မန္တလေး ဖေဖော်ဝါရီ ၁၉
တောင်သမန်အင်းပတ်ဝန်းကျင် နှင့် ဦးပိန်တံတားပေါ်တွင် ဖွင့်လှစ် ထားသည့် ဆိုင်ခန်းများအား ဖယ်ရှား ရှင်းလင်းရေးအတွက် စိစစ်သုံးသပ် ချက်များ ပြုလုပ်၍ တိုင်းဒေသကြီး အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။
အဆိုပါ ဆိုင်ခန်းများ ဖယ်ရှား ရှင်းလင်းရေးအတွက် ဦးပိန်တံတား ကြီးကြပ်မှုကော်မတီနှင့် တောင်သမန် အင်း လေ့လာစောင့်ကြည့်ရေး ကော်မတီတို့ ဖေဖော်ဝါရီ ၁၇ ရက်က ညှိနှိုင်းဆွေးနွေးခဲ့ပြီး တောင်သမန် အင်း ပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထား သည့် ဆိုင်ခန်းများကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးက လည်းကောင်း၊ ဦးပိန်တံတားပေါ်တွင် ဖွင့်လှစ်ထား သည့်ဆိုင်ခန်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးက လည်းကောင်း စိစစ်၍ သုံးသပ်ချက်များနှင့်အတူ မည်သို့ဆောင်ရွက်သွားမည်ဆိုသည့် နည်းလမ်းများကိုပါ တိုင်းဒေသကြီး အစိုးရထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
''တောင်သမန်အင်းနဲ့ ဦးပိန်တံတားဆိုတာ မြန်မာနိုင်ငံရဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်သလို မန္တလေးမြို့တော်ရဲ့ သမိုင်းပြယုဂ်တစ်ခုပါ၊ အခုဆိုရင် အင်းပတ်လည်မှာ ကျူးတွေက လက်လွတ်စပယ်ကို လာဆောက်နေကြတယ်၊ ဒါတွေကြောင့် တံတားရဲ့မြင်ကွင်းကို ပျက်စေတယ်၊ တံတားပေါ်က ဆိုင်တွေ ကြောင့် လမ်းကို ကျဉ်းသွားစေတယ်၊ ဒါကြောင့် ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရက တာဝန်ယူဆောင်ရွက်ရတော့မယ်၊ သူတို့က ဆိုင်တစ်ဆိုင်ချင်းရဲ့ အတိုင်းအတာနဲ့ ဘယ်သူကဖွင့်ခိုင်းတာလဲဆိုတဲ့ စိစစ်သုံးသပ်ချက်နဲ့အတူ ဘယ်လိုဖြေရှင်းမလဲ ဆိုတာပါထည့်ပြီး အစိုးရအဖွဲ့ကို အမြန်ဆုံး တင်ပြရမယ်၊ စိစစ်သုံးသပ်တဲ့အဖွဲ့ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြို့မိမြို့ဖတွေလည်း ပါပါတယ်''ဟု ၎င်းကပြောသည်။
လက်ရှိအခြေအနေတွင် တောင်သမန်အင်းပတ်ဝန်းကျင်နှင့် ဦးပိန် တံတားကြီးပေါ်တွင် ဆိုင်ခန်းများ ဖွင့်လှစ်ထားမှုမှာ တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာပြီး တံတားအဝင်ထိပ်မှ တိုင်အမှတ်(၂၅)အတွင်း ပျံကျဆိုင်ခန်း ပေါင်း ၃ဝ ခန့်ဖွင့်လှစ်ထားကြောင်း သိရသည်။
''ဦးပိန်တံတားကြီးက အိုလည်းအိုနေပြီ၊ လူတွေကလည်း အသုံးပြုနေ ကြတယ်၊ အခါကြီးရက်ကြီးဆိုရင် တံတားပေါ်မှာ လူတွေအများကြီး သွားလာ နေကြတယ်၊ တစ်ခါတလေ တံတားပေါ်က ဆိုင်ကယ်တွေဖြတ် သွားတာ ရှိတယ်၊ ကျွန်တော်တို့က တံတားကြီးကို ပြုပြင်ဖို့ပဲ အာရုံစိုက်နေကြတယ်၊ ဒီတံတားကြီးကို ဘယ်အဖွဲ့က ထိန်းသိမ်းမှာလဲ၊ ရန်ပုံငွေက ဘယ်လိုရှာမလဲ၊ ဘယ်လိုရန်ပုံငွေထူထောင်ပြီး ဘယ်လိုထိန်းသိမ်းမလဲ၊ အဲဒါတွေက စိစစ် သုံးသပ်ချက်တွေ တင်ပြပြီးရင် တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဖြစ်သွားမှာပါ''ဟု ၎င်းက ဆက်လက်ပြောသည်။
တောင်သမန်အင်းနှင့် ဦးပိန်တံတားကြီး သန့်ရှင်းသာယာလှပရေးအတွက် ကော်မတီများ ဖွဲ့စည်းထားရာ ဦးပိန်တံတားကြီးကြပ်မှုကော်မတီတွင် တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး တောင်သမန်အင်းလေ့လာစောင့်ကြည့် ရေးကော်မတီတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။ မင်းထက်အောင်(ကြေးမှုံ)
No comments:
Post a Comment