Latest News

Wednesday, February 28, 2018

ချင်းပြည်နယ် ၀န်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့်​ တွေ့ဆုံမေးမြန်းခန်း


ချင်းပြည်နယ် ဒေသအတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ လမ်ပန်းဆက် သွယ်မှုအခြေအနေ၊လျှပ်စစ်မီးရရှိမှု၊သဘာဝပတ်ဝန်းကျင်အခြေအနေများနှင့် ပတ်သက်ပြီး ချင်းပြည်နယ် ၀န်ကြီးချုပ် ဆလိုင်းလျန်လွယ်အား ပြည်သူ့အရေးမှ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြ လိုက်သည်။
မေး - ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်လာတဲ့ ၂ နှစ်တာ ကာလမှာ ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့အနေနဲ့ စိတ်ကျေ နပ်တဲ့ လုပ်ဆောင်ချက်က ဘာလဲ၊ လုပ်မပေးနိုင်ပဲ အားမရဖြစ်တာက ဘာရှိမလဲ။
ဖြေ - လမ်းပန်းဆက်သွယ်ရေးက အခက်အခဲဆုံး။ အဲကိစ္စကို ကျွန်တော်တို့ အစိုးရလက်ထက်မှာ လေကြောင်း လိုင်းနဲ့ ပြည်တွင်း/ပြည်ပကို ဆက်သွယ်လို့ရအောင် လေယာဉ်ကွင်း တည်ဆောက်နေတယ်။ လေယာဉ်ကွင်း တည်ဆောက်ခွင့်ပေးဖို့ သမ္မတကြီး၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေကို တင် ပြတဲ့အခါမှာ ခွင့်ပြု တယ်။ ဖလမ်းလေယာဉ်ကွင်းက ပထမတွက်ချက်က ၃၇ ဘီလီယံလောက် ကုန်မယ်။ ၃၇ ဘီလီယံနဲ့ ၂၅ ဘီလီ ယံကျပ်လောက် ကုန်မယ်ဆိုပြီးတော့ တွက်ချက်ပြီး တည်ဆောက်နေတယ်။အဲဒီ လေယာဉ်ကွင်းအောင်မြင် သွားပြီဆိုရင်တော့ ပြည်တွင်း/ပြည်ပ သွားလာနိုင်မယ်ဆိုတဲ့အခါကျတော့ ချင်းပြည်ဟာ ကုန်းပိတ်အနေအထား ကနေ ပင်လယ်ထွက်ပေါက်လည်းရှိမယ်။ လေကြောင်းလိုင်းကလည်း အိန္ဒိယ၊ တရုတ်၊ထိုင်း စသဖြင့် နိုင်ငံ တကာနဲ့ ဆက်သွယ်နိုင်မယ်။ နောက် ရန်ကုန်၊မန္တလေး၊ ကလေး စသဖြင့် ပေါ့ ဆက်သွယ်ခွင့်ရမယ်ဆိုရင် အဲဒီ အပေါ်မှာ တော်တော်လေးကို ကျနော်တို့ အားတက်တယ်။ ကျနော်တို့ အစိုးရ  လက်ထပ်မှာ အမြန်ဆုံး ပြီး အောင်လည်း ကြိုးစားနေတယ်။ အဲဒါ မကြာခင်တော့ ကျနော်တို့ ဖွင့်နိုင်မှာ ၂၀၂၀ -၂၁ နောက်ဆုံး အဲဒီ မတိုင် ခင်မှာလည်း ပြီးနိုင်တယ်။နိုင်ငံတော်က ဘတ်ဂျက် မြန်မြန်ချပေးနိုင်ရင် ၂၀၂၀-၂၁ ထက် စောပြီး ပြီးအောင် လုပ်လို့ရတယ်။ ဘတ်ဂျက် အပေါ်မှာ မူတည်တယ်။အားမရတာက ဥပမာ ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်တွေ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့  ဇယား ၂၊ ၅ တို့အရ ကျနော်တို့ကို လုပ်ပိုင်ခွင့်ပေးထားတာရှိတယ်။ပထမလမ်းပန်း ဆက်သွယ်ရေး၊ ဒုတိယက လျှပ်စစ် လုပ်ငန်း ကလည်း အင်မတန် အရေးကြီးတယ်။လျှပ်စစ်ဓာတ်အားမရနိုင် ပဲနဲ့ တိုးတက် ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူး။ မဖြစ်နိုင်သလောက်ပဲ။
ဥပမာ အားဖြင့် ဟိုတယ်နဲ့ခရီး ဒီမှာ တောတောင် သဘာဝ အလှတွေရှိတယ်။ လာမကြည့်ဘူး။ ဟိုတယ်နဲ့ ခရီး သွား တိုးတက်အောင် မြှင့်တင်မယ်ဆိုကတည်းကိုက အဓိက ဘာလို့အပ်လဲဆို လမ်းပန်းဆက်သွယ်ရေးက ပထမ၊ ဒုတိယက လျှပ်စစ်မီး။ လျှပ်စစ်မီး မရှိရင် ဘာမှ ဟိုတယ်ကောင်းကောင်း တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ရေပူ ရေအေးလိုအပ်တာတို့၊ ကွန်ပျူတာတွေ၊ အပူအအေးလိုတာတို့ လုပ်နိုင်ဖို့ လျှပ်စစ်မီး မရှိပဲနဲ့ မရဘူး။ လျှပ်စစ်ဓာတ်အားကို မီဂ္ဂဝ ၃၀ ထိတော့ တိုင်းနဲ့ပြည်နယ်တိုင်းကို ဖွင့်ပေးတယ်။ လုပ်ခွင့်တော့ ရှိတယ်။ လျှပ်စစ်ဓာတ်အား မထွက်နိုင်တော့ ကျနော်တို့ ပြည်နယ်က ဘတ်ဂျက်မရှိဘူး။ ဝယ်ယူဖို့ ၊ ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးမယ်။ဒါပေမယ့် နိုင်ငံတော်က ဝယ်မှ ရတာကိုး။နိုင်ငံတော်ဘတ်ဂျက်က ဝယ်မှရတာကိုး၊ လုပ်ခွင့်တော့ရှိ တယ်။သို့သော်လည်းပဲ လျှပ်စစ်ဓာတ်အား ထွက်လာဖို့ဆိုရင်တော့ ကျနော်တို့ ပြည်နယ်က ဘတ်ဂျက်မရှိဘူး။ ဝယ်ဖို့လေ ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးမယ်။ ဒါပေမယ့် ဓာတ်အားရောင်းဖို့ကျတော့ နိုင်ငံတော်က ဝယ်မှ ရတာ ကိုး။ဥပမာ - မဏိပူဆီက လျှပ်စစ် ကျနော်တို့လုပ်နိုင်မယ်။ ပိုက်ဆံလည်း အပြည့်အစုံရှိတယ်။ ဒါပေမယ့် လုပ် ခွင့်ပေး ပါ။ ရတယ် ကျနော်တို့ လုပ်ခွင့်ပေးမယ်။ ဘီလီယံ အများကြီးကုန်မယ်။ ဒီဓာတ်အားခကို ချင်းပြည်နယ် အစိုးရ အနေနဲ့ ဘယ်လောက်ထိ ပေးနိုင်မလဲ။ ဘယ်လောက် ဈေးနဲ့ ဝယ်မလဲ၊ စာချုပ်ချုပ်ဖို့လိုလာပြီး။အဲဒါ ကျနော်တို့ လုပ်ခွင့်မရှိဘူး။ ပြည်ထောင်စုက သဘောတူမှ အဲခါကျတော့ တခြမ်းတော့ ပြည်နယ်က လုပ်ပိုင်ခွင့် ရှိသလိုလိုနဲ့ နောက်ဆုံးမှာတော့ ပြည်ထောင်စုအစိုးရနဲ့ နိဂုံးချုပ်သွားတယ်။
မေး - တက္ကသိုလ်တွေ ချင်းပြည်နယ်မှာ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။အဲဒီအခြေအနေ လေး သိပါရစေ။
ဖြေ -  ကျွန်တော်တို့ ချင်းပြည်နယ်က စိုက်ပျိုးရေး တက္ကသိုလ်ပဲ ရှိတယ်။ ချင်းပြည်နယ်က စိုက်ပျိုးရေး ရှိတယ်။ စိုက်ပျိုးရေး ပညာမရှိရင် စိုက်ပျိုးရေးက တိုးတက်မှာ မဟုတ်တော့ဘူး။ အဲဒါ ဖွင့်ပေးပါ။ စက်မှုလက်မှု အထက် တန်း ကျောင်း ဖွင့်ပေးဖို့ တင်ပြထားတာရှိတယ်။ ပညာရေးဝန်ကြီးဌာန သဘောထားနဲ့ ဘတ်ဂျတ် တောင်း တယ်။  ဒါဆို မြေနေရာ လိုက်ရှာတဲ့။ မြေနေရာပေးနိုင် မယ်ဆိုရင် စဉ်းစားပေးဖို့ ရှိတယ်ဆိုတဲ့ အခါကျတော့ ပညာရေး ဝန်ကြီးဌာနက သူတို့ မြေနေရာ သတ်မှတ်ပေးတယ်။အဲဒါကြောင့် မင်းတပ်မှာလည်း မြေနေရာ လိုက်ရှာပေးတယ်။ ဧက ၂၀၀၊ ၃၀၀ လောက် ယာထားပါတယ်။ အဲဒီ နေရာကို ဒုသမ္မတ (ဦးဟင်နရီဗန်ထီးယူ) ကိုလည်း လိုက်ပြတယ်။ ၃၀၀ ဘာလို့ အဲလောက် ယာထားလဲဆိုတော့ သိပ္ပံတက္ကသိုလ်တို့၊ ကွန်ပျူတာ တက္ကသိုလ်တို့ တိုးလာမယ်ဆိုရင် အဲမှာပဲ ပေါင်းစပ် ဖွင့်လို့ရအောင် ကျနော်တို့ ယာထားပါတယ်။ ဒုသမ္မတကလည်း အဲဒါကို စိတ်အားထက်သန်တယ်။ ကျနော်စိတ်ထဲမှာတော့ သေချာပေါက် ရနိုင်မယ်လို့ ထင်ပါတယ်။ ဒီနှစ်အတွင်းမှာ အပြောင်းအလဲ တခုခုတော့ ရှိနိုင်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့လည်း ကျနော်တင်ပြတုန်းက သူ့အနေနဲ့လည်း သဘောတူပါတယ်။ ချင်းပြည်နယ်မှာ ပညာတတ်တွေ ထွက်လာ အောင် ပညာတတ်များများ ထွက်လာမှ အမျှော်အမြင်ရှိလာမယ် စည်းလုံးညီညွတ်ရေးကို လုပ်နိုင်မယ်လို့ ပြောတယ်။
မေး - တက္ကသိုလ် ၄ ခုလောက် ဖွင့်ဖို့ ပြောထားတယ်ဆိုတော့ အကုန်လုံးကျနိုင်လား၊ တစ်ခုချင်း ကျနိုင်လား။
ဖြေ - တခုချင်းပဲ ကျနိုင်ပါတယ်။ပထမဆုံးတော့  ဟားခါးမှာ ဖွင့်လှစ်ရမယ့် နည်းပညာတက္ကသိုလ်ရယ်၊ မင်းတပ်မှာ ဖွင့်လှစ်မယ့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ပထမတော့ တက္ကသိုလ်က မဟုတ်ပဲ ကောလိပ်က စတာကို အခု ဟားခါးလည်း ဟားခါးကောလိပ်ပဲ ရှိသေးတယ်။အဲဒါကြောင့် ဒီနှစ်ခုတော့ အရင်ဆုံး ရမယ်လို့ ထင်တယ်။ ပြည်ထောင်စုဝန်ကြီးကလည်း အဲဒီ ၂ ခုအတွက် မြေနေရာ ရှာဖို့ ပြောတယ်။
မေး - ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မဖြစ်မနေ လုပ်ဖို့ လမ်းညွန်ခဲ့တာ ဘာတွေရှိလဲ။
ဖြေ  - အများကြီးရှိတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် ပထမဆုံးတော့ ချင်းပြည်နယ်အစိုးရအနေနဲ့ ချင်းပြည် နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိက ဘာလို့အပ်သလဲဆိုတော့ ချင်းပြည်နယ်မှာ အဓိက မတိုးတက်တာ မဖွံ့  ဖြိုး နိုင်တာက လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး။ လမ်းပန်းဆက်သွယ်ရေးကို ပထမဆုံး ဦးစားပေးလုပ် မယ်။
တောင်ပိုင်း ၊ မြောက်ပိုင်း ဆက်သွယ်ဖို့ တော်တော် ခက်ခဲတယ်။ဟားခါး - ပလက်ဝ သွားမယ်ဆိုရင် တိုင်းနဲ့ ပြည်နယ် ၅ ခုလောက် ဖြတ်ကျော်ပြီးမှ ပလက်ဝရောက်နိုင်တယ်။ အဲဒါကို ဟားခါး - ပလက်ဝ တောက်လျှောက် ပေါက်သွားအောင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ ပေါက်သွားပြီး။ ချင်းပြည်နယ်တောင်ဘက်မှာ အစွန်းဆုံးက ပလက်ဝဖြစ်တယ်။
ပလက်ဝကနေပြီး ဆမီး၊ မတူပီ၊ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ သီးကီးရ်၊ ကျီးခတ် အဲဒီလမ်းက မိုင်  ၅၀၀ ကျော်ရှိတယ်။ အဲဒီလမ်းမကြီးကို ကျနော်တို့ ၁၂ ရာသီ သွားလာလို့ ရအောင် ပထမဆုံး ဦးစားပေးလုပ်တယ်။ အဲဒီလမ်းပေါက်သွားလို့ရှိရင် ပလက်ဝကနေ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ သဘောတူပြီးတော့ MOU ထိုးထားတဲ့ ဟာ ကုလားတန်မြစ်ကူး တံတား ထိုးဖို့စနေပြီး။ အဲဒါပြီးရင် ရခိုင်ကနေပြီးတော့ ပလက်ဝ။ ပလက်ဝကနေပြီး တော့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ထွက်မယ့် ဟိုင်းဝေးလမ်းပေါ့။ ပလက်ဝကနေ အဲဒီကို တောက်လျှောက် ပေါက်နိုင်တဲ့ ကားလမ်း တလမ်းပေါ့နော်။
နောက်ပြီးတော့ စစ်တွေမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံ သဘောတူညီချက် MOU ထိုးထားတာနဲ့ စစ်တွေမှာ ရေနက် ဆိပ်ကမ်းတခု လုပ်နေတယ်။ အဲဒီ ရေနက်ဆိပ်ကမ်းကနေပြီးတော့ တန် ၃၀၀ လောက် သယ်ဆောင်နိုင်တဲ့ အငယ်စား သဘောင်္လေးတွေပေါ့။ ကုန်တင် သဘောင်္ပေါ့ အဲဒါနဲ့ ပင်လယ်ရေကြောင်းကနေ တက်လာပြီး ချလာမယ့် ပစ္စည်းတွေကို အဲဒီအငယ်စား သဘောင်္နဲ့ ပလက်ဝကို တင်မယ်။ ပလက်ဝကနေ ကုလားတန် မြစ် ကြောင်းနဲ့သယ်မယ်။ အဲ တန် ၃၀၀ သဘောင်္က တနေ့ ၆ စင်းပေါ့ သယ်မယ်။ ပင်လယ်ကနေ ချတဲ့ ကုန်တွေ ကို အဲသဘောင်္အငယ်တွေနဲ့ ပလက်ဝကို တင်မယ်။
တန် ၃၀၀ သင်္ဘောနဲ့  တနေ့ကို ၆ ခေါက်ပေါ့။ ပလက်ဝကို တင်မယ်တဲ့။ ပလက်ဝကနေပြီးတော့ အိန္ဒိယလမ်း ပေါက်နေတယ်။ အိန္ဒိယက လုပ်သား ၃၀၀ လောက်နဲ့ လမ်းအူကြောင်း ဖောက်နေပြီး။ အဲဒါကို အမြန် အောင် မြင်အောင် ဖောက်နိုင်ရင် ပင်လယ်ပြင် ထွက်ပေါက်လည်း ကျနော်တို့ ရှိနေပြီး။ အရင်တုန်းက ချင်းပြည်နယ်က ကုန်းပိတ်ပြည်နယ်။ ဘယ်မှာ ဆက်သွယ်လို့ မရတဲ့ ပြည်နယ်ကနေ ကားလမ်းတွေကနေ တောင်အစွန်းကနေ မြောက်အစွန်း ဟိုတီးတိန်၊ ဟားခါးအထိ ပေါက်မယ်။
နောက် ကျီးခါးကနေပြီးတော့ မဏိပူရပြည်နယ် အဲဒီကို တီးတိန်၊ဟားခါးကနေ လမ်းပေါက်မယ်။ အဲဒါ လည်း သဘောတူပြီးသား ။ အဲတော့ ကုန်လမ်းလည်း ပေါက်သွားမယ်။ ရေလမ်းလည်း ပေါက်သွားမယ်။ ပလက်ဝမှာ သင်္ဘောကပ်မယ့် ဆိပ်ခံလည်း ပြီးသွားပြီ။ ဒါပေမယ့် စစ်တွေဘက်မှာ တည်ဆောက်နေတဲ့ ရေနက်ဆိပ်ကမ်း တော့ မပြီးသေးဘူးပေါ့။ အဲဒါ ပြီးတာနဲ့ ကျနော်တို့ ပလက်ဝ၊ ပလက်ဝကနေပြီးတော့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ် ပြည်နယ်ကို ကားနဲ့ ဆက်သွယ်မယ်။ မဝေးဘူး မိုင်အားဖြင့် ၆၇ မိုင်ပဲရှိတယ်။
အုပ်ချုပ်ရေးမှူး မြို့နယ် အုပ်ချုပ်ရေးမှူး၊နောက်သစ်တော စသည်ဖြင့ိ ဆက်စပ်တဲ့ ဌာနပေါင်းစုံနဲ့ ကော်မတီ အကျယ်ကြီး ဖွဲ့ပြီးတော့ ထိန်းသိမ်းတယ်။အခက်အခဲတစ်ခုတော့ရှိတယ်။အဲဒီတောင်ပေါ်မှာ ဘုရားတစ်ဆူ ရှိတယ်။အသက်ကြီး ရွယ် အိုတွေ ဘုရားဖူးဖို့အတွက်နဲ့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရှိဖို့ကို တဖြည်း ဖြည်း စည်းရုံး လုပ်ဆောင် သွားမယ်။ကျွန်တော်တို့ကတော့ ၂၀မိုင်အထိ ဆိုင်ကယ်တက်ခွင့်ပေးလိုက် ရင်တော့ အဆင်ပြေမယ် ထင်တယ်။ အဲဒီဆယ်မိုင်အထိ ဖွံ့ဖြိုးတဲ့နေရာအထိ ဈေးသည်များများရောက်လာဖို့က အဓိက ပါ။အဲဒီမှာ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းနိုင်မယ်။
မေး - နှာဟရိန်မြီု့သစ်ဖွင့်လှစ်ရခြင်းအကြောင်းနှင့်ပတ်သက်ပြီး သိပါရစေ။
ဖြေ - ရွာကို မြို့အသစ်ဖွဲ့တဲ့ကိစ္စကတော့ လရိန်ဆိုတာက ချင်းပြည်နယ်မှာ တောင်ပိုင်းရှိတယ် မြောက်ပိုင်း ရှိတယ်။ တောင်ပိုင်းနဲ့ မြောက်ပိုင်းက မိုင်ပေါင်း နှစ်ရာကျော်မယ်။အဲဒီအလယ်လောက်မှာ မြို့လေးတစ်မြို့ ဖြစ်လာရင် တောင်မြောက်ဆုံရာနေရာဖြစ်မယ်။တောင်မြောက်ဆက်သွယ်ရေးအလယ်ဗဟိုမှာရှိတဲ့အခါကျတော့ ပထ၀ီ အနေအထားအရ နဟရီကနေ ထန်တလန်ဘက် ဟားခါးဘက် နောက်မကွေးတိုင် ဂန့်ဂေါဘက်ကို ထွက်နိုင်တဲ့ နေရာဖြစ်တဲ့အတွက် အဲဒီနေရာကိုရွေးတာဖြစ်တယ်။ချင်းပြည်နယ်မှာလည်း တောင်နဲ့မြောက် ဒီလိုလှမ်းဝေးတဲ့ အခါ တွေ့ဆုံမှုနည်းတယ်။ကျွန်တော်တို့စိတ်ဓါတ်တွေလည်း စည်းလုံးညီညွတ်မှုက အားနည်း သွားတယ်။ တစ်ယောက်အကြောင်း တစ်ယောက်မသိတော့ စိမ်းကားပြီးတော့ ညှိနှိုင်းတဲ့အခါမှာလည်း မြောက် ပိုင်းက တောင်ပိုင်းကတော့ ဆိုတဲ့ မလိုအပ်တဲ့ပြဿနာလေးတွေ နည်းနည်းရှိလာတတ်တယ်။အဲဒီ အခြေအနေ အားလုံးကို ကျွန်တော်တို့က ဖြေရှင်းလို့ရအောင် ဒေသလည်း ဖွံ့ဖြိုးသွားအောင် စီးပွားရေးလမ်းကြောင်းလည်း ပွင့်သွားအောင်ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ အခက်ခဲဆုံး ပထ၀ီအနေအထားအရ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဆက်သွယ်ဖို့လမ်းကြောင်းမှာ တော်တော်လေး အချက်အခြာကျတဲ့ ရွာလေးဖြစ်လို့ နိုင်ငံတော်အကြီးအကဲ အနေနဲ့လည်း အဲဒါတွေ သဘောပေါက်ပြီးတော့ မြို့ဖြစ်နိုင်တဲ့အခြေအနေအားလုံး မပြည့်စုံသေးပေမယ့် ခွင့်ပြု လိုက်တယ်။
မေး - တောင်ဇလပ်ပန်းနဲ့ တောရိုင်းတိရိစ္ဆာန်သတ်ဖြတ်တာနဲ့ပတ်သက်ပြီး ဒေသန္တရအမိန့်ထုတ်တာ ဘာ ကြောင့်ပါလဲ။
ဖြေ - ဒေသန္တရအမိန့်လည်းထုတ်တယ်။ ဒါကို နိုင်ငံတော်အတိုင်ပင်ခံရဲ့လမ်းညွန်မှုနဲ့ တောင်ဇလပ်ပန်းကို စောင့် ရှောက်ပါ။ ရှိပြီးသားအပင်ကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပါ။နောက်အသစ်လည်း စီမံကိန်းလုပ်ပြီးတော့ စိုက်ပါဆိုပြီးတော့လမ်းညွန်ထားပါတယ်။ နောက်အောက်ချင်းဌက်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပါ။လုံးဝ သတ်ဖြတိခြင်းမရှိပါနဲ့ဆိုပြီးတော့ လမ်းညွန်ထားပါတယ်။အဲဒါက သစ်တောဥပဒေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းခြင်းဥပဒေလည်း ပြဌာန်းပြီးသားဖြစ်တယ်။အဲဒါကြောင့်လည်း ကျွန်တော်တို့က အရေးယူမှုတွေ လုပ်နေပါတယ်။အရေးယူမှုက သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဥပဒေအရ အရေးယူမှာ ဖြစ်တယ်။ တောင်ဇလပ်ပန်းကတော့ တစ်ချိန်လုံးခုတ်နေတာတော့ မဟုတ်ပါဘူး။ ခရစ္စမတ်ပွဲမှာ ဘုရား ကျောင်းကို ပြင်ဆင်တဲ့အခါ အလှပြင်တာဖြစ်တယ်။နောက်တောင်ဇလပ်ပန်းကို ၀ိုင်ချက်တာလည်း လုပ်တယ်။ အဲဒါလည်း မလုပ်ခိုင်းထားဘူး။နောက်သစ်ခွပန်းတွေလည်း ဒီလိုပဲ ။သစ်ခွပန်းတွေ တရုတ်က လာဝယ်တယ်။ ခွင့်ပြုချက်မရှိပဲ လိုင်စင်မရှိပဲ ချင်းဒေသခံတွေက သစ်ခွပန်းတွေယူပြီးတော့ အခြောက်လှမ်းပြီး တရုတ်ပွဲစား လာတဲ့အခါရောင်းတယ်။တရုတ်ပြည်ပို့တာ။ အဲဒါတော်တော်လေးကို တားမြစ်တယ်။ ဒါပေမယ့် သစ်တော ၀န်ထမ်းတွေကလည်း အားနည်းတာလဲပါတယ်။စန်ထမ်းအင်အားမလုံလောက်တာလည်းပါတယ်။အာဂတိ တရားလည်း ပါတယ်။သိရက်နဲ့ မဖမ်းတာလည်းရှိတယ်။တောင်ဇပန်ုးခုတ်ရင်ဆိုတာက ဥပဒေထဲမှာ သုံးမျိုး လောက် ရှိတယ်။ ထောင်ခြောက်လချလို့ရတယ်။ဒဏ်ငွေ ရိုက်လို့လည်းရတယ်။အရေးယူမှုတွေလည်း လုပ်နေ တယ်။ခရစ္စမတ်ပွဲကြောင့် ထောင်ချတယ်ဆိုတာလည်း လူမူရေးအရမကောင်းဘူးလေ ဒါကြောင့် ဒဏ်ငွေပဲရိုက် တယ်။
မေး - ချင်းအစိုးရအနေနဲ့ မီဒီယာနဲ့အဆင်မပြေဘူး၊အတွေ့မခံဘူးလို့ ပြောကြပါတယ်။ဘာကြောင့်ပါလဲ။
မရှိပါဘူး။သို့သော်လည်းပဲ မီဒီယာတွေမှာက သံအမတ်ကြီးက လာရောက်တွေ့ဆုံတဲ့အခါ ပြောပါတယ်။ ချင်းပြည်နယ်အနေနဲ့  မီဒီယာနဲ့ အတွေ့မခံဘူးဆိုတာရှိတယ်တဲ့။မဟုတ်ပါဘူး ကျွန်တော်တို့မှာ မီဒီယာနဲ့ ဖြေဖို့ ၀န်ကြီးရှိပါတယ်။တွေ့တဲ့အခါရှိတယ်။ကြုံတဲ့အခါ၇ှိတယ်။ ကျွန်တော်တို့ကတော့ခရီးသွားနေလို့ သူ့ကို ပြောရေး ဆိုခွင့်ပေးထားပါတယ်။ ဘယ်မီဒီယာကို မျက်နှာပေးတယ်။ဘယ်မီဒီယာကို ဖြေခွင့်ပေးတယ်ဆိုတဲ့ ခွဲခြားမှု မရှိပါဘူး။ ကျွန်တော်တို့အခုလို အားတဲ့အချိန်နဲ့ တွေ့ဆုံနိုင်တဲ့အချိန်နဲ့ ကြုံကြိုက်ရင်တော့ တွေ့ပါတယ်။
မေး -  ၀န်ကြီးချုပ်အနေနဲ့ ထပ်ဖြည့်ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ - ကျွန်တော်တို့ ပြည်တွင်းခရီးသွားဝါသနာပါတဲ့ အီကိုတိုးရစ်ဇငိတွေ အဲဒါချင်းပြည်နယ်ရဲ့ အလှက ဘယ် နေရာပဲ သွားသွား တော်တော်လေးကို လှပါတယ်။ ချင်းပြည်နယ်ရဲ့ အလှအပနဲ့အေးမြတဲ့ရာသီဥတုအကြောင်း ကို ကမ္ဘာ လည့်ခရီးသွားတွေက မသိကြဘူး။ မသိလို့ မလာကြတာဖြစ်တယ်။ပုဂံညောင်ဦးကနေ လေးနာရီပဲ မောင်းရတယ်။ခဏလေးဆို ၀ိတိုရိယရောက်တာပဲ။နတ်မတောင်ကို ခဏလေးရောက်ပါတယ်။ တည်းခိုဖို့က လည်း ဟိုတည် ခြောက်ခု၊ ခုနစ်ခုလောက်ရှိတယ်။ နောက်ရိရ်ရေကန်လည်း သိပ်မဝေးပါဘူး ။ ကလေးကနေ ခြောက်ဆယ်ရှစ်မိုင်ဆိုတော့ နည်းနည်းလှမ်းပါတယ်။ဒါပေမယ့် တစ်ရက်နဲ့ ရောက်တယ်။ အဲလို သွားလို့ရပါပြီ ဆိုတာကို မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းလုပ်နေတဲ့သူတွေရော ကမ္ဘာလည့်ခရီးသည်တွေရော ခရီးသွားလာ ချင်တဲ့ပြည်သူတွေရော အားလပ်ရက်တွေမှာ လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
Miemie Mie

No comments:

Post a Comment