နေပြည်တော် ဖေဖော်ဝါရီ ၇
ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား
သဟဇာတဖြစ်စေရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းချက်များကို အာဆီယံဝန်ကြီးများက ထောက်ခံခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် စင်ကာပူသမ္မတနိုင်ငံ၌ ဖေဖော်ဝါရီ ၆ ရက်က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဖေဖော် ဝါရီ ၅ ရက်တွင် စင်ကာပူနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးDr. Vivian Balakri-shnanက တည်ခင်းဧည့်ခံသည့် အလုပ် သဘောညစာစားပွဲသို့ လည်းကောင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ လည်းကောင်း အခြားအာဆီယံ နိုင်ငံခြားရေးဝန်ကြီး များနှင့်အတူ တက်ရောက်ခဲ့သည်။
အတည်ပြုဆုံးဖြတ်
အစည်းအဝေးတွင် ဝန်ကြီးများသည် ၂ဝ၁၈ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ စင်ကာပူနိုင်ငံမှ ရွေးချယ်အဆိုပြုထား သည့် ''ကြံ့ခိုင်နိုင်စွမ်းနှင့် တီထွင်ဆန်းသစ် မှု ဘာသာရပ်''ခေါင်းစဉ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကြံ့ခိုင်နိုင်စွမ်းရှိပြီး တီထွင်ဆန်းသစ်သော အာဆီယံဖြစ်ထွန်း လာရေးအတွက် အာဆီယံနိုင်ငံ ခေါင်းဆောင်များ၏ မျှော်မှန်းချက် ချမှတ်ရေး၊ အာဆီယံအဆင့်မြင့် နည်းပညာမြို့တော်များကွန်ရက် တည် ထောင်ရေး (ASEAN Smart Cities Network) နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များအကြား ဆိုင်ဘာလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး အဆိုပြုချက် များအပါအဝင် အာဆီယံဥက္ကဋ္ဌ စင်ကာပူ နိုင်ငံ၏ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေး၌ (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ် ခဲ့သော ကိစ္စရပ်များအား ဆက်လက် အကောင်အထည်ဖော်ဆောင်ရေး ကိစ္စ နှင့် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ အရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေ အနေများနှင့် နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးအတွက် မြန်မာ နိုင်ငံဘက်တွင် ပြင်ဆင်ဆောင်ရွက်နေမှု များနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအား အလွတ်သဘော ရှင်းလင်းပြောကြားခဲ့သည်။
ယင်းသို့ ရှင်းလင်းပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးက လက်ရှိ ရခိုင် ပြည်နယ်၏ လူသားချင်းစာနာမှု အခြေ အနေမှာ ယခင်ကဲ့သို့ လူ့အသိုက်အဝန်း နှစ်ရပ်အကြား ပဋိပက္ခဖြစ်ပွားခြင်း ကြောင့် မဟုတ်ဘဲ မြန်မာနယ်စပ်ရဲတပ် စခန်း ၃ဝ အား အကြမ်းဖက်သမားများ က ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှု များကြောင့် စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြဿနာမှာ ဘာသာ ရေးကိစ္စမဟုတ်ဘဲ တရားမဝင်လူဝင်မှု ကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စ၊ သဘာဝ အရင်းအမြစ် ပြိုင်ဆိုင်ရယူလိုမှုကိစ္စနှင့် ဆင်းရဲနွမ်းပါးမှုတို့ပါဝင်နေသည့် နိုင်ငံရေး၊ စီးပွားရေးပြဿနာဖြစ်ကြောင်း၊ မြန်မာ အစိုးရအနေဖြင့် ယင်းပြဿနာအား ဖြေရှင်းရေးအတွက် အလေးထားကြိုးပမ်း ဆောင်ရွက်နေစဉ်ARSA အကြမ်းဖက် အုပ်စုက နိုင်ငံတကာက အာရုံစိုက်လာ အောင် အကြမ်းဖက်မှုဖြင့် လှုံ့ဆော်မှု များ၊ သတင်းမီဒီယာများမှတစ်ဆင့် မဟုတ်မမှန်သတင်းများ ဖြန့်ချိရေး လုပ်ငန်းများဖြင့် ပြဿနာကို ပိုမိုဆိုးရွား အောင် ဖန်တီးလာခြင်းဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအစိုးရ ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှု မြှင့်တင်ရေးနှင့် ဒေါက်တာ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော် ရေးတို့တွင် လိုအပ်သည့်နေရာမှ ကူညီ ပံ့ပိုးနိုင်ပါကြောင်းနှင့် ရှုပ်ထွေးနေသည့် ပြဿနာအား မီးလောင်ရာလေပင့် လုပ်ရပ်များ၊ လူမှုအသိုက်အဝန်းနှစ်ခု အကြား ပိုမိုကွဲပြားစေမည့် ကြိုးပမ်း ဆောင်ရွက်မှုများကို အားမပေးကြရန် ထည့်သွင်းပြောကြားခဲ့သည်။
အာဆီယံဝန်ကြီးများထောက်ခံ
အစည်းအဝေးအပြီးတွင် အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ရခိုင်ပြည်နယ်အတွင်း မြန်မာနိုင်ငံ အစိုးရ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်အား ဆက်လက်ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရက ဦးဆောင်ဆောင်ရွက်နေသည့် နေရပ် စွန့်ခွာသူများအား မခွဲခြားဘဲ ကူညီပံ့ပိုး မှုပေးရေး လုပ်ငန်းစဉ်များတွင် အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန(AHA Centre) မှ လက်ရှိပါဝင်ဆောင်ရွက်နေမှုများကို လည်း ကြိုဆိုကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးသူများ ပြန်လည်ပို့ဆောင်ရေး ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးနိုင်ခြင်းနှင့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးချက်များ အကောင်အထည်ဖော်ရေးအတွက် အကြံ ပေးဘုတ်အဖွဲ့ တည်ထောင်နိုင်ခြင်းတို့ကို လည်း ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတ ဖြစ်စေရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့ အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းချက် များကိုလည်း အာဆီယံဝန်ကြီးများက ထောက်ခံကြောင်း ထည့်သွင်းဖော်ပြခဲ့ သည်။ သတင်းစဉ်
No comments:
Post a Comment