Latest News

Monday, February 26, 2018

ဖေဖေကြီးကို ချစ်တယ် - ​ဆောင်းပါး

ဖေဖေကြီးကို ချစ်တယ် - ​ဆောင်းပါး

Facebook  ပေါ်တက်လာသည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပြီး ရင်ထဲမကောင်းပါ။ ဝတ္ထုမဟုတ်သော နိုင်ငံရပ်ခြားက  အဖြစ်အပျက်လေးတစ်ခု၊ ထို့ထက်ဆိုးရွားသော ဖြစ်ရပ် တွေ အများကြီးရှိသော်လည်း  အဆိုပါသတင်းလေးသည် စာရေးသူ၏  နှလုံးသားကို အတော့်ကို လှုပ်ခတ်သွားစေခဲ့သည်။

ဖြစ်ရပ်က   ရိုးရိုးလေးဖြစ်သော်လည်း တစ်မျိုးလေးတော့ဆန်းသည်။  ဖခင်လုပ်သူက ကားဝါသနာအိုး၊ ခေတ်စကားဖြင့်ပြောရလျှင်   ကား  Crazy  ဖြစ်ပုံရသည်။  ဝယ်လိုက် ရောင်းလိုက်ဖြင့်  အသစ်အသစ်တွေကိုင်ရင်း    တစ်နေ့အိမ်စီးကားသစ်လေးတစ်စီး ဝယ်လာခဲ့သည်။   ကားသစ်လေးကို   တစိမ့်စိမ့်ကြည့်မဝ၊  ခြင်ထောင်ချသိပ်မတတ် တယုတယ၊ သမီးဖြစ်သူက ကျောင်းနေစ ပြောတတ်ဆိုတတ်၊ ရေးတတ်ဖတ်တတ်စအရွယ် လူမမယ်။ တစ်နေ့သောနံနက်ခင်း ဖခင်နှင့်သမီးတို့ ရယ်ရယ်မောမောပြောဆိုနေကြရင်း ဖခင်လုပ်သူက သီချင်းလေးတအေးအေးဖြင့် သူ့ကားလေးကိုသ၊ သမီးဖြစ်သူက အနားမှာ ပြေးလွှားဆော့ကစား၊ မြင်ကွင်းလေးက ကြည်နူးစရာ၊ မကြာမီအရုပ်ဆိုး အကြည်းတန်လှ သည့် ကြမ္မာဆိုးဝင်ရောက်လာတော့မည်ဆိုသည်ကိုတော့ သားအဖနှစ်ဦးစလုံး မသိရှာ၊ ကိုယ့်ပီတိနှင့်ကိုယ် ရှိနေကြခိုက် သမီးဖြစ်သူက မည်သို့အတွေးပေါက်သည်မသိ၊ ပြေးလွှား ဆော့ကစားနေရာမှ ခဏရပ်ပြီး ဖခင်ဖြစ်သူ၏ ကားရှိရာသို့ လှမ်းလာ၍ အနီးရှိ သံချွန် တစ်ချောင်းဖြင့်  ကားကို စိတ်တိုင်းကျ တဂျစ်ဂျစ်ရေးခြစ်လေတော့သည်။ ဖခင်ဖြစ်သူက လည်း သူ့အာရုံနှင့်သူ  အလုပ်ရှုပ်နေရာက အသံကြား၍ လှည့်ကြည့်လိုက်သောအခါ မျက်လုံးများပြာဝေသွားပြီး ဘာကိုမှမမြင်တော့ချေ။ ငယ်ထိပ်ြေ>ွမပေါက် ဒေါသတို့အထွတ် အထိပ်ရေ
ာက်လေပြီ။ ဘာမပြော ညာမပြော သမီးဖြစ်သူကို ဆောင့်ဆွဲလိုက်ရင်း နီးစပ်ရာ ကားပြင်သည့်ခွတို့ဖြင့် စိတ်ရှိလက်ရှိ သမီး၏လက်ကို ထုရိုက်လေတော့သည်။ သမီးဖြစ်သူမှာ နာကျင်လွန်း၍ ငယ်သံပါအောင် အော်ဟစ်ငိုကြွေးရင်း မျက်ရည်များနှင့်  တစ်ကိုယ်လုံး ရွှဲနစ်နေတော့၏။ သမီးငယ်၏ နုနယ်သောလက်ချောင်းလေးများကား အညိုအမည်းစွဲရင်း ရစရာမရှိအောင် ကြေမွသွားလေသည်။ ဖခင်လုပ်သူသည် သတိလက်လွတ်လုပ်မိရာက သတိပြန်ဝင်လာသည့်အခါ သမီးဖြစ်သူကိုပွေ့ချီ  ကားပေါ်တင်ပြီး  နီးစပ်ရာဆေးရုံသို့ အမြန်ပို့လေ၏။ ဆေးရုံတာဝန်ကျဆရာဝန် ဆရာမများကလည်း ရောက်သည်နှင့် ချက်ချင်း အစွမ်းကုန်ကြိုးစားကုသကြသော်လည်း ကလေးငယ်ရရှိထားသည့် ဒဏ်ရာသည် ဝန်နှင့် အားမမျှ၊ ကျိုးကြေမွနေသည့်အတွက် လက်ချောင်းလေးများ  ပြန်ဆက်ဖို့ရာ မဖြစ်နိုင် တော့ချေ။ တစ်ဖန်  ထိုအတိုင်းထားပြန်ကလည်း ကျန်သောကိုယ်အင်္ဂါ အစိတ်အပိုင်းများ ထိခိုက်သွားနိုင်သည်။ သို့ဖြစ်၍ အားချင်းဆိုသလို လက်ကောက်ဝတ်မှဖြတ်လိုက်ရသည်။ ဖခင်လုပ်သူသည် ယူကြုံးမရ သွေးရူးသွေးတန်းဖြင့်  အရူးကြီးပမာ ရုတ်ချည်းအိမ်ကို ပြန်ပြေးလေ၏။ အိမ်ပြန်ရောက်သည်နှင့်  သူအင်မတန်မြတ်နိုးတွယ်တာလှသည့်ကားကို ထုရိုက်ကန်ကျောက် ဖျက်ဆီးပစ်တော့သည်။ ထိုစဉ်သမီးငယ် သံချွန်ဖြင့် ရေးခြစ်သွားေ

သာ နေရာလေးကို  သတိပြုမိပြီး အသေအချာဖတ်ကြည့်လိုက်သည့်အခါ''I Love my dad'' ဖေဖေ့ကိုချစ်တယ် အဓိပ္ပာယ်ရသည့်  စာသားကို တွေ့လိုက်ရသည်။ သင့်၏  မသင့်၏ မစဉ်းစားတတ်သေးသည့်၊ ဖခင်အပေါ် သိပ်ချစ်ကြောင်းပြလိုသည့်   သမီးငယ်အပေါ် အရက်စက်ဆုံး ပြုမူခဲ့မိပြီ။ ဖခင်ဖြစ်သူသည် လှိုက်၍လှိုက်၍  ရင်ထဲဆို့တက်လာသည့် ဝေဒနာကို ဆက်လက်ခံစားဖို့ရာ မစွမ်းသာ၊  ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတော့သည်။ အတိတ်ဝဋ်ကြွေးဟုပင် ဆိုရမည်လား၊ သဗ္ဗေသတ္တာ ကံမသကာ၊ သတ္တဝါတစ်ခု ကံတစ်ခုဟု ဆိုကြသော်လည်း မဆင်ခြင်မိုက်မှား   ဖခင်လုပ်သူ၏ ပစ္စည်းပေါ်တပ်မက်လွန်းသည့် လောဘ၊ ခက်ထန်လွန်းသည့် ဒေါသ၊ အမှားအမှန်ဆင်ခြင်နိုင်စွမ်းမရှိသည့်  မောဟတို့ ကြောင့် လျှပ်တစ်ပြက်အတွင်း မထင်မှတ်ဘဲ ဘဝပျက်ခဲ့ကြရသည်။

ဒေါသသည် လွန်စွာကြောက်မက်ဖွယ်ရာကောင်း၏။ ရှို့မီးလောင်စာနှင့်တူပြီး အဆိုး ဘက်သို့သာ ဦးတည်လေ့ရှိသည်။ ထိုဖြစ်ရပ်လေးမှာ ဖခင်လုပ်သူသည် ဆင်ခြင်တုံတရား မဲ့သူဖြစ်သော်လည်း သမီးလေးအပေါ် မေတ္တာမဲ့သူကားမဟုတ်။ မေတ္တာမဲ့ပါက ထိုသူသည် နောင်တရစရာ၊ ကြေကွဲစရာအကြောင်းမရှိ။  ဒေါသရှေ့ထား မှားတတ်ကြသော်လည်း လောက၌ သားသမီးအပေါ် မေတ္တာပျက်သည့်၊ မုန်းတီးသည့် မိဘဟူသည်မရှိ။ သားသမီး များအပေါ်ထားရှိသည့် မိဘတို့၏ မေတ္တာတရားကား အတိုင်းအဆမရှိ ကြီးမားလှသည်။ သို့ဖြစ်၍ ဗုဒ္ဓဘုရားရှင်က မိဘများကို အနန္တဂိုဏ်းဝင်အဖြစ် သတ်မှတ်ဟောကြားတော်မူခဲ့သည်။

တချို့သောမိဘများ သားသမီးကို ကောင်းစေချင်၍ ဆိုဆုံးမကြရာက လက်လွန် ခြေလွန်ဖြစ်ပြီး သားသမီးများ အပြင်းအထန်ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း စသည့် သတင်းများ မကြာခဏ မကြားချင်ဘဲ ကြားနေရသည်။ သတိလက်လွတ် မဖြစ်သင့်ကြပေ။ နောင်မှ   နောင်တရသည့်အဖြစ်ဆိုးမျိုး  မကြုံကြစေလို။ ထိုဆန္ဒဖြင့် ဤဆောင်းပါးကို ရေးသားရပါသည်။

အဆိုတော် ကိုမြကြီး သီဆိုထားသည့် ''ဖေဖေကြီးကိုချစ်တယ်'' သီချင်းထဲကလို ကြည်နူးပြုံးပျော်စရာကောင်းသည့် မိသားစုဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ.....
The Mirror Daily

No comments:

Post a Comment