Latest News

Friday, February 9, 2018

ဗိုလ်တထောင်မြို့နယ်အတွင်း ငွေနှင့် ရွှေထည်ပစ္စည်း ၁၈၂ သိန်းကျော်ဖောက်ထွင်းခိုးယူခံရသည့်အမှုမှ ပြစ်မှု ကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က (၇) ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ဗိုလ်တထောင်မြို့နယ်အတွင်း ငွေနှင့် ရွှေထည်ပစ္စည်း ၁၈၂ သိန်းကျော်ဖောက်ထွင်းခိုးယူခံရသည့်အမှုမှ ပြစ်မှု ကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က (၇) ရက်အတွင်း  ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီလ  ၉

ဗိုလ်တထောင်မြို့နယ်၊အမှတ်(၄) ရပ်ကွက်တွင် အိမ်ရှင်များ မရှိခိုက်
နေအိမ်အတွင်းသို့ ဖောက်ထွင်း ဝင်ရောက်ပြီး ရွှေထည်၊ လက်ဝတ်ရတနာပစ္စည်းမျိုးစုံ ၊ Tablet နှင့် ငွေ စုစုပေါင်းတန်ဖိုး ၁၈၂ သိန်းခိုးယူ ပျောက်ဆုံး
သည့် အမှုမှ ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က
(၇) ရက်အတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃၀ ရက်နေ့  နေ့လည် ၃ နာရီအချိန်ခန့်က
ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက် နေ ဒေါ် ---- သည်
ဆံပင်ညှပ်ပြီး နေအိမ်သို့ ပြန်လာစဉ် နေအိမ်တိုက်ခန်း သံဘာဂျာတံခါးမှာ ပွင့်နေပြီး အတွင်း သစ်သားတံခါးမှာ အတွင်းမှ ဂျက်ထိုးပိတ်ထားကြောင်းတွေ့ရသဖြင့် ပိတ်ထားသည့် သစ်သားတံခါးကို ခဲအိုနှင့်အတူ ချိုးဖျက်ပြီးနေအိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ I Pad – SAMSUNG Galaxy Tab 5 ၁ လုံး၊ ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ (၁၇) မျိုး၊ တန်ဖိုး ၁၇၉ သိန်းနှင့် ငွေ ၃ သိန်း၊ စုစုပေါင်း ၁၈၂ သိန်း ခိုးယူပျောက်ဆုံးနေကြောင်း တွေ့ရသဖြင့် ဗိုလ်တထောင်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ (ပ) ၄၅ / ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှန်ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းအကူဌာနစုနှင့် အုပ်ချုပ်မှုအကူ တပ်ခွဲမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော အထူးအမှုစစ် အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ခိုးမှုများကျူးလွန်ပြီး အကျဉ်းထောင်များမှ  ပြန်လည်လွတ်မြောက်လာသူများကို ရဲစခန်းမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးဖော်ထုတ်ခဲ့ရာ နေ့အချိန်ဖောက်ထွင်းခိုးယူခဲ့ဘူးသည့် ပြစ်ချက်ဟောင်းရှိသူ အေးမင်းစိုး ကို မသင်္ကာဖွယ် စစ်ဆေးတွေ့ရှိရ၍ ၎င်းအား ၇.၂.၂၀၁၈ ရက်နေ့တွင် မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည်။

အေးမင်းစိုးအား စစ်ဆေးခဲ့ရာ ၃၀.၁.၂၀၁၈ ရက်နေ့ နံနက်ပိုင်းက
ဖောက်ထွင်းပစ္စည်းကိရိယာများ ယူဆောင်၍ ဗိုလ်တထောင်မြို့နယ်အတွင်းရှိလူမရှိသည့် တိုက်ခန်းအားအသင့်ပါလာသော သော့တုဖြင့် ဖွင့်၍ ဝင်ရောက်ခဲ့ကြောင်း၊ ရှေ့တံခါးကို အတွင်းမှ ဂျက်ထိုးကာ နေအိမ်အတွင်းရှိရွှေထည်ပစ္စည်းမျိုးစုံ ၊ Tablet နှင့် ငွေများ ခိုးယူခဲ့ပြီး နေအိမ်တိုက်ခန်းနောက်ဖေးအရေးပေါ် လှေကားမှ ဆင်း၍ ထွက်သွားခဲ့ကြောင်း ၊ ခိုးယူရရှိသည့် လက်ဝတ်ရတနာများကို ပေါင်နှံရောင်းချခဲ့ကြောင်း ပေါ်ပေါက်ပြီးအေးမင်းစိုးမှ  ဖောက်ထွင်း ခိုးယူခဲ့သည့် ရွှေထည်ပစ္စည်း၊  ငွေများ၊ သော့အတုများနှင့် ဖောက်ထွင်းရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ပါသည်။

အေးမင်းစိုးမှာ ၁၉၉၈ ခုနှစ်က ဖောက်ထွင်းခိုးယူမှုဖြင့် ထောင်ဒဏ် ၄၁ နှစ်ချမှတ်ခံရပြီး အကျဉ်းထောင်တွင် ၁၆ နှစ်ခန့် ပြစ်ဒဏ်ကျခံခဲ့ပြီး ၂၀၁၄ခုနှစ်တွင် နိုင်ငံတော် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာသူ တစ်ဦးဖြစ်ကြောင်း၊ ကျင့် ၄၀၁(၁) အရ စည်းကမ်းသတ်မှတ်ချက်ဖြင့်လွှတ်ထားသည့် ထောင်လွှတ် အကျဉ်းသားဖြစ်၍ ယခင်ပြစ်ဒဏ်များပြန်လည်ကျခံစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိရောက်ပြစ်ဒဏ်ရရှိရေးအတွက် ပြစ်ချက်ဟောင်းများဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် အခြားပြစ်မှုများ ကျူးလွန်ခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Yangon Police

No comments:

Post a Comment