Friday, March 16, 2018
အိန္ဒိယမှာ ပြုလုပ်တဲ့ တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေး ညီလာခံ သုံးသပ်ချက်(မင်းဇော်ဦး)
ဒီနေ့ အိန္ဒိယမှာ ပြုလုပ်တဲ့ တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေး ညီလာခံပြီးသွားတယ်။ နိုင်ငံ (၃၀) ကျော်က ပညာရှင်တွေ၊ အကောင်အထည်ဖော်နေတဲ့ သူတွေ လာဆွေးနွေးကြတယ်။ အချက်အချို့ကို သုံးသပ်မိတယ်-
(၁) နိုင်ငံတကာ အကြမ်းဖက် တိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားမှု နည်းတယ်။ ဒီကနေ့ ဆီးရီယားအရေးက ထိပ်ဆုံးဖြစ်တယ်။ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်ကို ပိုအရေးစိုက်တယ်။အာဆီယံအတွင်းမှာ နိုင်ငံတကာရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး အကူအညီအများဆုံးက ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ စုနေတယ်။
(၂) အကြမ်းဖက်တိုက်ဖျက်ရေးမှာ လူ့အခွင့်အရေးကို ဘယ်လိုကာကွယ်မလည်း ဆိုတာထက် လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ မဖြစ်ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စဉ်းစားချက်ကပိုများတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကို သတ်မှတ်ရာမှ အစိုးရတွေရဲ့ သုံးစွဲတဲ့ နည်းပညာ (technology) ပေါ်မှာ မူတည်လာတယ်။ ရွာထဲဝင် အရပ်သားပစ်သတ်ရင် လူ့အခွင့် အရေး ချိုးဖောက်တယ်၊ လေယာဉ်နဲ့ ဗုံးကြဲလို့ သေရင်တော့ မတော်တဆဆိုပြီး သတ်မှတ်လို့ ရတာမျိုးဖြစ်လာတယ်။ ဥပမာ အမေရိကန်ဝင်ရောက်တိုက်ခိုကိခဲ့တဲ့ အချိန်ကနေ အခုချိန်အထိ အီရတ်မှာတင် အရပ်သား (လက်နက်ကိုင်မပါ) ၂ သိန်းကျော် အသက်ဆုံးရှုံးခဲ့၇တယ် လို့ ဆိုတယ်။ အချို့သုံးသပ်ချက်တွေအရ တစ်ဝက်လောက်က မဟာမိတ်တပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုလို့ ဆိုကြတယ်။ အမေရိကန်တပ်မတော်က ထုတ်ပြန်ချက်အရတောင် ၂၀၁၄ ကစပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားက ၈၀၀ ကျော်ရှိတယ်လို့ဆိုတယ်။ ဒါပေမယ့် ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ဘူး။ Technical error နည်းပညာမှားယွင်းမှုနဲ့ အစွန်းထွက်ဆုံးရှုံးမှု collateral damage ဖြစ်လာတယ်။
(၃) နည်းပညာတိုးတက်လာတဲ့အပေါ် ပုဂ္ဂိုလ်ရေးလွတ်လပ်မှု privacy ချိုးဖောက်ခံရတာတွေဖြစ်လာတယ်။ privacyကို အကာအကွယ်ပေးတဲ့ ဥပဒေရှိတဲ့ နိုင်ငံတွေမှာတောင် အကြမ်းဖက်တိုက်ဖျက်ရေးအတွက် နည်းပညာတွေသုံးပြီး ဥပဒေကို ကျော်လွှားကြတယ်။ နည်းပညာမရှိတဲ့ အစိုးရက လူ ၁၀၀ လောက်ဖမ်းစစ်ရတဲ့ အချိန်မှာ နည်းပညာသုံးထားတဲ့ အစိုးရက လူ ၅ လောက်ဖမ်းစစ်ရတာမျိုးဖြစ်လာတယ်။ ပိုက်ဆံသုံးနို်င်တဲ့ အစိုးရက နည်းပညာပိုသုံးနိုင်တယ်။ ဒီတော့ ပိုက်ဆံသုံးနိုင်တဲ့ အစိုးရက အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ရင် လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ အသံသိပ်မထွက်ပေမယ့် နည်းပညာမသုံးနိုင်တဲ့ အစိုးရတွေမှာတော့ အသံတွေအများကြီးထွက်လာလိမ့်မယ်။ ဒီတော့ နိုင်ငံတကာမှာ အကြမ်းဖက် မှု နှိမ်နင်း ရေးအတွက် နည်းပညာ (Technology) ကို ရှေ့တန်းတင်ပြီး လုပ်လာတာကို အများကြီးတွေ့၇တယ်။
(၄) လက်ရှိနိုင်ငံတကာမှာ အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် (kinetic) အမာ နဲ့ (non-kinetic) အပျော့ နည်းလမ်းပေါင်းစုံကို သုံးနေကြတယ်။ ဒီပညာရပ်တွေက နယ်ပယ်စုံက လာတဲ့ နည်းနိယျာတွေ။ 9/11 နောက်ပိုင်းပေါ်လာတဲ့ ထောက်လှမ်းရေး နည်းပညာတွေဟာ စစ်အေးခေတ်မှာ တီထွင်ခဲ့တာတွေထက် ပိုများခဲ့တယ်။ ကျမ်းပေါင်းများစွာ ရေးလို့ရတယ်။ နည်းပညာအရဆန်းသစ်မှုတွေက အယင်ရုပ်ရှင်တွေထဲ ကြည့်ခဲ့တာတွေတောင် ခေတ်နောက်ကျသွားပြီ။ ဒါတွေနဲ့ ယှဉ်လိုက်ရင် မြန်မာပြည်ဟာ အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် အဆင့်တွေ အများကြီးကျော်ဖြတ်ဖို့ လိုနေသေးတယ်လို့ သုံးသပ်ပါတယ်။
မင်းဇော်ဦး
အိန္ဒိယမှာ ပြုလုပ်တဲ့ တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေး ညီလာခံ သုံးသပ်ချက်(မင်းဇော်ဦး)
Reviewed by timeayeyar
on
8:45 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment