Latest News

Tuesday, February 27, 2018

" ပျောက်ကွယ်လု မီးဖုန်းတော်အလှူပွဲ"

" ပျောက်ကွယ်လု မီးဖုန်းတော်အလှူပွဲ"

 တပို့တွဲလသည် မြန်မာပြက္ခဒိန်အရ ဆယ့်တစ်လမြောက်လဖြစ်သည်။ ထန်းပင်မှ ထန်းဖူးများ၊ ထန်းခိုင်တံတို့ အောက်သို့ ကိုင်းညွတ်တွဲကျသော ရာသီဖြစ်သောကြောင့် ထန်းပို့တွဲမှ တပို့တွဲဟု ခေါ်ဝေါ်ဆင်းသက်လာကြောင်း၊ မြန်မာစာဆိုများက ညွှန်းဆိုထားသည်။  မြန်မာမူဗေဒင်အရ ကုံရာသီဟု ခေါ်၍ စန်းယှဉ်နက်္ခတ်မှာ မာဃနက်္ခတ်ဖြစ်ပြီး ယှဉ်သော တာရာမှာ ချိန်တာရာဖြစ်သည်။ ရာသီရုပ်မှာ ရေထမ်းသမား ရုပ်ဖြစ်ပြီး ပေါက်ပန်း၊ လဲပန်း၊ လက်ပံပွင့်များ ပွင့်သော ရာသီဖြစ်သည်။ အေးချမ်းလှသော ဆောင်းရာသီကို နှုတ်ဆက်၍ ဂိမာန်နွေဦး ကူးပြောင်းရာ အချိန်လည်းဖြစ်၍ ဤရာသီတွင် ““တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါ”” ဟု ဆိုရိုးနှင့်အညီ ကျွဲချိုပင် တုန်ခိုက်အောင်အေးသည်။ နောက်ဆုံး နှုတ်ဆက်ဆောင်းက အစွမ်းကုန် ချမ်းပြရာ အချိန်လည်း ဖြစ်သည်။  နှာရည်ယိုရွှဲ တပို့တွဲဟုပင် တင်စားကြသည်။  ကောက်ညှင်းဆန်၊ မြေပဲ၊ နှမ်း စသော ကောက်ဦးသီးနှံသစ်ပေါ်ချိန်လည်း ဖြစ်သော ကြောင့် ထမင်းနှဲထိုးပွဲ ကျင်းပ၍ ဘုရားရှင်ကို ကပ်လှူပူဇော် ပွဲတော် ကျင်းပရာ ချိန်ခါလီလည်းဖြစ်သည်။ ရှေးခေတ်က တပို့တွဲလ၌ ယာဂုပွဲ ဆင်နွှဲသည်ဟု ကုန်းဘောင်ခတ် မဟာရာဇ၀င်တော်ကြီးတွင် ဖော်ပြထားသည်။ ယာဂုမှာ ဆန်ကို ကျိုချက်သော ဆန်ပြုတ်နှင့် ကောက်ညှင်းကို ထိုးသော ထမနဲ ဟူ၍ ရှိသည်။ နှစ်မျိုးလုံးကို ကပ်လှူဒါန်းခဲ့ကြသည်။ တပို့တွဲလပြည့်နေ့တွင် မြန်မာပြည်အနှံ့ ထမနဲပွဲများ ကျင်းပကြသည်။ နှမ်းဆီ၊ နှမ်း၊ ကောက်ညှင်းဆန်၊ မြေပဲဆံ၊ အုန်းသီး တို့ကို ဒယ်အိုးထဲတွင် ထည့်၍ အရသာစပ်ကာ မီးပြင်းပြင်းဖြင့် ဗလတောင့်သော ယောက်ျားကြီးများက တစ်ယောက်တစ်လှည့် ယောက်မကြီးများဖြင့် မွှေကာ ချွေးတလုံးလုံးဖြင့် ချက်ပြုတ်ကြသည်။ အချို့နယ်များတွင် ထမနဲကို ယှဉ်ပြိုင်ထိုး၍ ပြိုင်ပွဲများကျင်းပကြသည်။ ဆီနိုင်နိုင်ဖြင့် ထမနဲ ထိုး၍ ဘုရားနှင့် သံဃာတော်များအား ကပ်လှူပြီး အိမ်နီးချင်းများကို ဝေငှသည့် ဓလေ့ကလည်း ချစ်စရာ မြန်မာ့ စိတ်ရင်း  ဖြစ်သည်။  ထမနဲပွဲနှင့်အတူ ကျင်းပသည့် ဗုဒ်္ဓဘုရားကို နံ့သာများ မီးရှို့၍ ပူဇော်သောမီးဖုန်းပွဲမှာ လူသိနည်းသော ပွဲတော်တစ်ခုအဖြစ် ယနေ့ခေတ်တွင် တည်ရှိနေသည်။ ယခုခေတ် လူငယ်များကြားတွင် ထမနဲ ပွဲသာလူသိများပြီး ဘုရားရှင်အား ရည်စူးပူဇော်သော မီးဖုန်းပွဲမှာ အသိနည်းပြီး တိမ်မြှုပ်ပျောက်ကွယ်လျှက် ရှိနေသည်။

  --မီးဖုန်းတော်ပွဲသမိုင်း
 မီးဖုန်းတော်ပွဲကို တစ်ချို့ဒေသများ၌ ဖျားမီးကပ်ပွဲ၊ မီးလှုံ့ပွဲ၊ မီးပုံပွဲ၊ မီးဖုန်းအလှူပွဲ ဟူ၍ ခေါ်ဝေါ်ကြသည်။ တပို့တွဲလပြည့်နေ့ရောက်တိုင်း နံ့သာထင်းမီးများကို မိမိတို့ ရပ်ရွာရှိ ဘုရားများတွင် မီးရှို့ပူဇော်ကြသည်။ ပုဂံခေတ် ကတည်းက ကျင်းပလေ့ရှိကြောင်း သိရသည်။ မီးဖုန်းပွဲ ကျင်းပရခြင်းမှာ မြတ်စွာဘုရားရှင်လက်ထက်က ၀ိနည်းအရ တပည့်ရဟန်းတို့ကို မီးလှုံ့ခြင်း၊ မပြုရန် တားမြစ်ခဲ့သည်။မီးသည် မျက်စိနှင့် မသင့်၊ အဆင်းပျက်ခြင်း၊ ခွန်အား ဆုတ်ယုတ်ခြင်း၊ မီးလှုံရင်းနှင့် အတူ အပေါင်းအဖော်တို့နှင့် အကျိုးမရှိ သိမ်ဖျင်းသော စကားများပြောဆို မွေ့လျော် ခြင်းတို့ကြောင့် ခွင့်မပြုခဲ့ပေ။  သို့သော် တပို့တွဲမှ တပေါင်းလသို့ အကူးအပြောင်းကာလသည် အလွန်အေးမြသောကြောင့် တပည့်ရဟန်းများကို မီးလှုံ့ခွင့် ပေးရုံမက ကိုယ်တော်တိုင်လည်း ခြေတော်လက်တော်တို့ကို မီးရှိန်တော်ခံခဲ့သည်။ ဤသည်ကို အစွဲပြု၍ ရှေးမြန်မာကြီးများက မြတ်ဗုဒ်္ဓအား ရည်မှန်း၍ ဘုရား၊ ကျောင်း၊ တန်ဆောင်း၊ စေတီများရှေ့တွင် မီးဖိုကြီးများပြုလုပ်ရန် မီးဖုန်းတော်ကုသိုလ်အလှူကို တီထွင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

-မီးဖုန်းတော်ပွဲဘယ်လိုကျင်းပကြသလဲ
 မီးဖုန်းတော်အလှူပွဲကို ရှေးခေတ်က မြန်မာဘုရင်များကိုယ်တိုင် ဦးစီး၍ ခမ်းခမ်းနားနား ကျင်းပခဲ့ကြသည်။ မြန်မာပြည်ကြီး အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘ၀ မကျရောက်မီ အချိန်ထိ နောက်ဆုံးမင်းဆက်ဖြစ်သော ကုန်းဘောင်ခေတ်နောင်းပိုင်း သီပေါဘုရင်လက်ထက်တွင်ပင် မီးဖုန်းပွဲနှင့် ယာဂုပွဲတော်ကြီးကိုနှစ်စဉ် ကျင်းပခဲ့ကြောင်း၊ ကုန်းဘောင်ဆက်မဟာရာဇ၀င်တော်ကြီးတွင် မှတ်တမ်း ပြုထားသည်ကို တွေ့ရသည်။ မြန်မာပြည်အောက်ပိုင်း ကရင်ပြည်နယ်နှင့် ထားဝယ်ဒေသတို့၌ မီးဖုန်းတော် အလှူပွဲကို ယခင်က ကြီးကျယ်ခမ်းနားစွာ ကျင်းပလျှက်ရှိခဲ့ ကြသည်။ မီးဖုန်းပွဲကျင်းပရန် တပို့တွဲလပြည့်မတိုင်မီ လူငယ်လူရွယ်များစု၍ တောအတွင်း နံ့သာထင်းများကို သွားရောက်ခုတ်ယူကြသည်။ ထို့နောက် ဘုရားကျောင်းကန်ရှေ့တွင် စုပေါင်း၍ လပြည့်ည၌ မီးဖိုကာ ပူဇော် ကြသည်။ ထင်းမီးဖို တစ်ထောင်၊ယာဂုအိုး တစ်ထောင်၊ ထန်းစင် တစ်ထောင် စီမံ၍ ပူဇော်ခဲ့ကြသည်။ အချို့နယ် များတွင် မီးပူဇော်ရန် ပင်လုံးချောသော သက်ရင့်ပင်များကို ခုတ်၍ မြေတွင် စိုက်ထူထားသည်။ အောက်ခြေတွင် အမွှေးနံ့သာများ ဖြန်းထားသော ထင်းများကို စုပုံ၍ လပြည့်နေ့ နံနက် ဝေလီဝေလင်းအချိန်တွင် ရဟန်းရှင်လူတို့ မြတ်ဗုဒ်္ဓကို ရည်မှန်း၍ ရှိခိုးကန်တော့ကြသည်။ ထို့နောက် ဦးဆောင်ဆရာတော်က မီးစတင်ရှို့လိုက်ရာ ကျန်လူများက နီးစပ်ရာ ထင်းပုံများကို အလုအယက် ဦးအောင် မီးရှို့ကြကြောင်း မှတ်သားရသည်။

-မီးဖုန်းတော်အလှူပွဲကို ပြန်လည်အသက်သွင်းကျင်းပခဲ့သည့် စုဖုရားလတ်
 ကိုလိုနီခေတ် အင်္ဂလိပ်လက်အောက်သို့ နှစ်ပေါင်းတစ်ရာကျော်တိုင် ကျရောက်ခဲ့သော မြန်မာပြည် သည် ရိုးရာဓလေ့ ထုံးစံအချို့ ကွယ်ပျောက်ခဲ့ရသည်။ တောနယ်အချို့တွင်သာ မြန်မာ့ရိုးရာပွဲတော်များကို ကျင်းပလျှက်ရှိသည်။ မြို့ကြီးများတွင် လူစုလူဝေး ဖြစ်လာမည်စိုး၍ အင်္ဂလိပ်အာဏာပိုင်တို့က ခွင့်မပြုခဲ့သောကြောင့် ရိုးရာ ပွဲများမှာ ပျောက်ကွယ်ခဲ့ရခြင်းဖြစ်သည်။  ပျောက်ကွယ်ခဲ့သော မီးဖုန်းတော်အလှူပွဲလည်း ပါဝင်သည်။ နန်းချခံရပြီး အိန်္ဒိယနိုင်ငံသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့သော သီပေါဘုရင်၏ မိဖုရားခေါင်ကြီး စုဖုရားလတ်သည် မောင်တော် သီပေါဘုရင် နတ်ရွာစံပြီးနောက် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ထိုစဉ် တပို့တွဲလပြည့်နေ့နှင့် ကြုံကြိုက်၍ ယခင် ဘုန်းမီးနေလတောက်စဉ်က ကျင်းပခဲ့သည့် မီးဖုန်းတော်အလှူပွဲကြီးကို ကျင်းပလိုစိတ် ပြင်းပြစွာ ရှိခဲ့သည်။ ထို့ကြောင့် နန်းမတော်ကြီးအလိုကျ နောက်ပါခြွေရံများက ရန်ကုန်ရွှေတိဂုံဘုရားကြီး ရင်ပြင်တွင် နံ့သာ (၁၀)မျိုးဖြင့် မီးဖုန်းတော် အလှူပွဲကြီးကို (၁၉၂၂)ခုနှစ်က ပြန်လည်ကျင်းပလိုက်ရာမှ မြန်မာတို့၏ စိတ်သံဌာန်တွင် မီးဖုန်းတော် အလှူပွဲကြီးကို ပြန်လည် မြင်ယောင်လာပြီး ယနေ့ထက်တိုင် မြို့ရွာများ၌ ကျင်းပနေခဲ့ ခြင်းဖြစ်ကြောင်း မှတ်သားရမိသည်။

-ယနေ့ခေတ်မီးဖုန်းတော်အလှူပွဲ

မီးဖုန်းတော်အလှူပွဲကို ယနေ့ခေတ်တွင် မြန်မာပြည်အထက်ပိုင်း အညာဒေသအချို့သာ အစဉ်အလာမပျက် ကျင်းပနေကြသည်။ လူသိနည်းသော ရာသီပွဲဖြစ်နေခဲ့သည်။လူငယ်အများစုသည်လည်း ရိုးရာအတိုင်း ကျင်းပသည်ဟု အထင်ရောက်ကာ မီးဖုန်းတော်အလှူပွဲဟူ၍ပင် အမည်ခေါ်ဝေါ်ကြောင်း မသိတော့ပေ။ မီးဖုန်းတော်ပွဲကျင်းပရာ နံ့သာဆယ်မျိုးနေရာတွင်လည်း ဈေးသက်သာသော သနပ်ခါး ထင်းများကို အစားထိုး၍ ပူဇော်လာသည်ကို တွေ့ရသည်။ သနပ်ခါးပင်များ ပေါရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများတွင် ယနေ့ထက်တိုင် ကျင်းပနေကြသေးကြောင်း သိရသည်။ မုံရွာမြို့ရှိ ထန်းတောရပ်ကွက်၊ နန်းဦးဘုန်းကြီးကျောင်းတွင်လည်း တပို့တွဲလပြည့်နေ့၌ မီးဖုန်းတော်အလှူပွဲကို ရိုးရာ မပျက် ကျင်းပဆဲဖြစ်ကြောင်း သိရသည်။
 ““ဘုရားရှင်က လေးပါသော မဟာဘူတ မျှတစေဖို့ ခြေတော်လက်တော်တွေကို မီးကင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို ရည်စူးပြီး မီးဖုန်းတော်ပွဲ ပြုလုပ်တာပါ။ ခုခေတ်ကလေးတွေက မသိကြတော့ဘူး။ အဖွားတို့ရပ်ကွက်က ရပ်ကွက်ဘုရားပွဲနဲ့ လပြည့်နေ့တိုက်လို့ သနပ်ခါးထင်းလှူရတယ်ဆိုပြီး သိကြလို့ လှူတာပဲရှိတယ်။ မီးဖုန်းတော်ပွဲလို့ မသိကြဘူးဟု ထန်းတောရပ်ကွက်မှ အသက်(၈၀)အရွယ် အဖွားတစ်ဦး က ပြောသည်။
 ဘာသာတရားနှင့်ယှဉ်တွဲ၍  ကျင်းပသော ရိုးရာဓလေ့ မီးဖုန်းတော်အလှူပွဲကိုထမနဲပွဲတော် ကဲ့သို့ လူသိများ၍ ပြန်လည်ကျင်းပလာစေရန် ရည်သန်၍  ဤဆောင်းပါးရေးသားလိုက်ရပါသည်။
 ကိုသစ္စာ(မုံရွာ)

No comments:

Post a Comment