Latest News

Tuesday, April 24, 2018

အပူချိန်မြင့်တက်မှုကို ပြည်သူများသတိမူရန်​ လိုအပ်

အပူချိန်မြင့်တက်မှုကို ပြည်သူများသတိမူရန်​ လိုအပ်

လက်ရှိကာလမှာ နွေရာသီကာလဖြစ်သော်လည်း ရာသီဥတုပုံမှန်မဟုတ် သည်ကိုတွေ့ရသည်။ အချို့ဒေသများတွင် မိုးရွာသွန်း၍ လေပြင်း တိုက်ခတ်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် အပူချိန်လျော့နည်းနေသည်ကိုတွေ့ရသည်။ ကျန်ဒေသများ အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ဒေသအတော်များများ တွင်မူ အပူချိန်မြင့်မားနေသည်ကိုတွေ့ရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယခုနှစ် ဖေဖော်ဝါရီ လက ကြေညာချက်တွင် ၂ဝ၁၈ ခုနှစ် နွေရာသီကာလတွင်ဖြစ်ပေါ်လာနိုင် သည့် လာနီညာရာသီဥတုအခြေအနေကို သတင်းထုတ်ပြန်ထားရာ၌ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများတွင် လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်း မြင့်မားနေပြီး ဧပြီလကုန် မေလမှစ၍ လာနီညာဖြစ်ပေါ်နှုန်းကျဆင်း သွားမည်ဟု ဆိုသည်။ အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် မျက်မှောက်ကာလ ၌ ရာသီဥတုကမောက်ကမဖြစ်စဉ်များ ဖြစ်ပေါ်နေသည့်သဘောရှိသည်။

ယခုနှစ်နွေရာသီကာလ၏ အပူချိန်မှာ ယခင်နှစ်များကလောက် အပူချိန်ဒီဂရီမများသော်လည်း လက်ရှိတွင် အပူရှိန်ကို ပြင်းပြင်းထန်ထန် ခံစားနေရသည်ဟု ထင်ရသည်။ ဧပြီလ ဒုတိယပတ်မှစတင်၍ နေပြည်တော် အပါအဝင်  ပြည်နယ်နှင့်တိုင်းဒေသကြီး ခုနစ်ခုတွင် နေ့အပူချိန်များ တစ်စတစ်စတိုးလာသောကြောင့်   အပူဒဏ်ကြောင့်    ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးပြဿနာများကို ကြုံတွေ့လာရသည်။

ရာသီဥတုပူပြင်းမှုဒဏ်ကို အသက်လေးနှစ်အောက် ကလေးငယ်များ၊ အသက် ၆ဝ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါအခံရှိသူများ အထူးသတိထားကြရမည်ဖြစ်သည်။ အပူဒဏ်ကြောင့် မေ့လဲခြင်း၊ ခြေလက်ရောင်ရမ်းခြင်း၊ ကြွက်တက်ခြင်း၊ အားအင်ကုန်ခမ်း ချည့်နဲ့ခြင်းနှင့် ချွေးမထွက်ဘဲ သတိလစ်မေ့မြောခြင်း စသည့်အရေးပေါ် လက္ခဏာများ ဖြစ်ပေါ်တတ်သည်ကို သတိမူရမည်ဖြစ်သည်။

အထူးသဖြင့် အပူလျှပ်၍သတိလစ်ခြင်းကို သတိထားရမည်ဖြစ်ပြီး ရုတ်တရက် အသက်သေဆုံးနိုင်သည်အထိ ဖြစ်ပေါ်တတ်သည်။ အပူ လျှပ်၍ သတိလစ်ခြင်းသည် ခန္ဓာကိုယ်တွင်း အပူချိန်ညှိမှုစနစ် ပျက်စီး သွားခြင်းကြောင့်ဖြစ်ပြီး   အပူရှိန်မြင့်တက်မှုကြောင့်  လူ့ခန္ဓာကိုယ်၏အပူချိန်သည် ၁ဝ၅ ဒီဂရီဖာရင်ဟိုက် (၄ဝ ဒသမ ၅ ဆဲလ်စီးယပ်စ်)အထိရောက်ရှိလာကာ  ဦးနှောက်နှင့်အခြားအင်္ဂါ အစိတ်အပိုင်းများ ထိခိုက်ပျက်စီးစေကြောင်း သိရသည်။

ပုံမှန်အားဖြင့် နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက် လွန်ကာ ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုများ လာသည်။ အပူဒဏ်ကြောင့် ဖောယောင်ခြင်း၊ မိတ်နှင့်ယားနာများထွက်ခြင်း နှင့် ကြွက်တက်သည့် ရောဂါဝေဒနာများ ခံစားရရှိနိုင်သည်။ အပူဒဏ် ကြောင့် ရောဂါဆိုးရွားလာပါက ပင်ပန်းနွမ်းနယ်ခြင်းနှင့်မူးမေ့ခြင်းတို့ကို ခံစားရနိုင်ကာ ပိုမိုပြင်းထန်ဆိုးရွားလာပါက သတိလစ်ခြင်းအထိ ဖြစ်ပွား နိုင်သည်။

ပူပြင်းသောအချိန်ကာလတွင်   အပူဒဏ်ကိုမခံနိုင်သောသူများ သွားလာလှုပ်ရှားလုပ်ကိုင်ရင်း အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်းတို့ဖြစ်ပေါ်လာပါက ရောဂါ ပိုမိုပြင်းထန်ဆိုးရွားစွာဖြစ်ပေါ်သည့်လက္ခဏာ Heat Stroke ဟု မှတ်ယူ ရမည်ဖြစ်ပြီး     အသက်အန္တရာယ်  ရုတ်တရက်ဖြစ်ပေါ်နိုင်သည်ကို သတိထားရမည်ဖြစ်သည်။

သို့ဖြစ်ရာ နွေရာသီကာလ ယခုကဲ့သို့  အပူချိန်မြင့်မားနေသော အချိန်တွင် မိဘပြည်သူများ အထူးသဖြင့် အပူဒဏ်မခံနိုင်သောအရွယ် များအနေဖြင့် မိမိတို့ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်မှု မဖြစ် စေရေးအတွက် သွားသတိ၊ လာသတိ၊ စားသတိ စသည့်သတိတရား လက်ကိုင်ထားကြပါရန် လေးစားစွာဖြင့် အကြံပြုအပ်ပါသည်။     ။

ကြေးမှုံ

No comments:

Post a Comment