Latest News

Wednesday, February 14, 2018

ရေစကြိုမြို့နယ်မှ ကျောက်ဆစ်အနုပညာလုပ်ငန်း

ရေစကြိုမြို့နယ်မှ ကျောက်ဆစ်အနုပညာလုပ်ငန်း

ဘုရားမတင် နတ်မဝင် လူတွင်ဆယ်ပွင့်ပန်း ဟူသည့် သံပေါက် လင်္ကာအတိုင်း မြန်မာမှု လက်မှုအနုပညာ ပန်းဆယ်မျိုးအနက် ပန်းတမော့ပညာမှာ ကျောက်သားကို ပုံဖော်ထုဆစ် အလှဆင် ရသော လက်မှုအနုပညာရပ်တစ်မျိုးဖြစ်သည်။ ပန်းတမော့တွင် ပန် (သို့) ပန်းဆိုသည်မှာ မြန်မာစကားဖြစ်ပြီး လှပအောင် ပြုလုပ်သော အနုပညာကိုတင်စားခေါ်ဝေါ်ခြင်းဖြစ်ကာ တမော့ ဆိုသည်မှာ မွန်ဘာသာစကားဖြစ်ပြီး ကျောက်ဟု အဓိပ္ပာယ် ရသည်ဟု သိရသည်။ ထို့ကြောင့် ပန်းတမော့ဆိုသည်မှာ ကျောက် ကို လှပအောင် ထွင်းထုပြုလုပ်ခြင်းပညာဟု အဓိပ္ပာယ်ရသည်။

အဆိုပါ ပန်းတမော့ ကျောက်ဆစ်ထုလုပ်ခြင်းပညာသည် ကျောက်သားကိုထွင်းထုရသည့် လက်မှုပညာတစ်ခုဖြစ်ရာ မြန်မာနိုင်ငံတွင်ထွက်ရှိသော သဲကျောက်၊ စကျင်ကျောက်၊ သလင်းကျောက်၊ ထုံးကျောက်၊ ဂဝံကျောက်နှင့် နှမ်းဖတ် ကျောက်များကို ထွင်းထုပုံဖော်ကြလေ့ရှိသည်။

ရှင်မတောင် သဲကျောက်များ
ပန်းတမော့ပညာ ကျောက်ဆစ်လုပ်ငန်းကို ရေစကြိုမြို့နယ် တွင်  ရှင်မတောင်  တောင်မကြီးနှင့်  ဆက်စပ်လျက်ရှိသော တောင်ကြောများ၏    အောက်ခြေအနီးတွင်   တည်ရှိသော တောင်ဦးကျေးရွာအုပ်စု  မြေမလှကျေးရွာနှင့်  ခံစပ်တော ကျေးရွာတို့တွင် ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်လျက်ရှိ သည်ကို တွေ့ရသည်။
ရှင်မတောင် တောင်မကြီးတစ်ခုလုံးနှင့် တောင်စဉ်တောင် တန်းများသည် သဲကျောက်လွှာများဖြင့် ဖွဲ့စည်းထားရာ အဆို ပါ သဲကျောက်လွှာတောင်များပေါ်မှ ကျောက်ဆစ်ထုလုပ်၍ ကောင်းသည့် ကျောက်များကို တောင်များပေါ်သို့ သွားရောက် တူးယူကာ ထုဆစ်ရလေ့ရှိသည်ဟု သိရသည်။

သဲကျောက်ထုတ်ယူခြင်း
''ကျွန်တော်တို့ရွာနားက ရှင်မတောင်ရဲ့ တောင်ကြောထဲမှာ ပါတဲ့ ဇာလီတောင်ပေါ်ကို သွားပြီးတော့ ကိုယ်ထုမယ့် အရုပ် အရွယ်အစားနဲ့ ကိုက်ညီတဲ့ကျောက်တုံးကို တူးယူရပါတယ်၊ တောင်ပေါ်မှာရှိတဲ့ ကျောက်အားလုံးကတော့ ကျောက်ဆစ်ထု လုပ်လို့မရဘူး၊ သက်တမ်းနုတဲ့ကျောက်တွေက ရုပ်ပုံတွေကို ထုဆစ်လို့မကောင်းဘူး၊ သက်တမ်းရင့်တဲ့ကျောက်ကိုရအောင်  အောက်ခြေအထိတူးရတယ်၊ လိုချင်တဲ့အရွယ်အစားရအောင် ကျောက်ထုတ်ရတယ်၊ ပြီးတော့ သယ်ရတာလွယ်အောင်လို့ ကိုယ်လိုချင် တဲ့ပုံကြမ်းကို တောင်ပေါ်မှာတင် ပုံဖော်ထွင်းထု တယ်၊ ပုံကြမ်းရပြီဆိုမှ ကားနဲ့ဖြစ်ဖြစ် လူအားနဲ့ဖြစ်ဖြစ် တောင် အောက်က ကိုယ့်အိမ်ရောက်အောင် သယ်ယူရတာပါ၊  တောင် ပေါ်မှာ ကျွန်တော်တို့ ကျောက်ထုတ်တဲ့ ကျောက်တွင်းတွေရှိ တယ်၊ တချို့ ကျောက်ထုတ်တဲ့တွင်းတွေဆိုရင် အောက်ဆီဂျင် တောင် သိပ်မရချင်ဘူး၊  မှောင်မည်းနေတဲ့အထိ နက်တယ်''ဟု  မြေမလှကျေးရွာမှ  ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းဝင်းအောင်က ပြောသည်။

အဆိုပါ တောင်ဦးကျေးရွာအုပ်စုမှ ကျောက်ဆစ်လုပ်ငန်း ပြုလုပ်သူများသည် ကနုတ်ပန်းများထုလုပ်ခြင်း၊ ဘုရားရုပ်တု နှင့်  အခြားပုံတူရုပ်တုအမျိုးမျိုးတို့ကို    ပုံဖော်ထုလုပ်ခြင်း၊ ကျောက်ပြားများပေါ်တွင်  ရုပ်လုံး၊  ရုပ်ြ<ွကများထုလုပ်ခြင်း စသည့် ပန်းတမော့ပညာအမျိုးမျိုးကို လုပ်ကိုင်ကြလျက်ရှိကြ သည်ဟု သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ
“ပုဂံ၊ ရန်ကုန်ဘက်က ဟိုတယ်တွေကလည်း သူတို့လိုချင် တဲ့ အရုပ်တွေ မှာတယ်၊ မင်းတပ်တို့ ကန်ပက်လက်တို့ကလည်း ကျောက်ဆစ်ရုပ်တွေ မှာတယ်၊ တခြားမြို့တွေမှာလည်း ဗုဒ္ဓဝင် ခန်းတွေ ထုပေးရတယ်၊ တော်တော်များများကတော့ ဗုဒ္ဓဝင် ခန်းတို့၊ ဘုရားရုပ်တုတို့ ထုပေးရတာများတယ်၊ ရေစကြိုမြို့နယ် အနေနဲ့ကတော့    ဒီနှစ်ပိုင်းတွေမှာ    ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေ အမှာများလို့ ထုပေးရတယ်၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကတော့ မှာတဲ့သူမရှိလည်း ကြိုတင်ပြီးထုထားလို့ရတယ်၊ အချိန်တန်ရင် ဝယ်တဲ့သူက ရောက်လာတာပဲ၊  ၆ပေအမြင့်ရှိတဲ့ မတ်တတ်ကုတ်အင်္ကျီနဲ့ဗိုလ်ချုပ်ရုပ်တုဆိုရင် ရှစ်သိန်းခွဲယူတယ်၊ ၅ပေအရုပ်ဆိုရင် ခြောက်သိန်းခွဲယူတယ်၊ ဟိုတယ်တွေကမှာ ရင်တော့ ပုဂံသူရုပ်တုတို့၊ ဘီလူးရုပ်တို့ တခြား သူတို့လိုချင်တဲ့ ပုံတွေကိုလည်း ထုပေးရတယ်၊ ရွာမှာတင် အချောထုပြီးတော့ မှာတဲ့နေရာရောက်အောင် ကားနဲ့သယ်ပါတယ်၊ ကျောက်ဆစ် ပုံထုခကိုတော့ ထုရတဲ့ အရုပ်အရွယ်အစားနဲ့ လုပ်ရတဲ့ အနု စိတ်လက်ရာအပေါ် မူတည်ပြီးတော့ ပိုက်ဆံဈေးဖြတ် ယူပါ တယ်''ဟု ဦးသိန်းဝင်းအောင်က ပြောသည်။
လုပ်ငန်းကျဆင်းလာ
ယခုနှစ်များအတွင်းတွင်မူ သဲကျောက်ရုပ်တုများအစား ဘိလပ်မြေဖြင့် ပြုလုပ်သည့် ရုပ်တုများ၊ ကနုတ်လက်ရာများက နေရာယူလာသဖြင့် သဲကျောက်ပန်းတမော့ပညာ ကျောက် ဆစ်လုပ်ငန်းများမှာ ကျဆင်းလာလျက်ရှိသည်ဟု သိရသည်။

''လူတော်တော်များများက  ကျွန်တော်တို့  သဲကျောက် ကျောက်ဆစ်ကို သိပ်မသိကြဘူး၊ လူသိနည်းတယ်၊ စကျင် ကျောက်နဲ့ထုကြတာပဲ လူသိများတာ၊ ဒါ့အပြင် ဒီနှစ်တွေမှာ ဘိလပ်မြေနဲ့လုပ်တဲ့ ရုပ်တုအမျိုးမျိုးလုပ်ငန်းတွေလည်း များ လာတော့  သဲကျောက်အရုပ်ထက်  ဘိလပ်မြေအရုပ်တွေက ဈေးပိုချိုတော့ ကျွန်တော်တို့ သဲကျောက်ကျောက်ဆစ်လုပ်ငန်း က သိပ်စီးပွားမဖြစ်ချင်တော့ဘူး၊ ဘိလပ်မြေနဲ့ ကနုတ်ပန်း ဖော်တာက ပုံစံခွက်ရှိရုံနဲ့ရတာဆိုတော့ လုပ်ရတာလည်းလွယ်၊ မြန်မြန်လည်းပြီး ဈေးကလည်းချိုတာကိုး၊ ကျွန်တော်တို့ သဲ ကျောက်  ကျောက်ဆစ်ကတော့  သုံးပေဆိုက်လောက်ရှိတဲ့ ဘုရားတစ်ဆူထုပြီးအောင် ခုနစ်ရက်လောက် ထုရတယ်၊ အဲဒီ တော့ ကျွန်တော်တို့ သဲကျောက်ကျောက်ဆစ်က ဘိလပ်မြေ ရုပ်တုနဲ့စာရင် ဈေးများတာပေါ့''ဟု ဦးသိန်းဝင်းအောင်က ဆက်လက်ပြောပြသည်။

ပညာဆက်ခံလိုသူလည်း နည်းပါး
လက်ရှိအချိန်တွင် သဲကျောက် ကျောက်ဆစ်လုပ်ငန်းမှာ လူသိနည်းလျက်ရှိနေသလို ဘိလပ်မြေအသုံးပြုသည့် ရုပ်တု များနှင့် ကနုတ်ပန်းများကြောင့် လုပ်ငန်းများကျဆင်းလာရာ အဆိုပါ ကျောက်ဆစ်ပညာကို ဆက်ခံလိုသူလည်း နည်းပါး လာလျက်ရှိသည်ဟု သိရသည်။
''ကျွန်မတို့ ဘိုးဘွားလက်ထက်ကတည်းက ဒီသဲကျောက် ကျောက်ဆစ်လုပ်ငန်းကို လုပ်လာခဲ့ကြတာ၊ အဖေ့လက်ထက် ကနဲ့စာရင်  အခုလုပ်ငန်းက  မှာတဲ့သူ  တစ်ဝက်လောက်ကို လျော့ကျသွားတယ်၊ ဒီလုပ်ငန်းကို ပညာသင်ချင်တဲ့သူလည်း မရှိကြတော့ဘူး၊ ရွာထဲက အရွယ်ရောက်တဲ့ကလေးတွေက လည်း တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတွေမှာ အလုပ်သွားလုပ် ကြတော့တာ၊ ကျန်တဲ့ကလေးတွေကိုလည်း ပညာလည်းသင် ပေး နေ့စားလည်းပေးတာတောင် မသင်ချင်ကြတော့ဘူး၊ သဲ ကျောက်ကျောက်ဆစ်ပညာကို ဆက်ခံချင်တဲ့သူ စိတ်ဝင်စား တဲ့သူ မရှိတော့ဘူး''ဟု ဒေါ်ညိုနွဲ့က ပြောသည်

တောင်ဦးကျောက်ဆစ်လုပ်ငန်း
အဆိုပါ မြေမလှကျေးရွာတွင် ယခုအခါ၌ သဲကျောက် ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးသာရှိပြီး ခံစပ်တော ကျေးရွာတွင် ငါးဦးခန့်သာရှိတော့သည်ဟု သိရသည်။ အဆိုပါ ကျေးရွာထွက် ကျောက်ဆစ်ရုပ်တုများသည် ဈေးကွက်တွင် ကျေးရွာအလိုက် နာမည်မပေါက်ဘဲ ကျေးရွာအုပ်စုအမည်ဖြင့် တောင်ဦးကျောက်ဆစ်လုပ်ငန်းဟု လူသိများကာ အဆိုပါ ကျေးရွာများအနီးရှိ တောင်စဉ်တောင်ကြောများကိုလည်း တောင်ဦးကျေးရွာအမည်ကို အစွဲပြုပြီး တောင်ဦးတောင်ဟူ၍ ခေါ်ဝေါ်ကြသည်ဟု သိရသည်​။ အိမွန်ဆွေ (ရေစကြို)မြန်​မာ့အလင်း

No comments:

Post a Comment