒီမိုကရက်ဖြစ်တယ်ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ်နဲ့မတူတာ မတိုက်ဆိုင်တာတွေကို နားလည်လက်ခံပေးနိုင်တာပါပဲ။တနည်းဆိုရရင် ကျယ်ပြန့်စွာ မဟာမိတ်ပြုရတဲ့သဘောပါ။၈၈ မြန်မာ့အရေးတော်ပုံအလွန် ၈၉ တိန်အန်မင်ရင်ပြင်အလွန်လ ၉၀ ဂေါ်ဘာချော့ အလွန် ကမ္ဘာကြီးဟာ ဗဟုဝါဒခေတ်ပဲမဟုတ်လား။

အန်ကယ်ဦးကြည်မောင်ကလဲ ကျွန်တော်တို့ကို FLEXIBLE MOBILE ဖြစ်ဖို့မှာကြားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ ကျွန်တော်တို့တစ်ဖွဲ့သားလုံး ရန်သူရဲ့ စက်သေနတ်ပြောင်းတွေကြားက သွားနေရတာဖြစ်ပါတယ်။ဒီတော့ ကျွှန်တော်တို့ ပျော့ပျောင်း ညင်သာဖို့လိုတယ်။ညွှတ်နိုင်ကွေးနိုင်ဖို့လိုတယ်။

ကျွန်တော်တို့ဟာ ရန်သူရဲ့ ဗျူဟာကြားမှာ ကိုယ့်သဘောထား ကိုယ့်အမြင်ကို တရားသေ ကျောက်ချဆုပ်ကိုင်ထားလို့မရဘူး။အခြေအနေအချိန်အခါအရ ကျွန်တော်တို့ဘက်က တက်သာဆုတ်သာ ရှိရမယ်။ရွှေ့လွယ်ပြောင်းလွယ် ရှိရမယ်။အဲဒါ FLEXIBLE ဖြစ်ဖို့ MOBILE ဖြစ်ဖို့ အန်ကယ်ဦးကြည်မောင်က သင်ကြားပေးလိုက်တာပါ။

သဘောတရားနဲ့ လက်တွေ့သင်ခန်းစာ တစ် ဟာ လပွတ္တာမြို့အဝင်မှာ စတော့တာပါပဲ။

ကျွန်တော်တို့ မြတ်မေတ္တာသင်္ဘောဟာ ဗိုလ်ချုပ်အောင်ဆန်းသီချင်း နဂါးနီသီချင်း သုံရောင်ချယ်သီချင်း နိုင်မြန်မာရဲ့ကမ္ဘာမကြေဘူးသီချင်းတွေကို မြိုင်မြိုင်ဖွင့်ပြီး မြို့တွေ ရွာတွေ ဆိပ်ကမ်းတွေကို ဝင်လာတတ်ပါတယ်။ဒါဟာ ကျွန်တော်တို့ ရန်သူကို သီချင်းနဲ့ စီးချင်းထိုးတဲ့ သဘောပေါ့…………

ဆက်ရန်
အောင်ဝေး
ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ (၁၈)
လပွတ္တာကိုရောက်တဲ့အခါမှာတော့ န ဝ တ အစိုးရဲ့တန်ပြန်ထိုးစစ်ကို ကျွန်တော်တို့ ရင်ဆိုင်လိုက်ရပါတော့တယ်။လပွတ္တာမြို့ ရွေးမြစ်ကမ်းတစ်လျှောက် မ ဝ တ ( န ဝ တ )ရဲ့ လော်စပီကာပေါင်း ၁၀၀၀ ကျော်လောက်ဟာ စစ်ချီတေး စစ်သည်တေးတွေပြိုင်တူ ဆူညံအောင်ဖွင့်ပြီး ကျွန်တော်တို့ သင်္ဘောက သီချင်းသံကို ဖုံးအုပ်ပစ်လိုက်တာပါပဲ။

ကျွန်တော်တို့ဘက်က သီချင်းသံပိတ်ပြီး သင်္ဘောကို အသံတိတ်ကမ်းကပ်လိုက်ပါတယ်။သေနင်္ဂဗျူဟာ အနိုင်တိုက်နိုင်ဖို့ တစ်ခါတရံမှာ ဒီလိုပဲ နည်းပရိယာယ် အရူံးပေးကောင်း ပေးရမယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ခဲ့ပါတယ်။

သင်္ဘောဆိပ်ကို မှန်ပြောင်းတစ်လက်နဲ့ ဟိုကြညိ့ဒီကြည့်လုပ်ပြီး မိန့်မိန့်ကြီးကြိုဆိုနေသူကတော့ လပွတ္တာမြို့နယ် မ ဝ တ ဥက္ကဌ ဗိုလ်မှုးခင်ရွှေကိုယ်တိုင်ပါပဲ။ကျွန်တော် သင်္ဘောပေါ်က အရင်ဆင်းပြီး မ ဝ တ ဥက္ကဌ နဲ့ ညှိနှိုင်းရေးလမ်းကြောင်းတောင်းပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ အောင်တော်မူဘုရား ဖူးမယ်။NLD ရုံးခန်းမှာ လူထုနဲ့တွေ့မယ်။လူ့ဘောင်သစ်ပါတီ ရုံးကိုသွားမယ်။ ခရီးစဉ်မှာ လူ့ဘောင်သစ်ပါတီဌာနချုပ်က ကိုမိုးဟိန်းလဲ လိုက်ပါလာပါတယ်။

အဲဒိနေ့က လမ်းတစ်လျှောက်ဝဲယာမှာ လပွတ္တာမြို့လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ထွက်ပြီး ကြိုဆိုခဲ့ကြပါတယ်။သို့သော်…… သူတို့ခဗျာ အသံတိတ်ပဲ ကြိုဆိုခွင့် ရခဲ့ပါတယ်။စစ်တပ်က လပွတ္တာမြို့နေရာအနှံ့ တပ်စွဲနေရာယူထားခဲ့တာပါ။ဒေါ်အောင်ဆန်းစုကြည်ကလဲ သူ့ရဲ့တည်ကြည်လေးနက် ခိုင်မာတဲ့ အပြုံးနဲ့ လပွတ္တာမြို့လူထုအားလုံးကို ပြန်လာနှုတ်ဆက်ခဲ့ပါတယ်။

ဘုရားပရဝဏ်ရောက်တော့လဲ အဆင်တပြေပါပဲ။NLD ရုံးမှာ ဒေါ်အောင်ဆန်းစုကြည် လူထုနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောတဲ့အခါမှာလဲ အဆင်ပြေခဲ့ပြန်ပါတယ်။

နောင် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အမတ်ဖြစ်လာတဲ့ လပွတ္တာမြို့နယ် NLD စည်းအဖွဲ့က ဒေါက်တာ အေးကြူနဲ့ ရှေ့နေကြီး ဦးကြည်ဝင်းတို့ ပြီးတော့ ဆရာမ ဒေါ်ခင်ဝိုင်းမော် ဒါ့အပြင် လူ့ဘောင်သစ်ပါတီက ကျောင်းသားရဲဘော်တွေဟာ စစ်တပ်က အထပ်ထပ်ပိတ်ဆို့ ဟန့်တားနေတဲ့ကြားထဲကပဲ အစီအစဉ်ကို စနစ်တကျ အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

တနည်းအားဖြင့် လပွတ္တာမြို့လူထုဟာ အသံတိတ်ဆူညံအားပေးခဲ့ကြတာပဲ မဟုတ်ပါလား……………

အောင်ဝေး

No comments:

Post a Comment