Latest News

Tuesday, April 10, 2018

ခေတ်သစ်တစ်ခုကို ဖော်ကျူးရန် ပြင်ဆင်နေသော ရန်ကုန်သင်္ကြန်

ခေတ်သစ်တစ်ခုကို ဖော်ကျူးရန် ပြင်ဆင်နေသော ရန်ကုန်သင်္ကြန်

ရန်ကုန် သူ ရန်ကုန်သားတို့အတွက် မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၏   နောက်ဆုံးနေ့ရက်များသည်    တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလျက်ရှိနေသည်။   မကြာမီ  ချန်နေရစ်မည့် မြန်မာ သက္ကရာဇ်တစ်ခုကို  နှုတ်ဆက်ခွဲခွာရန်   မြို့တော်ရန်ကုန်က ပြင်ဆင်နေကြလျက်ရှိသည်။ ပူပြင်းသည့်နွေရာသီကို အန်တု ကာ ရေကစားပြီးအပူရှိန်လျော့ပါးစေရန် နည်းလမ်းတီထွင်ကြံဆ ခဲ့သည့် ရှေးမြန်မာကြီးတို့၏ကျေးဇူးမှာ ယနေ့ထက်တိုင် သက်ဝင် လှုပ်ရှားလျက်ရှိသည်။

ယခုနှစ်၏ တန်ခူးလအတွင်း ချင်းနင်းဝင်ရောက်လာသည် နှင့် သင်္ကြန်တေးသံသာတို့က ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ် အသီးသီးမှ လည်းကောင်း၊ လက်တွန်းလှည်းငယ် ထီဆိုင်လေး များမှ လည်းကောင်း   စတင်ကြားလာရသည်။  မြန်မာသံစဉ် စာသားရွေးချယ်မှုအားကောင်းသော   သီချင်းရေးဆရာများ ရှားပါးလာသည့်အတွက် အသစ်အသစ်သော သင်္ကြန်သီချင်း တို့နှင့် ကင်းဝေးနေရသည်မှာ နှစ်ကာလအတန်ကြာပြီဖြစ်သည်။ သင်္ကြန်ကာလရောက်သည်နှင့် ရန်ကုန်ကို စွန့်ခွာသွားကြသော ကားတန်းရှည်ကြီးများကိုကြည့်ရင်း ရန်ကုန်သားတို့ မချင့်မရဲ ဖြစ်ခဲ့ရသည်။ မွေးရပ်မြေကို စွန့်ခွာရန် ခက်ခဲသော ရန်ကုန်မြို့ တော်သားတို့ဖြင့်သာ နှစ်စဉ်မဟာသင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ ကြရသည်။

သင်္ကြန်မဏ္ဍပ်များ
ပြောင်းလဲလာခဲ့သော ရုံးပိတ်ရက်ခွဲတမ်းများကြောင့် ယခု နှစ် ရန်ကုန်မဟာသင်္ကြန်ပွဲတော်သည် ယခင်နှစ်ကထက် ပိုမို စည်ကားလာမည်ဟု ထင်မြင်မိသည်။ ဒဂုံရွာ၏ သောက်ရေကန် ဟောင်းတည်ရှိခဲ့ရာ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက် တိုင်ကို မျက်နှာမူထားသော ရန်ကုန်မြို့တော်၏ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တည်ဆောက်နေမှုက  တစ်နေ့တခြား  ရုပ်လုံြး<ွက လျက်ရှိသည်။ မြို့နယ်များအလိုက် စီစဉ်ထားသည့်   မြို့နယ် သင်္ကြန်မဏ္ဍပ်များကလည်း    မတ်လနောက်ဆုံးပတ်ခန့်မှစ၍ တည်ဆောက်ကြလျက်ရှိရာ   အချို့သော  မဏ္ဍပ်များမှာ အတော်အတန်ပင် ပြီးစီးနေပြီဖြစ်သည်။   နှစ်စဉ်  သင်္ကြန်ရေ အဖြစ် အသုံးများသော ကန်တော်ကြီးနှင့် အင်းလျားကန်အနီး တွင် မဏ္ဍပ်ဆောက်လုပ်နေမှုက များပြားသည်။

ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့်   Junction city  ကြားရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင်  ခရစ်နှစ်သစ်ကူးက ကဲ့သို့ပင် မြန်မာနှစ်သစ်ကူးကိုလည်း ပိတောက်ပန်းတို့ဖြင့် အလှ ဆင်ထားသည်ကို တွေ့ရသည်။ ပြည်လမ်း အင်းလျားကန်ပေါင် အနီးတွင်လည်း သင်္ကြန်မဏ္ဍပ်ကြီးများကို  ခပ်စိပ်စိပ် တွေ့ရ သည်။ သင်္ကြန်ချစ်သူများ အနားယူရန် အင်းလျားကန်ပေါင်ရိုး တွင် တပ်ဆင်ထားသော အလှထီးတို့မှာ ဧပြီ ၇ ရက်က တိုက်ခတ် ခဲ့သော တန်ခူးလေပွေသရမ်းတို့ကြောင့် ဖြုတ်သိမ်းခဲ့ရသည်။ သင်္ကြန်ပွဲတော်အမီ ပြန်လည်တပ်ဆင်နိုင်ပါက သင်္ကြန်ချစ်သူတို့ နားခိုရာရနိုင်ပြီး အလှူရှင်အတွက် စိတ်ကြည်နူးပီတိဖြစ်ဖွယ် ရာပင်။

ရန်ကုန်သူ ရန်ကုန်သားတို့ သင်္ကြန်ပွဲတော်နွှဲပျော်ရန် ပြင် ဆင်နေကြသည်ကို မိုးဒေဝါတို့က စိတ်ရှည်သည်းခံစိတ် ကုန်ဆုံး လာသည်ထင်။ မိုးခြိမ်းသံ တအုန်းအုန်း၊ မိုးသံ တဗြုန်းဗြုန်းဖြင့် ရန်ကုန်အနှံ့ နေ့အလိုက် နေရာရွေးကာ ရွာချနေသည်။ နေ့ ၁၂ နာရီပတ်လုံး သူရိန်နေမင်းကို ထွန်းလင်းခွင့်မပေးဘဲ  မိုးသား တိမ်ရိပ်တို့က ကာဆီးထားကြသည်။ အလျင်လိုသော သင်္ကြန် လက်ဆေးမိုးကြောင့် ပိတောက်ရွှေဝါတို့က သင်္ကြန်ရက်မတိုင်မီ ဖူးပွင်ခဲ့ကြသည်။ မြို့တော်ရန်ကုန်အနှံ့  ပိတောက်နံ့တို့ ကြိုင် တသင်းသင်းဖြစ်ခဲ့ရသည်။ လက်လွှတ်မခံတတ်သော ရန်ကုန်သူ အိမ်ရှင်မတို့က   အလုအယက်အရယူကာ   အိမ်ရှိဘုရားကို ပိတောက်ဖြင့် ဦးခိုက်ခဲ့ကြသည်။

နှစ်သစ်ကူးကာလ
လိုအပ်ချက်ပြည့်မီနေသော   မော်တော်ယာဉ်အစီးရေ ကြောင့် ယခုနှစ်သင်္ကြန်အတွက် ရန်ကုန်သားတို့ ကားငှားရန် မကြားမိသေးပေ။ ပွဲတော်ကာလအတွင်း ရပ်နားမည့်ယာဉ်လိုင်း များအတွက် ရန်ကုန်ပင်မလမ်းမကြီးများတွင် အစားထိုးယာဉ် များ ထားရှိရန် လိုအပ်သည်။  မြို့အနှံ့ လည်ကြပတ်ကြမည့် ရန်ကုန်မိသားစုများအတွက် ကားအခက်အခဲမဖြစ်ရန် အရေး ကြီးသည်။ ပုံမှန်ထက် ဈေးအနည်းငယ် တိုးကောက်ခြင်းကို လက်ခံနိုင်သော်လည်း မတန်တဆကြီးမြင့်သော ယာဉ်စီးခနှင့်  သွားလာရခက်ခဲသော ယာဉ်လိုင်းပျောက်ဆုံးခြင်းကို ရန်ကုန် သားတို့ ပိုမိုစိုးရွံ့သည်။ အခြားအခြားသော နိုင်ငံများတွင် နှစ်သစ် ကူးကာလ၌   ပိုမိုကောင်းမွန်သော    ဝန်ဆောင်မှုများကို  သက်သာသောဈေးနှုန်းဖြင့်   ဆောင်ရွက်ပေးတတ်ကြသည်ကို  သတိမူသင့်သည်။

ရန်ကုန်လမ်းလျှောက်သင်္ကြန်
''မဟာဗန္ဓုလပန်းခြံ၊ ဦးဥတ္တမပန်းခြံရယ်၊ ကန်တော်ကြီးက နှစ်နေရာရယ်မှာတော့   လမ်းလျှောက်သင်္ကြန်   လေးနေရာ လုပ်မယ်၊ အဲဒီနေရာတွေရဲ့ ပတ်ဝန်းကျင်ကို လုံးဝကားပေးမဝင် ဘူး၊ အဲဒီမှာစတုဒိသာကျွေးမယ့် မဏ္ဍပ်တွေရှိမယ်၊ ဖျော်ဖြေ ရေးမဏ္ဍပ် အသေးလေးတွေရှိမယ်၊ ရေပက်ကစားလို့ရမယ့် နေရာလေးတွေ လုပ်ထားပေးမယ်၊ ရှေးယခင်ရိုးရာ ရေကစားတဲ့ စတိုင်မျိုးလေးလုပ်ထားပေးမယ်၊ နားလို့ရမယ့်နေရာတွေလည်း ရှိမယ်''ဟု တာဝန်ရှိသူက ဆိုလာတော့ ထူးထူးခြားခြား ရန်ကုန် လမ်းလျှောက်သင်္ကြန်အတွက် သွားလာရေးအခက်အခဲ မဖြစ် စေသင့်ပေ။ မြို့တော်ရန်ကုန်အနှံ့မှ လာရောက်ပျော်ပါးကြမည့် သင်္ကြန်ချစ်မိသားစုများအတွက် ယာဉ်လိုင်းအခက်အခဲမဖြစ် စေရန် သက်ဆိုင်ရာအစိုးရအဖွဲ့က အလေးထား စီစဉ်ပေးရန် လိုအပ်သည်။ ထို့အတူ  စတုဒိသာ   လုံလုံလောက်လောက် ဖြစ်ရန်လည်း အထူးလိုအပ်ပါသည်။ ကျေးလက်တေးသီချင်း အဖြစ်မှ ပြောင်းလဲလာသော မြန်မာသံချပ်ကိုလည်း သွားလာရ လွယ်ကူသောနေ့အချိန်တွင် တင်ဆက်သင့်သည်ဟု အကြံပြု လိုပါသည်။

သင်္ကြန်ကာလတွင် ရှောင်ရှားသင့်
မွန်းကျပ်သော လူနေမှုပုံသ္ဌာန်၊ ကုန်ဈေးနှုန်းကြီးမြင့် မှုဒဏ်၊ လုပ်ငန်းခွင် အလုပ်ခွင်မှ လူပင်ပန်းစိတ်ပင်ပန်းမှု ဒဏ်ကို ဖြေဖျောက်စေမည့်   အတာရေကို   မကြာမီရက်ပိုင်းအတွင်း ထိတွေ့ရတော့မည်ဖြစ်ရာ  ရန်ကုန်သားတို့အတွက်   စိတ်ဓာတ် ခွန်အားများ ပြန်လည်ပြည့်ဖြိုးလာတော့မည်ဖြစ်သည်။ သို့သော်  တစ်နှစ်တာလုံး အမှောင်ဖုံးခဲ့သော စိတ်အစဉ်ကို သင်္ကြန်ရေနှင့် ထိတွေ့ခိုက်တွင် လွှတ်မပစ်ရန်အရေးကြီးသည်။ မူးယစ်ဆေးသုံး စွဲပျော်ပါးခြင်း၊ အလွန်အကျွံ အရက်သေစာသောက်စားခြင်း ကို  ပူပြင်းသော သင်္ကြန်ကာလတွင် ရှောင်ရှားသင့်ပေသည်။ လွတ်လပ်ပေါ့ပါးမှုကို နှစ်သက်သော ညီငယ် ညီမငယ်လေးများ အနေဖြင့်   မိသားစုနှင့်သာ  အတူလည်ပတ်သင့်သည်။ ဘဝ အတွက် တစ်သက်မမေ့စေနိုင်လောက်သည့် ဖြစ်ရပ်ဆိုးများ သည် နေရာမရွေး၊ ဒေသမရွေး၊ အချိန်မရွေး ပေါ်ပေါက်လာနိုင် သည်ကို သတိမူသင့်သည်။

အချုပ်အားဖြင့် တင်ပြရပါမူ  ရန်ကုန်လူထုတစ်ရပ်လုံး စောင့်ကြိုနေသည့် ၁၃၇၉ ခုနှစ်၏ မဟာသင်္ကြန်ရက်များသည် မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာတော့မည်ဖြစ်ရာ တစ်နှစ် တာလုံး ခံစားခဲ့ရသော ကိုယ်၊ စိတ် ပင်ပန်းမှုမှန်သမျှကို အေးမြ သန့်ရှင်းသော အတာရေဖြင့် ဆေးကြောကာ ၁၃၈ဝ ပြည့်နှစ်ဟု ခေါ်ဆိုသော နှစ်တစ်နှစ်ကို စောင့်ကြိုကြပါစို့ဟု တင်ပြရင်း ...။

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ-ထိန်လင်း(မြန်​မာ့အလင်း)

No comments:

Post a Comment