Latest News

Thursday, January 11, 2018

Ladybird


ဟောလီးဝုဒ် ရုပ်ရှင်တွေဟာ ပိုက်ဆံတွေ အများကြီးသုံး၊ ကွန်ပြူတာအထူးပြုလုပ်ချက်တွေ နဲ့ နိုင်းချင်း နဲ့ ထူးထူဆန်းဆန်းတွေချည်းရိုက်နေတယ်လို့ မထင်စေချင်ပါဘူး။အခု သည် Lady bird ဆိုတဲ့ရုပ်ရှင်ဟာ အမေရိကန်လူလတ်တန်းစား မိသားတစ်စု အကြောင်းပါ။အမေ နဲ့ သမီးကြားက မေတ္တာတရားပါ။ဘာ ကွန်ပြူတာ အထူးပြုလုပ်ချက်မှ မပါပါဘူး။ စာတန်းထိုးတာတောင်ရိုးရိုးလေးပါပဲ။

အနုပညာ ဆိုတာ ရိုးသားမှုပါပဲ လို့ထုတ်ဖော်ပြသွားသူက အသက် ၃၄နှစ်ပဲ ရှိသေးတဲ့ ဂရိတာ ဂါးဝစ် ဆိုတဲ့အမျိုးသမီး ဇာတ်ညွှန်းရေးဆရာမ ၊ ဒါရိုက်တာပါ။ဒါကြောင့်လဲ ရွှေကမ္ဘာလုံးဆန်ကာတင် စာရင်းဝင်ခဲ့တာပေါ့။

မင်းသမီးလေး.ဆာရှာရိုနင်ကလဲ ခေသူမဟုတ်ပါဘူး။ အသက် နှစ်ဆဲ့သုံးနှစ် နဲ့အော်စကာဆန်ကာတင် နှစ်ခါဝင်ထားသူပါ။ Attonement ရယ် Broklyn တို့နဲ့ပေါ့။သည်နှစ်တော့ အခု ဒီ Ladybird ရုပ်ရှင် နဲ့ ရွှေကမ္ဘာလုံး ဆု အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ကိုရသွားပါပြီ။အော်စကာ ကိုတော့ စောင့်ကြည့်ရဦးမှာပေါ့။

လေဒီ ဘဒ် က သူ့နာမည်ဝှက်ပါ။နာမည်ရင်းကာခရစ်စတင်း။ စီနီယာအထက်တန်းကျောင်းသူ။ကာလီဖိုနီရား မြို့တော် ဆ ခရာမင်တိုး ကကျောင်းသူပါ။အဖေ ကအလုပ် ပြုတ်လို့ စိတ်ကျရောဂါဝင်နေတယ်။အမေက မိသားစုကိုရှာကျွေးနေရတာ။

အသက် ဆယ့်ရှစ်နှသ် မပြည့်သေးတဲ့အပျိုပေါက်ကလေး လေဒီဘဒ် ကတော့ အမျိုးမျိုး စိတ်ကစားနေတာပေါ့။သူငယ်ချင်းအိမ်ကို သူ့အိမ်လို့ လိမ်ပြောလိုပြော။ရည်းစားထားလိုက်တာ ဂေး ဖြစ်နေတော့ ပြသနာကတက်။ သူအထင်ကြီးမိတဲ့ဂေါ်လီ မလေး ကလက်တွေ့မှာ မစွန်။ သူ့ကို စေတနာ ထားတဲ့ သူငယ်ချင်းကိုအပြစ်မြင်။ မိခင်က ကာလီဖိုနီးယားမှာပဲ ကောလိပ် ဆက်တက်စေချင်တာကို ကန့်လန့်တိုက်ပြီး နယူးယောက်ကို ပြောင်းလေတယ်။

ဒါရိုက်တာ ဟာအမျိုးသမီးတစ်ယောက်ဖြစ်တော့မိန်းကလေးတွေ ရဲ့စိတ် ကို ကောင်းကောင်းသိ ကျွမ်းပုံရပါတယ်။ လေဒီဘဒ် ရဲ့ စိတ်အလျဉ်နောက်ကို ရုပ်ရှင် လိုက်ပါ.သွားတာပါပဲ။

အခုနှစ်အတွက် အကောင်းဆုံး ကား၊ဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ မင်းသမီး ဆုတွေတော့ တစ်ပြေးနေလေရဲ့။
အိုင်းရစ်ရှ် နွယ်ဖွား အသက် နှစ်ဆယ့်သုံးနှစ်ပဲ ရှိသေးတဲ့ မင်းသမီးလေး ဆာရှာ ရိုနင် ကိုတော့ လေ့လာသင့်ပါတယ်။ဘရွတ်ကလင် တုန်းက ဘဝကိုဒေါင်လိုက်ဖြတ်ကူးမဲ့တစ်ကိုယ်တော် မိန်းကလေး၊ခုတော့ ကောလိပ်ကျောင်းသူ ကျွတ်သီးလေး။

အမေ သမီး ကို သဘောကျတယ် ဆိုတဲ့စကားလေး တစ်ခွန်းတောင် မပြောနိုင်ဖူးလား လို့ လိုက်မေးပုံ က သနားစရာ။ အသံ ကို အဆင့်သုံးဆင့် ခွဲ ပြီးပြောသွားတဲ့ပညာ ကိုတော့ ချီးကျူးရမှာပါ။

နောက်ဆုံးအမေက သမီးကိုလေယာဉ်ကွင်းလိုက်ပို့တဲ့အခါမှာ ကွင်းထဲ မလိုက်တော့ဖူးလားအမေဆိုတော့ ဘဝထဲ နင်တစ်ယောက်ထဲ ဖြတ်သန်းရဲပါတယ်လို့ အမေကပြန်ပြောတော့ ဖြစ်သွားတဲ့မျက်နှာတွေဟာအကောင်းဆုံးသရုပ်ဆောင်ချက်တွေပေါ့။

မိဘမေတ္တာဖွဲ့ တဲ့အခါ အနောက်က လူတွေဟာ စကားသိတ်မပြောဘူး။ဇာတ်ကွက်နဲ့ဖော်တယ်။ သမီး က အမေ့မေတ္တာ ကို အသိအမှတ်မပြုလေခြင်း လို့ စိတ်မကောင်းဖြစ်တဲ့အမေ ဟာ တစ်ယောက်ထဲ ကားမောင်းထွက်လာရင်း တစ်ဆင့်ချင်းပြိုကျလာတဲ့ မျက်ရည်စတွေ၊ လူရောကားပါအင်မတန်ရှုတ်လှတဲ့ လေဆိပ်ကြီး ရဲ့အလယ်မှာတာကျိုးသလို ဖြစ်ခဲ့ရပုံကို အနုစိတ် ရိုက်ပြသွားခဲ့ပါတယ်။

အင်မတန်ရဲရင့်တဲ့ဇာတ်သိမ်း ကို ရင်ခုန်စဖွယ် တွေ့လိုက်ရလေတယ်။အမျိုးသမီး ဒါရိုက်တာတွေ လက်စောင်းထက်လာတာ ကတော့ စံ နမူနာပြုရတော့မှာပါ။
ဇာဂနာ

No comments:

Post a Comment