Latest News

Sunday, February 25, 2018

အပန်းဖြေကြသူများဖြင့် စည်ကားနေသည့် မြသလွန်စေတီတောင်ခြေရင်းမှ ဧရာဝတီသဲသောင်ပြင်

အပန်းဖြေကြသူများဖြင့် စည်ကားနေသည့် မြသလွန်စေတီတောင်ခြေရင်းမှ ဧရာဝတီသဲသောင်ပြင်

မကွေး ဖေဖော်ဝါရီ ၂၅

မကွေးမြို့ မြသလွန်စေတီတော်မြတ်၏ခြေရင်း ဧရာဝတီမြစ် အရှေ့ကမ်းအနီးမြစ်ရိုးသည် တစ်စထက်တစ်စ ကျဉ်းမြောင်း လာပြီး ကမ်းနှင့်ပေ ၁ဝဝ ခန့်အကွာတွင် ကျယ်ပြန့်သော သောင်ပြင်တစ်ခု ဖြစ်ပေါ်လာခြင်းကို အကြောင်းပြု၍ စား သောက်ကုန်ရောင်းချသူများ၊ အပန်းဖြေ လာရောက်သူများ ဖြင့် စည်ကားလျက်ရှိနေသည်။

''ကျွန်တော်တို့မြို့အတွက် အပန်းဖြေစရာ နေရာတစ်ခု တိုးလာတာပေါ့၊ သောင်ပြင်အကျယ် ကြီးမှာ ငါးကင်၊ အကြော် နဲ့ အသုပ်မျိုးစုံရောင်းတဲ့ ဆိုင်တွေရှိပါတယ်၊ တစ်နေကုန်နီးပါး လူသွား လူလာသိပ်မပြတ်ဘူး၊ ညနေပိုင်းကတော့ အစည် ဆုံးပဲ၊ တချို့က ဘော်လီဘောပုတ်ကြတယ်၊ ဘောလုံးကန် ကြတယ်၊ စွန်လွှတ်ကြတယ်၊ ကလေးတွေ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကြတယ်၊ နေဝင်ဆည်းဆာကို အရသာခံ ကြည့်ကြတဲ့သူတွေကတော့ ပိုများပါတယ်၊ လာတာကတော့ အရွယ်စုံပေါ့''ဟု မကွေးဒေသခံ ကိုခိုင်ဖြိုးက ပြောသည်။
မြသလွန်စေတီအဝင် ဘီလူးနှစ်ကောင်အနီး၌ ဆိုင်ကယ် များအပ်နှံကြပြီး မြစ်ကမ်းဘက်သို့ဆင်းကာ သောင်ပြင်အထိ ၁ဝ မိနစ်ခန့် လမ်းလျှောက်သွားကြသူများ ရှိသကဲ့သို့ မြသလွန်ရင်ပြင်တော်ထိ အရောက်သွားကာ ဆီမီးကိုးထောင် ထွန်းညှိရာ လှေကားထစ်များမှ အောက်ခြေထိဆင်း၍ သောင်ပြင်သို့ အလည်အပတ်သွားနိုင်ကြောင်း သိရသည်။

သောင်ပြင်သို့သွားနိုင်ရန် မြစ်ကိုဖြတ်၍ ပေ ၁ဝဝ အရှည် ခန့်ရှိ ဝါးတံတားနှစ်စင်းခင်းထားသည်။ ဝါးတံတားဖြတ်သန်း ရာနေရာမှာ ဝါးတစ်ရိုက်ခန့် ရေအနက်ရှိကာ မြောက်ဘက်အစွန် ရှိ ဝါးတံတားနေရာမှာ ရေသိပ်မနက်ကြောင်း သောင်ပြင်အနီး စက်လှေလုပ်သားတစ်ဦးက ဆိုသည်။

''ဒီသောင်ကြီးပေါ်လာတာကတော့ တစ်နှစ်လောက်ရှိပြီ၊ နောက်နှစ်လောက်ဆိုရင် ကမ်းနဲ့ဆက်သွားမလားဘဲ၊ ရေတက် ချိန်မှာ ကမ်းလုံးပြည့်ရေရှိပေမယ့် ရေပြန်ကျချိန်တွေမှာ သောင်တွေက အနေအထားအမျိုးမျိုး ပြောင်းသွားတတ်ပါ တယ်၊ မြစ်ရိုးကလည်း ကျဉ်းကျဉ်းလာတယ်၊ ဒီနှစ် သောင်ထွန်း တာလှတော့ အပန်းဖြေသူတွေ အတွက်ရော၊ စီးပွားရှာသူ တွေအတွက်ပါ အဆင်ပြေတာပေါ့''ဟု ဘုရားအနီး နံကပ်ကျွန်း ရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ဧရာဝတီမြစ်အတွင်းရှိ သဲသောင်ပြင်သို့ ဝါးတံတားမှ တစ်ဆင့်မသွားမီ ကမ်းဘက်ရှိ ကုန်းသောင်တွင် အကြော်တဲ၊ ဓာတ်ပုံအလှရိုက်သူ များပြားသည့် နေကြာခင်းနှင့် သဘာဝ အရိုင်းပန်းအလှနေရာများတွင် လည်း လူစည်ကားကြောင်း မကွေးဒေသခံ ဒေါ်ကလေးထံမှ သိရသည်။

''သောင်ပြင်ကနေ အနောက်ဘက်ကမ်းကို မျှော်ကြည့် လိုက်ရင် မင်းဘူးမြို့က စက္ကိန်းတဲဘုရားကို ဖူးနိုင်ပါတယ်၊ မန်းရေနံမြေနဲ့ အနောက်ရိုးမတောင်တန်းတွေရဲ့ အလှကလည်း ကြည့်လို့ကိုမဝဘူး'' ဟု”ကျောင်းဆရာ ဆရာမွန်က ပြောသည်။

ဧရာဝတီမြစ်၏ ရေစီးသံနှင့်အတူ စုန်၊ ဆန်သွားလာနေ သော သင်္ဘောနှင့် စက်လှေများ၊ လှေငယ်လေးများ၏ ရွေ့လျား မှုကို အလှတရားတစ်ခုအဖြစ် မြင်တွေ့နိုင်ပြီး မကွေးမြို့နှင့် မင်းဘူးမြို့တို့၏ ရင်းနှီးကျွမ်းဝင်မှုကို အဓွန့်ရှည်စေသည့် ဧရာဝတီမြစ်ကူးတံတားကြီး၏အလှနှင့် တန်ဖိုးကိုလည်း ခံစားခွင့်ရခဲ့ကြောင်း မိသားစုဖြင့် အလည်အပတ်လာရောက် သူ ဦးအောင်သိန်းလင်းက ပြောသည်။

ဝါးတံတားအဆုံး သောင်ပြင်အစပ်တွင် သောင်ကျွန်းကို ပတ်ကာ အပျော်စီးနိုင်သည့် စက်လှေငယ်လေး ငါးစင်းခန့် ရှိနေတတ်ပြီး လူတစ်ဦးစီးနင်းခ ငွေကျပ် ၅ဝဝ ယူကြောင်း၊ မြစ်ကူးတံတားအောက်ထိ လည်ပတ်ချင်သူများကိုလည်း ငွေကျပ် ၁ဝဝဝ ဖြင့် လိုက်ပို့ပြီး မြသလွန်စေတီအဝင် ဘီလူး နှစ်ကောင်အနီးရှိ ဆိုင်ကယ်များအပ်နှံရာသို့ လမ်းမလျှောက် ချင်၍ လှေဖြင့်ပြန်လိုသူများကိုလည်း လှေစီးခ ငွေကျပ် ၃ဝဝ ဖြင့် ပြန်ပို့ပေးကြောင်း စက်လှေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးနုထံမှ သိရသည်။

မကွေးမြို့တွင် အဓိကလည်ပတ်ရန် နေရာများအဖြစ် ကမ်းနားလမ်းရှိ လက်ဖက်ရည်ဆိုင်များ၊ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံ၊ လွတ်လပ်ရေးကျောက် တိုင်ပန်းခြံ၊ ရွှေလင်မျှော်စေတီ နှင့် မြသလွန်စေတီမြတ်တို့သာ ယခင်ကရှိခဲ့ပြီး ယခုနောက်ပိုင်း တွင် နှီးဘုရား၊ ကံ့ကော်တစ်ထောင်နှင့် ဧရာဝတီမြစ် သောင်ပြင်တို့မှာလည်း လည်ပတ်သွားလာစရာ စာရင်းဝင်လာ ခဲ့ပြီဖြစ်သည်။
ဇေယျတု(မကွေး)မြန်​မာ့အလင်း

No comments:

Post a Comment