Latest News

Saturday, March 17, 2018

ချင်းတွင်းသင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးပြင်ဆင်မှုများ ပြုလုပ်

ချင်းတွင်းသင်္ကြန်   အောင်မြင်စွာ   ကျင်းပနိုင်ရေးပြင်ဆင်မှုများ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်တွင် ပထမအကြိမ်အဖြစ် ကျင်းပမည့် ချင်းတွင်းသင်္ကြန်ပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

''တိုင်းဒေသကြီးအတွင်းမှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေဖို့ ပထမအကြိမ်ကျင်းပမယ့် ချင်းတွင်းသင်္ကြန်ကို ခုနစ်ရက်ကြာကျင်းပသွားမှာပါ၊ ချင်းတွင်းသင်္ကြန်မှာ သဲသောင်ပြင်မှာ မြန်မာ့ ရိုးရာလှည်းယဉ်ကြော့တွေ၊     မြင်းလှည်းစီးလို့ရအောင်စီစဉ်ပေးထားမယ်၊ Paramotar၊ သဲပန်းပု ပြခန်းတွေပါမယ်၊ ဆိုင်ကယ်စတန့်ပြတာတွေပါမယ်၊ ကမ်းစပ်မှာနားလို့ရအောင် တဲလေးတွေ ထိုးထားပေးမယ်၊ ရေစိမ်ခြင်ရင်လည်း စိမ်နေလို့ရအောင်စီစဉ်ပေးထားမယ်၊ ပြခန်းတွေကတော့ ဒေသတွင်းမှာထွက် တဲ့ စဥ့်ထည်တွေ၊ ခန္တီးဒေသဘက်က ထွက်တဲ့ပယင်းပစ္စည်းတွေ ပြသထားမယ်၊ ရောင်းလည်းရောင်းကြမယ်၊ နောက်ပြီး နာဂ၊ ရှမ်းနီ၊ ချင်း၊ ကဒူး၊ ကနန်းစတဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပြသမှာပါ၊ ဒီချင်း တွင်းသင်္ကြန်ကျင်းပမယ့် ကွင်းထဲမှာပဲ ဗဟိုမဏ္ဍပ်တစ်ခုတည်ဆောက်ပြီး တိုင်း ဒေသကြီးအတွင်းက ပြိုင်ပွဲဝင် ယိမ်းအဖွဲ့တွေ၊  ပြိုင်ပွဲဝင်အလှပြယာဉ်တွေကို ပြိုင်ပွဲ ကျင်းပမှာပါ၊ အဲဒီအတွက် မော်တော်ယာဉ်တွေ ဝင်ထွက်သွားလာနိုင်ဖို့ မြစ်ကြောင်းရေစီးရေလာကို မထိခိုက်စေနိုင်တဲ့ အမာခံလမ်း ပေ ၈ဝဝ အရှည် ရှိတဲ့ တောင်မြောက်လမ်းတစ်ခုကို ဖောက်လုပ်ပေးထားပါတယ်၊ မြစ်ကမ်းစပ်နဲ့ သဲသောင်ပြင်မှာရေကစားတဲ့သူတွေ အန္တရာယ်ကင်းရှင်းစေဖို့အတွက် မီးသတ် ဦးစီးဌာနက ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံစောင့်ရှောက် ပေးသွားမှာပါ''ဟု  ချင်းတွင်းသင်္ကြန် ကျင်းပရေးကော်မတီ အတွင်းရေးမှူး တိုင်း ဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြိုင်ကပြောသည်။

ပထမအကြိမ်အဖြစ် ကျင်းပမည့် ချင်းတွင်းသင်္ကြန်ကို ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ ဖွင့်ပွဲများနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုင်ရာများ၊ ဒေသထွက်ကုန် များ၊SME လုပ်ငန်းများ၊ ကုမ္ပဏီများ၏ ပြခန်းများကို ပြသသွားမည် ဖြစ်ပြီး ဧပြီ ၁၄ ရက်မှ ၁၆ရက်အထိ ရေကစားခြင်း၊ အပန်းဖြေခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များကိုကျင်းပသွားမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်(မြန်မာနှစ်ဆန်း တစ်ရက် နေ့)တွင်  မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ကုသိုလ်ကောင်းမှု များ ပြုလုပ်ခြင်း၊ ငါးလွှတ်ပွဲများ ပြုလုပ်ခြင်းနှင့် သက်ကြီးဘိုးဘွားများကို ပြုစု စောင့်ရှောက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment