Latest News

Sunday, February 4, 2018

ရန်​ကုန်​မြို့၌ တပ်မတော်ထောက်ခံပွဲ ၊ ငြိမ်းချမ်းလုံခြုံရေး သပ်ရှိုဖြိုခွဲနေသူများအား ရှုတ်ချပွဲ

ရန်​ကုန်​မြို့၌ တပ်မတော်ထောက်ခံပွဲ ၊ ငြိမ်းချမ်းလုံခြုံရေး သပ်ရှိုဖြိုခွဲနေသူများအား ရှုတ်ချပွဲ
Photo Credit
ရန်ကုန်  ဖေဖော်ဝါရီ   ၎

မြန်မာ့တပ်မတော် ချစ်မြတ်နိုးသူများအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)မှ ဦးစီး၍ တိုင်းဒေသ ကြီးနှင့်ပြည်နယ် အသီးသီးရှိ   တပ်မတော် ချစ်မြတ်နိုးသူ ရဟန်းသံဃာတော်များနှင့် ပြည်သူများ စုပေါင်းပြုလုပ်သည့် ''မြန်မာ့တပ်မတော်၏   နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် သပ်လျှိုသွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲ''ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းနှင့် ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်း၌ ကျင်းပသည်။

ဆက်လက်၍ အမျိုးသားရေး ဆရာတော် အရှင်ဝိစိတ္တာဘိဝံသက ပေးပို့သော သဝဏ်လွှာအား တိုက်ကြီးဆရာတော် အရှင်ဇဋိလက မိန့်ကြားသည်။ ရှင်မတောင်ဆရာတော် အရှင်ကဝိန္နောဘာသ၊ ဒေါ်ဆွေဇင်ဦးနှင့် ဦးလှဆွေ(ဘူးလက်)တို့မှ  တပ်မတော်၏ ဆောင်ရွက်မှုများအား ထောက်ခံကြောင်းနှင့် တပ်မတော်အပေါ်  သပ်လျှိုသွေးခွဲနေသူများအား  ဆန့်ကျင်ရှုတ်ချကြောင်းနှင့် ပတ်သက်၍    အသီးသီး ဟောပြော ဆွေးနွေးခဲ့ကြသည်။

ယင်းနောက်   မြန်မာ့တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် သပ်လျှို သွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲ၏ ရန်ကုန်တိုင်း ဒေသကြီး    ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအား ကြိုဆိုထောက်ခံပွဲတွင် ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များသည် ရဟန်းရှင်လူပြည်သူများမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တပ်မတော်အပေါ် ထားရှိသည့် အားကိုးယုံကြည်မှု၊ တန်ဖိုးထား လေးစားမှုနှင့်  တပ်မတော်အပေါ် ချစ်မြတ်နိုးစိတ်များအား ထင်ယောင်ထင်မှား ဖြစ်စေရန် ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် လူပုဂ္ဂိုလ် များနှင့် အဖွဲ့အစည်းများအား တက်ရောက်လာသော ရဟန်းရှင်လူပြည်သူများမှ  ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း အပါအဝင် အချက်(၈)ချက်ပါ သဘောထား ထုတ်ပြန်ကြေညာချက်ကို ဦးရဲစိုးအောင်(လှိုင်လူငယ်)က ဖတ်ကြားပြီး ကြွေးကြော်သံများဖြစ်သည့် တပ်နှင့်ပြည်သူသွေးခွဲသူ (ဒို့ရန်သူ) (ဒို့ရန်သူ)၊ တပ်မတော်ပုံရိပ် ကျဆင်းအောင် ဆောင်ရွက်သူ (ဒို့ရန်သူ)(ဒို့ရန်သူ)၊ တပ်မတော်ဖြိုခွဲမည့်အကြံ (ဒို့လက်မခံ) (ဒို့လက်မခံ)၊   ပြည်ပအားကိုး ပုဆိန်ရိုး နိုင်ငံရေးသမားများ(အလိုမရှိ)(အလိုမရှိ)၊ ပြည်တွင်းပြည်ပ ကြေးစား နိုင်ငံရေးသမားများ (အလိုမရှိ) (အလိုမရှိ) စသည့် ကြွေးကြော်သံများဖြင့် သံပြိုင်ကြွေးကြော်ကြကာ တပ်မတော် အင်အားရှိမှ   တိုင်းပြည်အင်အားရှိမည် သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

''မြန်မာ့တပ်မတော်တင် မကပါဘူး။ နိုင်ငံတကာမှာရှိတဲ့ တပ်မတော်တိုင်းဟာ သူ့နိုင်ငံရဲ့ အကျိုးစီးပွား သူ့အမျိုးသားရေးနဲ့ သူ့အချုပ်အခြာအာဏာကို  ကာကွယ်နေတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့တပ်မတော်ကလည်း  ကျွန်တော်တို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ  ပြည်သူကို ကာကွယ်စောင့်ရှောက်နေတာ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ ကျွန်တော်တို့ဟာ အစဉ်အမြဲ တပ်မတော်ကို ထောက်ခံနေရခြင်းလည်း ဖြစ်ပါတယ်။ တပ်မတော်မရှိရင် နိုင်ငံမရှိဖြစ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် မြန်မာ့တပ်မတော် အင်အားရှိအောင် မြန်မာ့တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေ ကို ထောက်ခံပြီး အခုလို လုပ်ဖြစ်တာပါ။

နောင်ကိုလည်း တပ်မတော်ထောက်ခံမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့တွေ ဆက်လုပ်သွားမှာပါ။ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့နိုင်တဲ့ ငွေရေးကြေးရေးနဲ့ လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်နဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ့် ပုံရိပ်မှန်သမျှ ကျွန်တော်တို့က တွန်းလှန်တိုက်ထုတ်မယ်။ တပ်မတော်ဘက်ကနေ ရပ်တည်သွားပြီးတော့ ဆက်လက် ဒီလိုပွဲတွေ လုပ်သွားဦးမှာပါ'' ဟု အခမ်းအနားတွင် ပြန်ကြားရေး တာဝန်ခံ ဦးရဲစိုးအောင်(လှိုင်လူငယ်)က ပြောသည်။

အဆိုပါဆန့်ကျင်ရှုတ်ချပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ မြန်မာ့တပ်မတော်ကို ချစ်မြတ်နိုး ကြသည့်  ရဟန်းသံဃာတော်များနှင့်  ပြည်သူအများအပြား ပါဝင် တက်ရောက် ခဲ့ကြကြောင်း သိရသည်။(MWD)

No comments:

Post a Comment