Latest News

Tuesday, February 27, 2018

ရန်ကုန်မြို့ပြခေတ်မီလှပဖို့ စည်းကမ်းလိုက်နာထိန်းသိမ်းစို့

ရန်ကုန်မြို့ပြခေတ်မီလှပဖို့ စည်းကမ်းလိုက်နာထိန်းသိမ်းစို့

ရန်ကုန်မြို့ပြ၏ မြို့လယ်ဖြစ်သော  ဆူးလေ ခုံးကျော် တံတားပေါ် တွင် ရုံးပိတ်ရက်ဖြစ်၍ ပြည်သူများ ရုံးဖွင့် ရက်ထက် စည်ကားလျက်  ရှိသည်။    ထိုခုံးကျော်တံတားကြီးကို   စတုရန်းပုံ  တည်ဆောက်ပြီးနောက်ပိုင်း လမ်းလေးဖက်သို့ ဖြတ်သန်းသွားလာကြသော အများပြည်သူ  စိတ်အေးချမ်းသာ စွာဖြင့်  သွားလာကြလျက်ရှိသည်။ အချို့မှာ ခုံးကျော်တံတားကြီးပေါ်မှ ရွှေရောင် လွှမ်းလျက်ရှိသည့် ဆူးလေစေတီတော်ကို ဖူးမြော်နေကြသည့်နည်းတူ အချို့မှာ သိမ်ကြီးဈေးဘက်သို့  တရွေ့ရွေ့ဖြင့်  မောင်းနှင်နေကြသော   လိုင်းကားများနှင့်  ယာဉ်များ စီစီရီရီ သွားလာနေမှုကို  ဖုန်းကင်မရာဖြင့်   မိမိကိုယ်တိုင်ပုံဖြင့်  လည်း ကောင်း၊ သူငယ်ချင်းများဖြင့် လည်းကောင်း၊ ကင်မရာဖြင့်လည်းကောင်း မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးကြလျက်ရှိသည်။ အချို့က မိုးမျှော်ဟိုတယ်ကြီးများနှင့် မြို့လယ် ရုပ်ရှင်ရုံများကို ခုံးတံတားပေါ်မှ မြို့ပြ၏အလှကို ခံစားကြလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံခြားသားများလည်း အဆိုပါဆူးလေခုံးကျော်တံတားပေါ်မှ ရန်ကုန်မြို့ပြ၏အလှကို မှတ်တမ်းတင် ကြည့်ရှုခံစားကြလျက်ရှိသည်။
 ရန်ကုန်မြို့လယ်ဖြစ်၍ နေ့စဉ်လူစည်ကားရာ  နေရာဖြစ်သည့် အပြင် ယာဉ်မပြတ်သွားလာသော နေရာဖြစ်သောကြောင့်  ကိုယ်စီကိုယ်စီ မြို့ပြ စည်းကမ်းနှင့် မိမိအသိစိတ်ကို ရင်ဝယ်ပိုက်လျက် သွားလာကြလျက်ရှိသည်။ အများ ပြည်သူသွားလာသည့် ပလက်ဖောင်းပျောက်နေသော ရန်ကုန်မြို့လယ်နှင့် ကားလမ်း ပခုံးများတွင် ငွေပေး၍ ရပ်နားထားသော မြို့လယ်လမ်းများကြောင့် ယာဉ်များ သွားလာရေး အခက်အခဲကြုံနေရသည့်တိုင် ကိုယ်စီကိုယ်စီအသိစိတ်ဖြင့် အဆင်ပြေ စွာဖြင့် သွားလာမောင်းနှင်ကြလျက်ရှိသည်။ ရန်ကုန်မြို့လယ် ပြည်သူလျှောက်သော   ပလက်ဖောင်းလမ်းများ ယခင်လို လွတ်လပ်စွာ သွားလာလိုကြသည်မှာ ရန်ကုန်မြို့နေ ပြည်သူတို့ အသီးသီးဆန္ဒရှိကြမည်သာ ဖြစ်သည်။ ထိုနည်းတူ ရာသီဥတုပူပြင်းလာ သော ရန်ကုန်မြို့ ကားလမ်းပေါ်တွင် မီးပွိုင့်အားလုံးတွင်သာမက မောင်းနှင်ရာ ကား လမ်းပေါ်တွင် တလှုပ်လှုပ်ဖြင့် သွားလာနေရသော စိတ်ဒုက္ခခံစားနေရသော လိုင်းကား စီး ခရီးသည်များ နေ့စဉ်ဆုတောင်းနေတတ်သည်မှာ ရန်ကုန်မြို့ယာဉ်ကြောရှင်းလင်း ပြီး လိုရာခရီး  မြန်မြန်ရောက်ပါစေဟူသော ဆုမှလွဲ၍ အခြားမရှိနိုင်ပေ။ ကောင်း မွန်သောစနစ်တစ်ခုသို့ ပြောင်းလဲရာတွင် အစိုးရတစ်ရပ်တည်း ဖော်ဆောင်၍ မရနိုင် ဘဲ ပြည်သူအပေါင်း ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိမည်သာ ဖြစ်သည်။
မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ၊ ဆူးလေစေတီတော်နှင့် ဆူးလေခုံးကျော် တံတားပေါ်တို့တွင် နံနက် ပိုင်းနှင့်    ညနေပိုင်းတို့၌ လာရောက်အပန်းဖြေသူတို့ဖြင့် ရန်ကုန်မြို့လယ်သည် စည်ကားမြဲ ဖြစ်သည်။  အထူးသဖြင့်  ဖြူဖွေးလှပ စွာ ခြယ်သထားသော ဆူးလေခုံးကျော် တံတားကြီးမှာ     မြို့ပြ၏ကျက်သရေ ကို ဆောင်လျက်ရှိသည်။ ထိုတံတားကို အောက်ဘက်    ယာဉ်ကြောရှုပ်ထွေးမှု ကြောင့် အများပြည်သူ      ယာဉ်အ္တရာယ် ကင်းရှင်းစေရန် ခုံးကျော်တံတားပေါ်မှ သွားလာနိုင်ရန် တည်ဆောက် ထားခြင်းပင်  ဖြစ်သည်။ သို့သော် တံတားအောက်မှ ပြည်သူအချို့မှာ လမ်းပေါ်မှ ယာဉ်များကြားတွင် တိုးဝှေ့သွားလာနေကြသည့်နည်းတူ ဆူးလေခုံးတံတား၏ လူသွား စကြံင်္ပေါ်တွင်လည်း   ကွမ်းတံတွေးများ  စွန့်ပစ်ထားသည်ကို   တွေ့မြင်ရလျက်  ရှိသည်။  နိုင်ငံခြားသားခရီးသွားတို့ ထိုတံတားပေါ်မှ လာရောက်လေ့လာကြလျက် ရှိရာ ခုံးတံတားပေါ်မှ ကွမ်းတံတွေးတို့ကြောင့် ရန်ကုန်မြို့ပြအလှကို ထိခိုက်စေမည်မှာ အမှန်ပင်ဖြစ်သည်။ အမှိုက်စွန့်ပစ်ရန်  အမှိုက်ပုံးများ   လူသွားလမ်း  လေးဖက် လေးတန်တွင် ထားရှိရန်လည်း လိုပါသည်။ တံတားပေါ် အမှိုက်စွန့်ပစ်ရန် လှေကား အတက်၊ အဆင်းတို့တွင် ထားရှိရန်လိုအပ်မည်ဖြစ်သည်။ အမှိုက်ပုံး နည်းသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ   အများပြည်သူသွားလာသော  လူကူးခုံးကျော် တံတားပေါ်တွင် ကွမ်းတံတွေးမထွေးသင့်သည်မှာ  အမှန်ပင်ဖြစ်သည်။ မိမိမြို့ပြကို  မိမိကိုယ်တိုင်    ထိန်းသိမ်းစောင့်ရှောက်မှုမရှိလျှင် အခြားသူများလည်း တန်ဖိုးထားမည် မဟုတ်သည် ကို သတိပြုသင့်ပေသည်။
ဆူးလေခုံးကျော်တံတားပေါ်မှဆင်း၍ ၃၃ လမ်းသို့ သွားလာရာတွင် ပလက် ဖောင်းပေါ်မှ ဈေးသည်များကို  တွေ့မြင်ရသည့်အပြင် ရန်ကုန်မြို့လယ်တွင် ဆိတ်များ ထားရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မြို့ပြ၏ဂုဏ်ကို ထိန်းသိမ်းရန် အလေးမမူ ခြင်းထက် လျစ်လျူရှုထားခြင်းသည် ရန်ကုန်မြို့လယ်၏အလှကို အရောင်ဆိုးစေ  လျက်ရှိသည်။ ၃၃ လမ်းထိပ်၊ ၃၄ လမ်းထိပ်တို့တွင်
သူ့ထက်အပြိုင်  လမ်းပေါ်ဈေးသည်များ  ဖွင့်လှစ်ထားခြင်းကြောင့် လမ်းအတွင်း ဝင်၊ ထွက်သွားလာကြသည့် အများပြည်သူ အခက်အခဲရှိနေမည်မှာ   အမှန်ပင်ဖြစ်သည်။ သို့သော် မည်သူမျှ ထိရောက်စွာ  ယနေ့တိုင် ရှင်းလင်းဆောင်ရွက်နိုင်မှု  မရှိသည့် အတွက်   ရန်ကုန်မြို့လယ်  လမ်းထိပ်တို့တွင် ဈေးသည်မျိုးစုံ အခြေချရောင်းချနေခြင်းပင် ဖြစ်မည်။
၃၄ လမ်းကျော်တွင်  မဟာဗန္ဓုလပန်းခြံလမ်းရှိပြီး ထိုလမ်းထိပ်တွင်   ဈေးတန်း  ပမာ ဖွင့်လှစ်ထားသော ထမင်းဆိုင်တို့ကြောင့် ချောင်ချိစွာ သွားလာနိုင်သော မူရင်း ကားလမ်းမှာ ယာဉ်တစ်စီးသွားလာရန်အတွက်ပင်  အခက်တွေ့နေရလျက်ရှိသည်။ ထိုလမ်းနှစ်ဖက်ရှိ ကားလမ်းအစပ်တို့တွင် ထမင်းဆိုင်များ စီစီရီရီ ဖွင့်လှစ်ထားလျက် ရှိပြီး လူသွားလမ်းပလက်ဖောင်းပေါ်တွင်လည်း  ပလက်ဖောင်းဘေးဈေးဆိုင်များမှ  ပလက်ဖောင်းပေါ်ထိ ခုံများချ၍ ဖွင့်လှစ်ထားကြသည့်အတွက် လူတစ်ယောက်စာပင် သွားလာမရအောင်  အခက်ကြုံတွေ့နေရလျက်ရှိသည်။  နိုင်ငံခြားသားများလည်း ထိုလမ်းကျဉ်းကျဉ်းပေါ်တွင် မိမိတို့ခန္ဓာကိုယ်ကို ကျုံ့၍ သွားလာနေကြရလျက်ရှိသည်။  ကားလမ်းပေါ်   ထမင်းဆိုင်၊ ကွမ်းယာဆိုင်တို့ကြောင့် ပလက်ဖောင်းပေါ်မှ သွားမည်  ဆိုသော်လည်း ပလက်ဖောင်းပေါ်တွင်လည်း ဈေးဆိုင်များ တိုးချဲ့ ဖွင့်လှစ်ထားသော ကြောင့်  ရန်ကုန်မြို့တွင်း  သွားလာနေကြသော ပြည်သူများတို့မှာ ထိုပလက်ဖောင်း ပေါ်တွင်လည်း လမ်းသွားရင်း အသက်ရှူမဝ ဖြစ်နေကြလျက်ရှိသည်။
ရန်ကုန်မြို့လယ်သည် အများပြည်သူသွားလာရာ၊ လေ့လာအပန်းဖြေရာနေရာ အဖြစ် ယနေ့တိုင် စည်ကားနေဆဲဖြစ်သည်။ ဆူးလေလူကူးခုံးကျော်တံတားပေါ်တွင် ကွမ်းတံတွေးများ စွန့်ပစ်ခြင်း၊ မြို့လယ်တွင် တိရ္ဆာန်များထားရှိခြင်းနှင့် လူသွားလမ်း နှင့်လမ်းထိပ်တို့တွင် ထမင်းဆိုင်၊ ကွမ်းယာဆိုင်၊ မုန့်ဟင်းခါးဆိုင်နှင့် အခြားဈေးဆိုင် များ ဖွင့်လှစ်ခြင်းကြောင့်  မြို့ပြအလှကို ထိခိုက်စေလျက်ရှိပြီး အများပြည်သူသွားလာ ရေး အခက်အခဲ  ဖြစ်ပေါ်စေလျက်  ရန်ကုန်မြို့၏  အလှကိုလည်း  ထိခိုက်စေလျက် ရှိသည်။
ကိုယ်စီကိုယ်စီ စည်းကမ်းလိုက်နာမှု အားနည်းလာခြင်းသည် မိမိမြို့၏ဂုဏ်ကို ထိခိုက်စေခြင်းပင်ဖြစ်သည်။  လွန်ခဲ့သော  အတိတ်ကာလ  ရန်ကုန်မြို့လယ်ကဲ့သို့  မြို့တွင်း သန့်ရှင်းသာယာလှပလျက်  ယာဉ်သွားလာမှုချောမွေ့ကာ အများပြည်သူ သွားလာသော ပလက်ဖောင်းများ စိတ်အေးချမ်းသာစွာ သွားလာနိုင်မှုကို ရန်ကုန်မြို့နေ ပြည်သူတို့ ပြန်လည်တောင့်တနေကြမည်မှာ အမှန်ပင်ဖြစ်သည်။
သို့ဖြစ်၍  ရန်ကုန်မြို့ပြ  ခေတ်မီလှပမှုကို  ဆက်လက် ထိန်းသိမ်းသွားနိုင်ရန် ကိုယ်စီကိုယ်စီ စည်းကမ်းလိုက်နာခြင်းဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြပါစို့ဟု ရေးသား လိုက်ရပါသည်။           ။
သန်းထိုက်(လှိုင်သာယာ)မြန်​မာ့အလင်း

No comments:

Post a Comment