Latest News

Sunday, February 18, 2018

ပင်လယ်ငါးထက်များလာမယ့် ပလတ်စတစ် - ​ဆောင်းပါး

ပင်လယ်ငါးထက်များလာမယ့် ပလတ်စတစ် - ​ဆောင်းပါး

''မိနစ်တိုင်းမှာ    ပလတ်စတစ်  အမှိုက်ကား တစ်စီးစာဟာ ချောင်းတွေ၊ မြစ်တွေကတစ်ဆင့် ပင်လယ်သမုဒ္ဒရာထဲ  စွန့်ပစ်ခံနေကြရပါ တယ်၊  ဒီမိနစ်တိုင်း ကားတစ်စီးရဲ့ ပမာဏ ဟာ တစ်နှစ်ကို  ရှစ်ဘီလီယံတန်နဲ့ ညီမျှပြီး ပလတ်စတစ်အမှိုက်ရဲ့ ၉ဝ ရာခိုင်နှုန်းဟာ ကမ္ဘာ့အထင်ကရ မြစ်ကြီး ၁ဝ စင်းက မျောပါလာပါတယ်၊      မြစ်ကမ်းများ တစ်လျှောက် လူဦးရေ ထူထပ်စွာ နေထိုင်ကြ ခြင်းဟာ ဒီအမှိုက်တွေ ဖြစ်ပေါ်လာရခြင်းရဲ့  အဓိကအကြောင်းရင်းဖြစ်ပါတယ်''လို့ ဂျာမနီ နိုင်ငံ    Helmholtz Centre   သဘာဝ ပတ်ဝန်းကျင်   သုတေသနဌာနက   Herr Christian  Schmidt ကVOA ဌာနနဲ့ ဆွေးနွေးခန်းတစ်ခုမှာ ပြောခဲ့ပါတယ်။ ဒီမြစ် ကြီး ၁ဝ စင်းကတော့ အာဖရိကတိုက်က အထင်ကရဖြစ်တဲ့  နိုင်းလ်(Nile)နဲ့ နီဂါ (Niger)မြစ်နှစ်စင်းဖြစ်ပြီး ကျန်တဲ့ ရှစ်စင်း ကတော့ အာရှတိုက်   အိန္ဒိယက   ဂင်္ဂါမြစ် (Garges)၊ အိန္ဒုမြစ်(Indus)၊ တရုတ်ပြည်က မြစ်ဝါမြစ်(Yellow)၊ ယန်ဇီမြစ်(Yangtze)နဲ့    အမူးမြစ်(Amur)တို့ပဲ ဖြစ်ကြပါတယ်။ အခုဖော်ပြတဲ့ ပလတ်စတစ်အမှိုက်တွေဟာ မြစ်ရေတွေနဲ့ မျောပါလာတာတွေသာဖြစ်ပြီး  မြစ်အသီးသီးရဲ့ ရေဝေရေလဲတွေ၊ ရေတိမ် ဒေသတွေမှာ ဘယ်လောက်ကျန်ခဲ့တယ်ဆို တာကို ဘယ်သူမှ ခန့်မှန်းလို့မရပါဘူး။

ကမ္ဘာ့ဒေသအသီးသီးက တိုးတက်ဖွံ့ဖြိုး လာတာနဲ့အမျှ ပလတ်စတစ်လို စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဟာလည်း အရေးပါလာကြောင်း ဒီစွန့်ပစ် ပလတ်စတစ်တွေက မီးမောင်းထိုးပြ နေပါတယ်။ ဒီပြဿနာတွေကို ဖွံ့ဖြိုးစနိုင်ငံ တွေမှာ ကြုံတွေ့ရသလို အဘက်ဘက်က တိုးတက်နေတဲ့ ဂျာမနီလို နိုင်ငံတွေမှာလည်း လိုအပ်ချက်ရှိနေဆဲပါပဲ။ ပင်လယ်သမုဒ္ဒရာ တွေထဲ တိုးပွားလာတဲ့ ပလတ်စတစ်စွန့်ပစ်မှု ဟာ ရေနေသတ္တဝါတွေရဲ့ ဂေဟစနစ်နဲ့ အသက်ရှင်နေထိုင်မှုကို တစ်နေ့ထက်တစ်နေ့ ခြိမ်းခြောက်လာပါတယ်။    အထူးသဖြင့် ကော့စမစ်တစ်လို အလှကုန်ထဲပါတဲ့ မိုက်ခရို ပလတ်စတစ်တွေကို  စားသုံးမိတဲ့  လူတွေရဲ့ ပင်လယ်စာတွေထဲမှာ       ဒီသေးငယ်တဲ့ ပလတ်စတစ် အစပေါင်း တစ်သောင်းခန့် တွေ့ရှိ တယ်လို့ ဘယ်လ်ဂျီယံကGhent  တက္ကသိုလ် ရဲ့ သုတေသနထဲမှာ ဖော်ပြထားပါတယ်။

ယနေ့  ကမ္ဘာအနှံ့သုံးစွဲနေတဲ့  ပလတ် စတစ်ရဲ့  ငါးရာခိုင်နှုန်းကိုသာ  ပြန်သုံးနိုင်ပါ သေးတယ်။  ၂ဝ၁၅ ခုနှစ်မှာ    သုံးစွဲခဲ့တဲ့ ပလတ်စတစ်ရဲ့ ပမာဏခန့်မှန်းတန်ချိန် ၃၂၂ သန်း ရှိပြီး လာမယ့် ၂ဝ၅ဝ ပြည့်နှစ်မှာ ငါးဆ တိုးလာလိမ့်မယ်လို့ သုတေသီ Herr Schmidt  က ခန့်မှန်းထားပြီး ပလတ်စတစ် သန့်ရှင်းရေး ကို စမ်းသပ်တွေ့ရှိလာလိမ့်မယ်လို့ မျှော်လင့် ကြောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့သမုဒ္ဒရာတွေရဲ့      ရေပြင်အနှံ့မှာ ဒီပလတ်စတစ်အမှိုက်တွေဟာ ပျံ့နှံ့လွင့်မျော နေပြီး  ပစိဖိတ်သမုဒ္ဒရာအလယ်မှာ ဧရာမ ကျွန်းမျောကြီး   ဖြစ်နေပါတယ်။  သမုဒ္ဒရာ ရေလှိုင်းက အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်လိုက်ရင် ဒီကျွန်းမျောရဲ့ အစိတ်အပိုင်းအချို့ဟာ ပင်လယ် ရေလှိုင်းနဲ့       အဝေးကို   လွင့်မျောသွားပြီး လူအများ အပန်းဖြေတဲ့ ပင်လယ်ကမ်းခြေတွေနဲ့ သမုဒ္ဒရာထဲ ထီးထီးတည်ရှိနေတဲ့ ကုန်းတွေ ပေါ် ရောက်ရှိသွားကြလို့  ဒီပလတ်စတစ် အမှိုက်တွေကို စီမံချက်နဲ့ အခါအားလျော်စွာ ရှင်းလင်းနေကြရပါတယ်။ ပင်လယ်ထဲ မျောနေ တဲ့ ပလတ်စတစ်အမှိုက်တွေကို အစာအမှတ်နဲ့ စားမိတဲ့    ကမ္ဘာ့ပင်လယ်လိပ်ကောင်ရေ တစ်ဝက်ကျော်နဲ့ ပင်လယ်ပျော်ငှက် တော်တော် များများရဲ့ အစာအိမ်ထဲ ရောက်ရှိသွားပါတယ်။

တကယ်လို့ ဒီပလတ်စတစ်အမှိုက်တွေကို စုစည်းလို့ရရင် ကမ္ဘာ့သမုဒ္ဒရာတွေနဲ့ ကုန်းပိုင်း မြေကို ပိုင်းခြားနိုင်မယ့် တံတိုင်းရှည်ကြီးတစ်ခု တည်ဆောက်နိုင်မှာ  ဖြစ်ပါတယ်။  လက်ရှိ ထုတ်လုပ်သုံးစွဲတဲ့နှုန်းအတိုင်း   ဆက်လက် ထုတ်လုပ်သုံးစွဲနေမယ်ဆိုရင် လာမယ့် ၂ဝ၅ဝ ပြည့်နှစ်မှာ  ပင်လယ်သမုဒ္ဒရာအတွင်းမှာရှိတဲ့ ငါးတန်ချိန် ပမာဏထက် ပလတ်စတစ်အမှိုက် ရဲ့ ပမာဏဟာ ကျော်လွန်သွားနိုင်တယ်လို့ သုတေသီများက    သုံးသပ်ထားပါတယ်။ သုတေသီတွေရဲ့  သုံးသပ်ချက်အရ  ကမ္ဘာ တစ်ဝန်း   ပလတ်စတစ်သုံးစွဲမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ အထက် အဆ ၂ဝ  တိုးမြင့်လာခဲ့ ပြီး လာမယ့် ၂ဝ၅ဝ ပြည့်နှစ်မှာ ၂ဝ၁၄ ခုနှစ် ထက် သုံးဆ တိုးမြင့်လာနိုင်ကြောင်း ဖော်ပြ ထားပါတယ်။ ဒါ့ကြောင့်မို့ ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင်အစီအစဉ်  (United Natians Environment programme) ကို တက်ရောက် ခဲ့တဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ပလတ် စတစ်လျှော့သုံးရေး၊ ပင်လယ်သမုဒ္ဒရာတွေ ထဲ ပလတ်စတစ်စွန့်ပစ်မှုကို    တားဆီးရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နိုင်ငံပေါင်း ၂ဝဝ မြောက်တဲ့ နိုင်ငံအနေ နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့   ဗြိတိန်နိုင်ငံအနေနဲ့ ပလတ်စတစ်လျှော့ချသုံးစွဲရေးကို ရည်ရွယ် ပြီး ပလတ်စတစ်အိတ်သုံးစွဲမှုအပေါ် အခွန် ငွေ ငါးပဲနိ စတင်ကောက်ခံနေပါပြီ။ အလား တူပဲ  ပလတ်စတစ်ထုတ်လုပ်တဲ့ ကော်စေ့ ထုတ်လုပ်မှုကိုလည်း ကန့်သတ်ထားပါတယ်။ ဝန်ကြီးချုပ် ထရီဇာမေကလည်း  နိုင်ငံခြားမှ ဝင်လာမယ့် ထောက်ပံ့ငွေတွေကို ပလတ်စတစ် ကြောင့် ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းမှုတွေကို လျော့ပါးရေးစီမံကိန်းတွေမှာ    သုံးစွဲဖို့ တိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင်အစီအစဉ်မှ လက်မှတ်ရေးထိုး ထားကြတဲ့ နိုင်ငံပေါင်း ၂ဝဝ က ပလတ်စတစ် အမှိုက်တွေကို သိမ်းဆည်းနိုင်သမျှ သိမ်းဆည်း ဖို့၊ ပြန်သုံးလုပ်ဖို့၊ တစ်ကြိမ်ထက်မက ပြန်သုံး နိုင်မယ့် ပလတ်စတစ်မှအပ ထုပ်ပိုးပစ္စည်းတွေ  စမ်းသပ်သုံးစွဲဖို့နဲ့ ပလတ်စတစ်အမှိုက်တွေကို     ပင်လယ်သမုဒ္ဒရာထဲ   မဝင်ရောက်နိုင်ဖို့  အစီအမံတွေကို  စတင်လုပ်ကိုင်နေကြပါပြီ။

ကျွန်တော်တို့      မြန်မာနိုင်ငံရဲ့  စီးပွားရေးမြို့တော်  ရန်ကုန်မြို့အပါအဝင် မြို့တွေမှာ  ရေမြောင်းထဲ  စွန့်ပစ်ကြတဲ့ ပလတ်စတစ်အမှိုက်တွေကြောင့် ရေမြောင်း တွေပိတ်ဆို့ပြီး    ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့နေရတာကို အစိုးရအနေနဲ့  နည်းလမ်း ပေါင်းစုံနဲ့   ဖြေရှင်းဆောင်ရွက်နေတာကို သတင်း၊ မီဒီယာတွေမှာဖတ်ရှုကြည့်မြင်သိရှိ ရပါတယ်။ ပရဟိတအဖွဲ့အစည်းတွေကလည်း စေတနာထားပြီး ပလတ်စတစ်အမှိုက်တွေ   ကောက်နေတာကိုလည်း နေ့စဉ် တွေ့မြင်ရပါ တယ်။ ဒါပေမယ့် ဒီပလတ်စတစ် အမှိုက်တွေ ဟာ လျော့ပါးသွားခြင်းမရှိတဲ့ စွန့်ပစ်မြဲတိုင်း စွန့်ပစ်နေတာကို    တွေ့ရှိနေရပါတယ်။  ကမ္ဘာတစ်ဝန်း ပလတ်စတစ်အမှိုက် လျော့ပါး ကင်းစင်ရေး ဆောင်ရွက်နေချိန်မှာ   မြန်မာ နိုင်ငံအနေနဲ့ အစိုးရ၊ ပြည်သူ၊ ပရဟိတအဖွဲ့ အစည်းများ တက်ညီလက်ညီ  ပူးပေါင်းပါဝင် နိုင်ဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။     ။  စောမိုးမြင့်(သတ္တုတွင်း)​ကြေးမှုံ

No comments:

Post a Comment