Latest News

Thursday, February 15, 2018

ခွန်အား

ခွန်အား

ဘ၀တစ်ခုရပ်တည်ရတာ မလွယ်လှပါဘူး။ ဒီတော့ အဲဒီမလွယ်တဲ့ဘ၀ကို ဘာနဲ့ ဆက်လျှောက်မလဲ။ ဘယ်လိုဆက်ရင်ဆိုင်မလဲ။ ခွန်အားပေါ့။ စိတ်ခွန်အားပါပဲ။ အဲဒီစိတ်ခွန်အားကို တစ်ချို့က ငွေကရတယ်ထင်တယ်။ ဒါကြောင့် ငွေရှိအောင်ကြိုးစားတယ်။ တစ်ချို့က အာဏာကရတယ်ထင်တယ်။ ဒါကြောင့်အာဏာရအောင်ကြိုးစားတယ်။ တစ်ချို့က ပိုင်ဆိုင်မှုတွေကနေ ရတယ်ထင်တယ်။ ဒါကြောင့် ပိုင်ဆိုင်မှုတွေ တစ်ခုပြီးတစ်ခုတိုးရဖို့ ကြိုးစားကြတယ်။ သူတို့ကတော့ ရုပ်ဝတ္ထုကိုအားကိုးသူပေါ့။

သူတို့နဲ့မတူတာကတော့ တစ်ချို့က အချစ်ကိုလိုလားတယ်။ အချစ်ရှိရင် လုံခြုံတယ်လို့ခံစားရတယ်။ တစ်ချို့က မေတ္တာကိုတောင့်တတယ်။ တစ်ချို့က တရားကိုတောင့်တတယ်။ ဒီအထဲမှာ နောက်ဆုံးတစ်မျိုးက အလုံခြုံဆုံးပါပဲ။ ဒါပေမဲ့လည်း လူအများစုကတော့ အဲဒါက လုံခြုံမှုလို့ မခံယူပါဘူး။ အထီးကျန်စေသောအရာလို့လက်ခံပါတယ်။ အမှန်မှာတော့ သူတို့လုံခြုံရာ၊ အားကိုးရာထင်တဲ့ အရာတိုင်းအတွက် သူတို့ပူလောင်ရတယ်၊ စိတ်ပင်ပန်းမှုတွေပြန်ရတယ်ဆိုတာ သတိမထားမိကြပါဘူး။

တစ်စုံတစ်ရာကို တွယ်တာထားရင် အဲဒီတစ်စုံတစ်ရာမရှိတဲ့အခါ ခြောက်ခြားတော့တာပါပဲ။ ဒါကြောင့် လူအများစုဟာ ခြောက်ခြားသောနေ့တွေကို ကျော်ဖြတ်နေကြတာပါ။ တကယ့်အေးချမ်းလုံခြုံမှုကို မရကြပါဘူး။ ဘ၀ရပ်တည်မှုဟာ အင်မတန် လျှို့ဝှက်နက်နဲပါတယ်။ ကိုယ်တကယ်လိုအပ်တဲ့အရာကို မရတတ်ကြပဲ၊ မလိုချင်တာတွေကိုရနေတတ်တယ်လေ။ ရနေတဲ့အရာတွေက ကိုယ့်ကိုပြန်ခြောက်နေတတ်ပါတယ်။ ငွေတွေ၊ ဂုဏ်တွေကလည်း ပြန်ခြောက်လှန့်နေသလို၊ ကိုယ့်အနားမှာရှိတဲ့လူတွေကလည်း ပြန်ခြောက်လှန့်နေပြန်ပါရော။ ဖောက်ပြန်တတ်တဲ့အရာတွေဟာ ကိုယ့်ရဲ့စိတ်ကို အေးချမ်းမှုမပေးနိုင်ပါဘူး။

ဒါတွေကို သဘောပေါက်ဖို့ အချိန်လိုပါတယ်။ လေ့ကျင့်မှုလိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဘ၀က လန့်စရာ၊ ခြောက်ခြားစရာပါပဲ။ မယုံကြည်ရတဲ့လူတွေ ၀န်းရံနေတဲ့ဘ၀၊ မတည်မြဲတဲ့အရာတွေကို ကိုင်တွယ်အသုံးပြုနေရတဲ့ဘ၀တွေဟာ ချောက်ကမ်းပါးမှာ လမ်းလျှောက်နေရသလိုပါပဲ။ ဓားသွားပေါ်လမ်းလျှောက်နေသလိုပါပဲ။ ထိလွယ်ရှလွယ်ရှိလှပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့စိတ်ကို မတည်ငြိမ်စေတာပါပဲ။ မတူညီတဲ့ နောက်ခံအသိုင်းအ၀ိုင်းတွေနဲ့ မတူညီတဲ့ဘ၀တွေဟာ တကယ်တော့ စိတ်ဝင်စားစရာကောင်းသလို၊ တစ်ဘက်ကကြည့်တော့လဲ စိတ်ပျက်ငြီးငွေ့စရာတွေချည်းပါပဲ။

တစ်နေ့ ကိုယ်ဒီလောကကြီးကနေ ထွက်သွားရဦးမယ်၊ အားလုံးကို ကျောခိုင်းထားခဲ့ရဦးမယ်ဆိုတာကြီးက အမှန်တရားကြီးလေ။ ကိုယ့်စိတ်ကို ပြန်မခြောက်လှန့်စေမဲ့ စစ်မှန်တဲ့ အေးချမ်းမှုကို ကိုယ်ကိုယ်တိုင် လုပ်ယူမှရမှာပါ။ ဒီအတွက် စိတ်ခွန်အားရှိနေဖို့လိုပါတယ်။ အခုရှိနေတဲ့ ခွန်အားဟာ ထာဝရအတွက်လား၊ တစ်ဒင်္ဂအတွက်လား စမ်းစစ်ကြည့်ရပါမယ်။ ခွန်အားမရှိတဲ့စိတ်ဟာ အရှုံးပေးဖို့ အလားအလာများပါတယ်။ ဒါကြောင့် ဒီစိတ်ကို ခွန်အားရှိနေစေဖို့ အကောင်းဓာတ်ကိန်းအောင်လုပ်ရပါမယ်။

ဒါကတော့ မေတ္တာစိတ်ထားနေခြင်း၊ အရာရာကို ဆင်ခြင်တုံတရားနဲ့သာ ထိတွေ့ဆက်ဆံခြင်း၊ ပြောင်းလဲခြင်း သဘောတရားကို အမြဲဆင်ခြင်နေခြင်းက ခွန်အားတစ်မျိုးကို ရစေပါတယ်။ အဲဒီခွန်အားကတော့ ရယူဖို့မဟုတ်တော့ပဲ၊ စွန့်လွှတ်ဖို့ ဖြစ်လာပါလိမ့်မယ်။ စွန့်လွှတ်ဖို့ သတ္တိရှိနေခြင်း၊ စိတ်ခွန်အားဖြစ်နေခြင်းကတော့ တရားကသာပေးစွမ်းနိုင်တာပါ။ ဘယ်လိုရစေမယ်၊ ရနိုင်တယ်ကတော့ လက်တွေ့ကျင့်သုံးနေခြင်းကလွဲလို့ တစ်ခြားနည်းလမ်းမရှိပါဘူး။

လက်တွေ့အကျဆုံးနည်းကတော့ မေတ္တာဓာတ်အစစ်ရှိသူတွေနဲ့ များများပေါင်းနိုင်အောင်ကြိုးစားပါ။ လူဆိုတာ ဓာတ်တူချင်းသာပေါင်းလို့ရတာဆိုတော့ ကိုယ့်မှာ မေတ္တာအစစ်ရှိပြီဆိုရင် ဒီလိုလူစားမျိုးတွေ ရလာပါလိမ့်မယ်။ တရားကျင့်တယ်ဆိုတဲ့ စကားအမြင့်ကြီးမသုံးခင်မှာ၊ လက်တွေ့ကျကျ မေတ္တာနဲ့ လူတွေကို စောင့်ရှောက်ပါ၊ မေတ္တာဓာတ်ကျယ်ပြန့်လာစေမဲ့ နည်းလမ်းကို ရှာဖွေကျင့်သုံးပါ။ ဒီတော့မှ စိတ်ဓာတ်ခွန်အားတစ်မျိုးကို ရလာစေပါလိမ့်မယ်လို့ ပြောပါရစေ။

လူသားအားလုံး စိတ်ဓာတ်ခွန်အားရကြပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်

No comments:

Post a Comment