Latest News

Tuesday, January 30, 2018

YBSတွင် ပါဝင်ဆောင်ရွက်နေသော ကုမ္ပဏီ ၁၇ ခုနှင့် ယာဉ်လိုင်းများကို သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကသာ စီမံခန့်ခွဲ

YBSတွင် ပါဝင်ဆောင်ရွက်နေသော ကုမ္ပဏီ ၁၇ ခုနှင့် ယာဉ်လိုင်းများကို သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကသာ စီမံခန့်ခွဲ
Photo Credit

ရန်ကုန် ဇန်နဝါရီ ၃ဝ

ရန်ကုန်မြို့ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးYBS တွင် ပါဝင်ဆောင်ရွက်နေ သော ကုမ္ပဏီ ၁၇ ခုနှင့် ယာဉ်လိုင်းများကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကသာ စီမံခန့်ခွဲကာ စိစစ်ခွင့်ပြုဆောင်ရွက်နေခြင်းဖြစ်ကြောင်း အဆိုပါ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိYBS စနစ်တွင် အများပိုင်ယာဉ်လိုင်းကုမ္ပဏီ ၁၇ ခုရှိပြီး ယင်း
အနက် ကုမ္ပဏီအများစုမှာ အများပိုင်ကုမ္ပဏီအဆင့်သို့ ရောက်ရှိရန် ကြိုးစားပြင်ဆင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။ ပုဂ္ဂလိက တစ်ဦးချင်းပိုင်ယာဉ်များလည်း ရှိနေသေးပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA က ကြီးကြပ် ကွပ်ကဲသွားမည့် အများပိုင်ကုမ္ပဏီအဆင့်သို့ ရောက်ရှိရန် ယာဉ်လိုင်းများ၊ ကုမ္ပဏီများအားYBS ၏ အမှုဆောင်အရာရှိချုပ်က တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''YRTA က ကြပ်မတ်ကွပ်ကဲနေတာမှာ ယာဉ်လိုင်းတွေကို အများပိုင် ကုမ္ပဏီအဆင့် ရောက်ရှိအောင် ဆောင်ရွက်နေပါတယ်။ အများပိုင် ကုမ္ပဏီဆိုတာ ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံရမှာလဲ၊ ဘယ်လို ပြည့်စုံ တော့မှ ပြေးဆွဲခွင့်ရမှာလဲ၊ အများပိုင်အစုရှယ်ယာကိုဘယ်လိုရောင်းချ ခွင့်ရမှာလဲဆိုတာက သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီအပေါ်မှာ တိုင်းဒေသကြီးအစိုးရက စိစစ်ကြပ်မတ်ဆောင်ရွက်နေပါတယ်။YBS မှာ ကုမ္ပဏီပေါင်း ၁၇ ခုရှိတယ်။ အဲဒီမှာYBPC ကုမ္ပဏီနဲ့ YUPT ကုမ္ပဏီမှာ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံ ထည့်ဝင်မှုအနေနဲ့ ကားအသစ် အစီး ၅ဝဝ စီ ထည့်သွင်းထားပါတယ်။ YBPC ကုမ္ပဏီနဲ့  YUPT  ကုမ္ပဏီမှာYBPC ကုမ္ပဏီကပဲ အစုရှယ်ယာ ရောင်းချ ခွင့်ရတဲ့ အများပိုင်ကုမ္ပဏီအဆင့် ဖြစ်ပြီးYUPT ကတော့ အများပိုင်အဖြစ်ဖွဲ့စည်းဆောင်ရွက်ဆဲဖြစ်ပြီး အစုရှယ်ယာရောင်းချခွင့်မရှိသေးပါဘူး။

ဒီလိုပဲ အစုရှယ်ယာရောင်းချခွင့်ဆိုတာမှာ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က ခွင့်ပြုချက်ရရှိမှသာ ရောင်းချခွင့်ရှိတာ ပါ။ ဒါကြောင့်မို့  YBS မှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေကို အများပိုင်ကုမ္ပဏီအဆင့်ဖြစ်အောင် ကြိုးစားပြီး တွန်းအားပေးဆောင်ရွက်နေပါတယ်။ အများပိုင်ယာဉ်လိုင်း ကုမ္ပဏီတွေဖြစ်လာတဲ့အခါမှာ ကားသစ်တွေနဲ့ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ရမှာဖြစ်ပြီး YRTA အနေနဲ့ကလည်း စနစ်တကျ ပိုမိုကြပ်မတ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူတွေဘက်ကလည်း ကောင်းတဲ့ဝန်ဆောင်မှုပေးနိုင်တဲ့ ယာဉ်လိုင်းတွေကို ရွေးချယ်သွားနိုင်မှာပဲဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍ၏ အဓိကကျသည့်YBS ဘတ်စ်ကားပို့ဆောင်ရေးစနစ်တွင် ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အစုရှယ်ယာမြှုပ်နှံထားလိုသည့် စိတ်ပါဝင်စားသူများ သော်လည်း ကုမ္ပဏီအဖြစ် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ဖြင့် ကုမ္ပဏီထူထောင်ဖွဲ့စည်းခြင်းအပြင် ယာဉ်လိုင်းပြေးဆွဲမည့်အခြေအနေနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြဆွေးနွေး ရမည်ဖြစ်ပြီး လက်ရှိ အများပိုင်ယာဉ်လိုင်းကုမ္ပဏီများ၊ ယာဉ်လိုင်းများ၊ ပြေးဆွဲနေသည့်အခြေအနေနှင့် ယာဉ်လိုအပ်ချက်များ၊ အများပိုင် ကုမ္ပဏီအဆင့် ဖွဲ့စည်းထူထောင်နိုင်မှုအနေအထားများအပါအဝင် အဆင့်ဆင့် သုံးသပ်မှုများဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကြပ်မတ်ကွပ်ကဲခြင်းဖြစ်ကြောင်း သိရသည်။ ဆုနှင်းလဲ့(​ကြေးမှုံ)

No comments:

Post a Comment