လှိုင်မြစ်အတွင်း---။
အချိန်အားဖြင့် နံနက် ၂ နာရီခန့်။
ရှေ့တူရူ ဆယ်ပေကျော်သည်နှင့် ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရ။ အအေးဓာတ်နှင့်အတူ ဖြူလွှလွှနှင်းမှုန်တို့က ပတ်ဝန်း ကျင်ကို လွှမ်းခြုံထားသည်။ မြစ်လယ်ဟိုအဝေးဆီတွင် ရပ်နားနေ သော သင်္ဘောဆီက မီးရောင်တို့က မှုန်ပျပျ။
ဗဟိုစံပြငါးဈေးကြီး
သို့သော် စက်တပ်သမ္ဗန်ငယ်များဆီမှ တရုတ်နီအင်ဂျင် စက်သံနှင့်အတူ လက်နှိပ်ဓာတ်မီးသဖွယ် စူးရှရှည်လျားသော အလင်းတန်းတို့က မြစ်ပြင်တစ်လျှောက် ဟိုမှ သည်မှ ကြားနေရ၊ မြင်နေရသည်။ သူတို့အားလုံး ဦးတည်ရာမှာ ဗဟိုစံပြ ငါးဈေးကြီး ရှိရာ ကမ်းနားဈေး ကျောက်တံတား ဆိပ်ဆီသို့ ဖြစ်သည်။
ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးကြီးမှာ ၂၄ နာရီပတ်လုံး အရောင်းအဝယ်ရှိသည်ဆိုသော်လည်း နံနက် ၂ နာရီနှင့် နံနက် ၆ နာရီအတွင်းသာ အရောင်းအဝယ်အစည်ကားဆုံးအချိန် ဖြစ်သည်။
ထို့အတွက် တစ်ဖက်ကမ်းရှိ မြို့နယ်၊ ရပ်ကွက် ဈေး အသီးသီးဆီသို့ ငါးရောင်းသူများ၊ ဈေးကြီး အတွင်း ငါးတောင်းထမ်းသူ၊ ငါးလှည်းဆွဲသူ၊ ဒိုင် လုပ်သား၊ ငါးခြစ်သူများနှင့် စက်တပ်သမ္ဗန်မောင်းသူတို့က စက်သံနှင့် အလင်းတန်းတို့ကို အားပြု၍ အရဲကိုး သွားနေ ကြခြင်းဖြစ်သည်။ အမှောင်ကိုလည်း မကြောက်၊ သမ္ဗန်မှောက် မှာကိုလည်း မကြောက်၊ သူတို့အတွက် ဝမ်းစာအရေးကလွဲ၍ ဘာမှအရေးမကြီး၊ အရေးကြီးသည်က ဈေးကြီးအတွင်းဆီသို့ အချိန်မီရောက်ဖို့အရေးသာ ဖြစ်သည်။
လှိုင်မြစ်ဖြတ်တံတား
ဤသည်က တစ်နေ့ အလုပ်မဟုတ် နိစ္စဓူဝဖြစ်သည်။ ထို့အတွက် သူတို့အားလုံး မျှော်လင့်နေသည်က အိပ်မက်သဖွယ် ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်နေသော မြို့သစ်စီမံကိန်း ကြီးမဟုတ်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း လှိုင်မြစ်ကို ဖြတ်သန်း တည်ဆောက်ပေးမည့် တံတားကြီးတစ်စင်းမျှသာ ဖြစ်သည်။
ဈေးကြီးအတွင်း ငါးတောင်းထမ်းသူ ငါးရုံဆိပ်မှ ဦးကုလား က ''အလွန်ခမ်းနားတဲ့ မြို့သစ်စီမံကိန်းကြီးဆိုတဲ့ အိပ်မက်ထက် မြစ်ဟိုဘက် ဒီဘက်ကို အ္တရာယ်မရှိဘဲ၊ အသက်အ္တရာယ်လုံခြုံ စိတ်ချရတဲ့ တံတားကြီးတစ်စင်းပဲ အမြန်လိုချင်ပါတယ်၊ ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့ ဆန္ဒမဟုတ်ပါဘူး၊ ဒီဘက်ကမ်း မှာ နေသူတွေရဲ့ အများဆန္ဒပါ'' ဟု ရင်တွင်းစကားကို လှစ်ဟ ဖွင့်ဆိုခဲ့သည်။
ရပ်ကွက်ကြီးလေးရပ်ကွက်
ကြည့်မြင်တိုင်မြို့နယ်အတွင်း လှိုင်မြစ်တစ်ဖက်ကမ်းတွင် ကျေးရွာပေါင်း ၁၁ ရွာရှိသည်။ ¤င်းတို့ကို ပေါင်းစု၍ ရပ်ကွက်ကြီး လေးရပ်ကွက်အဖြစ် ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။ ဦးမြ - ဆိပ်ကြီး - ငါးစင်ရပ်ကွက် ၊ စက်ဆန်း - အောက်ရုံ - အလတ် - ချောင်း ရပ်ကွက် ၊ စက်ကလေး- အေးရွာ (အရှေ့) - ဘလုတ်ညွန့် ရပ်ကွက်နှင့် ဝါးရုံဆိပ် -အေးရွာ(အနောက်) ရပ်ကွက်တို့ဖြစ်သည်။ အိမ်ခြေအားဖြင့် ၈ဝဝဝ ခန့်၊ လူဦးရေအားဖြင့် ၄ဝဝဝဝ ခန့် စုစည်းနေထိုင်ရာ ရပ်ဝန်းဖြစ်သည်။
သူတို့အားလုံး၏ ဝမ်းစာရေးနှင့် စီးပွားရေးမှာ ကြည့်မြင် တိုင် မြို့ပြတစ်ဖက်ကမ်းဆီမှ အခြား အခြားသော နေရာများဆီ သို့သာ ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးက အမြင်နီးလျက် မြစ်ခရီးက ခြားနေခဲ့သည်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီခွဲခန့်---။ တစ် ယောက်သောသူ၏။ ''မီး-မီး-မီး''ဆိုသော အသံက ဘလုတ် ညွန့်ရွာအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ အသံ၏ အဆုံးဝယ် မီးရှိန်၊ မီးညွန့်တို့က တစ်ရှိန်ထိုး ထိုးတက်လာခဲ့သည်။ ရွာအတွင်း ကိုယ်လွတ်ရုန်း ပြေးထွက်လာသူ၊ မြင်ရာကို တစ်ပိုင်တစ်နိုင် သယ်ပိုးလာသူတို့ဖြင့် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။
သတင်းရသည်နှင့် မြို့နယ်စုံမှ မီးငြှိမ်းသတ်ရေးယာဉ်များက သတိပေးသံနှင့်အတူ ရောက်ရှိလာကြသည်။ သို့သော် သူတို့အား လုံး ရှေ့ဆက်မတိုးသာ၊ ကမ်းနားဈေးရှေ့ ကျောက်တံတားဆိပ် အနီးတွင်သာ ရပ်တန့်နေရသည့် လှိုင်မြစ်ကြီးက အဆီးအတား ဖြစ်နေသည်။
ဟိုဘက်ကမ်းဆီမှ မီးတောက် မီးညွန့်များကို သည်ဘက် ကမ်းဆီမှ အထင်းသားမြင်တွေ့နေရပြီး မီးညွန့်မှ မီးပွားများက လေအဝှေ့ဝယ် ခုန်ခုန်ကူးနေကြသည်။
အချိန်များအလဟဿဖြစ်
မီးသတ်တပ်ဖွဲ့ဝင်များ မှောင်နှင့်မည်းမည်း အရဲစွန့်ကြရပြီး မီးသတ်ရန် အပေါ့စား မီးသတ်စက်များ၊ ပိုက်လိပ်များကို ကိုယ်စီ သယ်ဆောင်၍ သမ္ဗန်ငယ်များဖြင့် မြစ်ပြင်ကို ဖြတ်သန်းကြပြီး စက္ကန့်နှင့်အမျှ အရေးကြီးသော အချိန်ဝယ် နှောင့်နှေးခဲ့ကြရ သည်။ အချိန်များအလဟဿ ဖြစ်ခဲ့ရသည်။
ဝါးအိမ်၊ သစ်သားအိမ်များ အများစုဖြစ်သည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်သည့်အချိန်၌ အတော်များများ ကို ''အဂ္ဂိတောဝါ'' ဆိုသော မီးဘေးက အနိုင်ယူထားပြီး ဖြစ်သည်။ ထို့ထက် ပိုဆိုးသည်က ''မီးလောင်ရာလေပင့်'' ဆိုသကဲ့သို့ လောင်အားကောင်းနေသောမီးကို လေက မြှောက် ထိုးပင့်ကော် အားပေးနေခဲ့သည်။ တိုက်သည့်လေမှာ ကမ်းနား မြစ်ဘက်ခြမ်းဆီသို့မဟုတ်ပေ။ ရွာအတွင်းဘက်ဆီသို့ ဖြစ်သည်။
အချို့သော မီးငြှိမ်းသတ်ရေးယာဉ်များက လှိုင်သာယာဘက် ဆီမှ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။ ခရီးကဝေးသည့်အပြင် လမ်းခရီးတစ်နေရာ၌ မီးသတ်ယာဉ်၏ ဝန်ကိုမခံနိုင်၍ တံတား တစ်စင်းကျိုးသွားခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာ၌ တစ်ချိန် တည်း သတင်းတက်လာခဲ့သည်။
ထိုစဉ်က မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောစကားသံက ယနေ့ထက်တိုင် နားထဲဝယ် ကြားယောင်နေဆဲဖြစ်သည်။ ''အကယ်၍သာ ဒီလိုနေရာမျိုးမှာ မြစ်ကူးတံတားသာရှိခဲ့ရင် အခုလို ဆုံးရှုံးမှုတွေ များပြားမှာ မဟုတ်ဘူး'' ဟု ---။
မြစ်ကူးတံတားကြီး ငါးစင်းပါဝင်သော မြို့သစ်စီမံကိန်းကြီး ကို ယခင်အစိုးရလက်ထက် စီစဉ်မှုများရှိခဲ့ဖူးသည်။ ယနေ့ ကာလတွင် စီစဉ်မှုများကိုလည်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ် များဆီက ထပ်မံကြားသိနေရသည်။
ဤသို့ ပြောနေကြဆဲ၊ ကြားနေရဆဲမှာပင် ၂ဝ၁၈ ခုနှစ် အစ ဇန်နဝါရီ ၂၄ ရက် ည ၁ဝ နာရီခန့်တွင် စက်ဆန်း - အောက် ရုံ - အလတ်ချောင်းရပ်ကွက် - အောက်ရုံအပိုင်တွင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ရပြန်သည်။
ကံတရားက ဖေးကူ
မီးသတ်တပ်ဖွဲ့ဝင်များက အပေါ့စားမီးသတ်စက်ငယ်များ၊ မီးသတ်ပိုက်လိပ်ကိုယ်စီ သယ်ဆောင်၍ မှောင်နှင့်မည်းမည်း မှာပင် စက်တပ်သမ္ဗန်ငယ်များဖြင့် မြစ်ပြင်ကို ဖြတ်သန်း၍ ငြှိမ်း သတ်မှုပြုပေးခဲ့ရပြန်ပါသည်။ ဤအကြိမ်တွင် ကံတရားက မိမိ ဘက်က ဖေးကူပေးသည့်အတွက် ဂိုဒေါင်တစ်လုံးနှင့် အိမ်လေး လုံးသာ ဆုံးရှုံးမှုဖြစ်ခဲ့ရသည်။
ဘလုတ်ညွန့်မှ ဦးစန်းလွင်က ''တကယ်လို့သာ တစ်ဆု တည်းသော ဆုကိုတောင်းပါဆိုရင် မြို့နယ်အတွင်း လှိုင်မြစ်ကူး တံတားတစ်စင်းပဲ အမြန်ဆုံးလိုချင်ပါတယ်၊ ဒါမှ နေ့စဉ် သမ္ဗန်နဲ့ ကူးနေရတဲ့ဘဝ၊ မီးလောင်လို့မှ ကူမယ့်သူရှိပြီး အမြန်ဆုံးရောက် မလာနိုင်တဲ့ ဘဝတွေက အမြန်ဆုံးလွတ်မြောက်ချင်ပါပြီ၊ နောက် တံတားကြီးရှိလာမယ်ဆိုရင် ဒီဘက်ကမ်းမှာနေရတဲ့ ပြည်သူ တွေရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အဖြာဖြာ ကလည်း အများကြီးပြောင်းလဲလာနိုင်ပြီး တစ်မြို့တည်းနေပြီး တစ်မြစ်ခြားလို့ မတူညီတဲ့ လူမှုဘဝတွေ ပိုပြီး မြင့်မားလာနိုင် မယ်လို့လည်း ယုံကြည်မိပါတယ်''--- ဟု ပြောပြလေသည်။ တင်ဝင်းလေး(ကြည့်မြင်တိုင်)မြန်မာ့အလင်း
No comments:
Post a Comment