Latest News

Saturday, April 21, 2018

၂ဝ၂ဝ ပြည့်နှစ်တွင် အပြန်အလှန်ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ ကျော်အထိ တိုးမြှင့်သွားမည်

၂ဝ၂ဝ ပြည့်နှစ်တွင် အပြန်အလှန်ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ ကျော်အထိ တိုးမြှင့်သွားမည်

နေပြည်တော်

ရက်စွဲ၊ ၂ဝ၁၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်နှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်  ဦးဆောင်သော  မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှ ၂ဝ ရက်နေ့အထိ တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုက နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။

နှစ်နိုင်ငံဆွေးနွေးပွဲတွင်  နှစ်ဖက်ခေါင်းဆောင်များက  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သမ္မတဟိုချီမင်းတို့ လက်ထက်တွင် စတင်သန္ဓေတည်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များ အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းမြှင့်တင်ခဲ့ကြသည့် ချစ်ကြည်ရင်းနှီးမှုအစဉ်အလာနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်းကောင်း၊ လွန်ခဲ့ သည့် နှစ်များအတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် ရရှိခဲ့သည့်တိုးတက်မှုရလဒ်များ အထူးသဖြင့် ၂ဝ၁၇ ခုနှစ် သြဂုတ်လအတွင်း  နှစ်နိုင်ငံဆက်ဆံရေးကို  ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးတွင် ဘက်ပေါင်းစုံပွင့်လန်းလာစေရန် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခြင်း ဖြစ်သည်ကိုလည်းကောင်း သုံးသပ်ဆွေးနွေးခဲ့ပြီး                          
ဆက်လက်၍ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သစ်တောနှင့်သားငါးကဏ္ဍ၊ ပို့ဆောင်ရေး၊  စွမ်းအင်နှင့်  ဆက်သွယ်ရေး၊ ကာကွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှု အပါအဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် နှစ်ဖက်လုံးက ထပ်လောင်းအတည်ပြုခဲ့ သည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈၃ဝ သို့ ရောက်ရှိခဲ့ပြီး  ၂ဝ၁၆ ခုနှစ် ကုန်သွယ်မှုပမာဏနှင့် နှိုင်းယှဉ်ပါက ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နဝမအဆင့်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွင် သတ္တမ အဆင့်အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ရာ ဆက်လက်၍ ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်ဖက်အပြန်အလှန် ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ ပြည့်မီကျော်လွန်သည်အထိ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်များက သဘောတူညီခဲ့သည်။

အလေးထားပြောကြား

ထို့အပြင် နှစ်နိုင်ငံအကြား အစိုးရအဆင့်၊ လွှတ်တော်အဆင့်၊ ပါတီ အဆင့်နှင့် ပြည်သူများအကြား အထူးသဖြင့် လူငယ်များအကြား အပြန် အလှန် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုများ ပိုမိုခိုင်မာလာမည်ဖြစ်သည်ကို ယုံကြည်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက အလေးထားပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားရင်ကြားစေ့ရေးဆောင်ရွက်မှုများကို ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည်လည်း ဗီယက်နမ်နိုင်ငံ၏ အောင်မြင်သည့် ပြုပြင်ပြောင်းလဲမှုရလဒ်များ အထူးသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နိုင်မှုများအပေါ် လေးစားချီးကျူးကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဗီယက်နမ်နိုင်ငံ၏ အစဉ်တစိုက် ထောက်ခံအားပေးမှုနှင့် အတွေ့အကြုံများ မျှဝေပေးမှုကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း  ပြန်လည်ပြောကြားခဲ့ပြီး  အာဆီယံ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၊  ကမ္ဘာ့ကုလသမဂ္ဂ စသည့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင်  နီးကပ်စွာ  ပူးပေါင်းဆောင်ရွက်သွားရန်လည်း ခေါင်းဆောင်နှစ်ဦးက ထပ်လောင်းကတိပြုခဲ့ကြသည်။

ပူးတွဲကြေညာချက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်  ဗီယက်နမ်ဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးသည့်အခမ်းအနားသို့ တက်ရောက်သည်။ ယင်းအခမ်းအနားတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့်  ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ သွန်းတမ် တို့က  လည်းကောင်း၊ ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး မစ္စတာသွန်းတမ်တို့ကလည်းကောင်း လက်မှတ်ရေးထိုး ခဲ့ကြသည်။ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အပြီးတွင် နှစ်နိုင်ငံပူးတွဲကြေညာ ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်International Conference Center  ၌ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်ခဲ့သည်။ ဂုဏ်ပြုညစာစားပွဲ တွင် ခေါင်းဆောင်နှစ်ဦးလုံးမှ ဆုတောင်းမိန့်ခွန်းများ အပြန်အလှန်ပြောကြားရာ၌ နှစ်နိုင်ငံအနေဖြင့် တူညီသည့်သမိုင်းကြောင်း အတွေ့အကြုံများ ဖြတ်သန်းခဲ့ရ ကြောင်း၊ အစဉ်အဆက် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကိုခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ကြောင်းနှင့် နှစ်ဖက်ဘုံအကျိုးစီးပွားအတွက် တူညီသည့် မျှော်မှန်းချက်ဖြင့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှုနှင့်  ပူးပေါင်း ဆောင်ရွက်မှုများကို   ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။

အမြင်ချင်းဖလှယ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂ဝ၁၈ ခုနှစ်၊ ဧပြီလ ၂ဝ ရက်နေ့ တွင် ဗီယက်နမ်-မြန်မာ  ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအား  လည်းကောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည့်  ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင်များအားလည်းကောင်း လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာစေရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေး အသင်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များအသီးသီးက တင်ပြကြသည့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံဆောင်ရွက်ရာတွင် ရရှိနိုင်သည့်အခွင့်အလမ်းနှင့် ကြုံတွေ့ရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍လည်းကောင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် သူရဲကောင်းစစ်သည်ဗိမာန်၌ ပန်းခွေချ အလေးပြု ခဲ့ပြီး ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းနေအိမ်သို့သွားရောက် လေ့လာခဲ့သည်။ ထို့ပြင် ဟနွိုင်းမြို့ မြန်မာသံရုံးတွင် သံရုံးဝန်ထမ်းမိသားစုများ၊ မြန်မာနိုင်ငံမှ ပညာတော်သင်များနှင့် မြန်မာနိုင်ငံသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍  အမှာစကားပြောကြားခဲ့ပြီး  မြန်မာသံအမတ်ကြီးနှင့် ဇနီးတို့က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့တက်ရောက်သည်။

လေ့လာရေးခရီးစဉ်များစေလွှတ်ရေး

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး မစ္စတာ ငုယင်ဖူးကျောင့်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးရုံး၌ တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေး၊ အစိုးရ၊ လွှတ်တော်နှင့် ပါတီများအကြား ဆက်ဆံရေးနှင့် ပြည်သူများအကြား အထူးသဖြင့် လူငယ်များအကြား အပြန်အလှန် လေ့လာရေး ခရီးစဉ်များ စေလွှတ်ထိတွေ့ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Madame Nguyen Thi Kim Ngan နှင့်လည်း လွှတ်တော်ဥက္ကဋ္ဌရုံး၌ တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် ဗီယက်နမ်လွှတ်တော်၏ အတွေ့အကြုံ များနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု  အတွေ့အကြုံများကို  သုံးသပ်မျှဝေ ခဲ့ကြပြီး ဒေသတွင်း အာဆီယံနှင့် နိုင်ငံတကာ လွှတ်တော်အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်မည့် အလားအလာများနှင့် ပတ်သက်၍ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့သည်။

အဆိုပါခရီးစဉ်သို့   ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသန့်စင်မောင်၊  အပြည်ပြည်ဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊  သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် အဆင့်မြင့်အရာရှိများ လိုက်ပါသွားခဲ့ကြ သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ဧပြီလ ၂ဝ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော် သို့ ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

No comments:

Post a Comment