ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ရှဗွေယန်မြို့တွင် မြို့တွင်းလမ်း နှင့် ရပ်ကွက်များရှိလမ်းများ၊ တံတားများဆောက်လုပ်နေခြင်းဖြင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေကြောင်းသိရှိရသည်။
အဆိုပါဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇန်န၀ါရီလကစတင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ အစိုးရဘတ်ဂျတ်ငွေဖြင့် လုပ်ဆောင်နေကြောင်း တနိုင်းမြို့နယ် မဲဆန္ဒအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း ထံမှသိရသည်။
“ကျွန်တော်တို့ဒီလုပ်ငန်းကို ၂၀၁၇-၂၀၁၈ အစိုးရဘပတ်ဂျတ်နဲ့လုပ်တာပါ၊ န.တ.လ.ရံပုံငွေအနေဖြင့် လမ်း အရှည်ပေ၂၀၇၀ဖိုး ကုန်ကျခံထားပါတယ်၊ စည်ပင်ရန်ပုံငွေက သိန်း(၁၅၀၀) ကုန်ကျခံထားတယ် ပြီးတော့ ကျွန်တော် တို့ လွှတ်တော်ရံပုံငွေကိုလည်း (၄)ရပ်ကွက်စလုံးမှာ အသုံးပြုထားပါတယ် "ဟု တနိုင်းမြို့နယ် မဲဆန္ဒအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း ကပြောသည်။
ရှင်ဗွေယန်မြို့တွင် ရပ်ကွက်စုစုပေါး(၄)ရပ်ကွက်ရှိရာ ယခင်မြေသား သက်သက် လမ်းများအပေါ် ကျောက်ချော ခင်းခြင်း၊ ကွန်ဂရက်လောင်းခြင်း လုပ်ငန်းများကို ယင်းဒေသခံပြည်သူများ၏ နေ့စားလုပ်အားဖြင့် လုပ်ဆောင်နေ ကြောင်း လမ်းကိုယ်စားလှယ် ဦးသန်းမြင့် ကပြောသည်။
“ကျွန်တော်တို့လမ်းအကျယ်(၁၂)ပေအကျယ်ရှိပါတယ်၊ တစ်နေရာနဲ့တစ်နေရာမတူပါဘူး၊ တစ်ချို့နေရာမှာ ကျောက်ချောခင်းတယ်၊ တစ်ချို့နေရာကျတော့ ကွန်ဂရက်လောင်းပါတယ်"ဟု လမ်းကိုယ်စားလှယ် ဦးသန်းမြင့် ကပြောသည်။
ယခင်နှစ်များတွင် ရပ်ကွက်များရှိလမ်းများမှာ မြေသားသက်သက်ဖြစ်ခြင်း၊ ရေစီးမြှောင်းများရှိ တံတားငယ် များမှာ အဆင်မပြေခြင်းတို့ကြောင့် မိုးတွင်းကာလတွင် ဒေသခံပြည်သူများ သွားလာရန်ခက်ခဲပြီး ယခုကဲ့သို့ လမ်း တံတားများ တည်ဆောက်ပေးခြင်းတို့ကြောင့်ဒေသခံပြည်သူများ ဝမ်းသာလျှက်ရှိကြောင်းသိရှိရသည်။
“ကျွန်တော်တို့နေ့စားခ(၇၀၀၀)ရပါတယ်၊ ခုလမ်းတံတားတွေလုပ်နေပြီ ဆိုတော့ရမ်းဝမ်းသာပါတယ်၊ အရင်က မိုးတွင်းဆို ကလေးတွေ ကျောင်းသွားရတာ လုံးဝအဆင်မပြေဘူး၊ ရွံ့ဗွတ်တွေအရမ်းထူတယ် အခုလမ်းခင်းလိုက်ပြီ ဆိုတော့ မိုးတွင်းလည်းပူစရာမလိုတော့ဘူး "ဟု အမှတ်(၄)ရပ်ကွက်နေ ဦးဇော်ယောင်း ကပြောသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းတံတားလုပ်ငန်းတွင် လိုအပ်သော စက်ယန္တရားများကို တင်ဒါအောင် ကုမ္ပဏီမှအသုံးပြုထားပြီး ဒေသခံပြည်သူများ၏နေ့စားလုပ်အားဖြင့် ဝိုင်းဝန်းဆောင်ရွက်နေကြောင်း သိရှိရသည်။(မြန်မာ့အလင်း)
No comments:
Post a Comment