Saturday, January 6, 2018
Heart Blackened
မီရာ ဘဝ မှာ အကုန်ပြည့်စုံတယ်။ဘာလိုချင်သလဲ။အကုန်ရတယ်။
ဖေဖေ ကင်ထယ်စန်းက သူဌေးလေ။
တအားချမ်းသာတာ။ဒါပေမဲ့ ဖေဖေ့ ဘဝမှာ မပြည့်စုံ တာ အချစ်ပဲ။
ပိုက်ဆံတွေ ရှာရင်း ငြိမ်းချမ်းတဲ့ မိသားစုဘဝ မရရှာဘူး။
ခုတော့ ဖေဖေ က အဆိုတော် အမျိုးသမီး တစ်ယောက်နဲ့လက်ထပ်တော့မယ်တဲ့။
သမီး မီရာ မကန့်ကွက်ပါဘူး။သဘောတူတယ်။
ဖေဖေ က ချစ်တဲ့
ဖေဖေ့ကိုချစ်တဲ့
အချစ်သင်္ကေတလေးထဲ ဖေဖေ ရှိနေပါစေ။
တကယ်တော့ သူဌေး ထယ်စန်း နဲ့အဆိုတော် ယူနာကို ဒိုမြောင်က မိတ်ဆက်ပေးခဲ့တာ။ဒိုမြောင် ရဲ့ ငယ်ချစ်ဦး က ယူနာ ပါ။ယူနာ ဟာ အဆိုတော် ဘဝနဲ့ရုန်းကန်နေခဲ့ရတာ။ခု အသက်လဲ ရလာပြီ။ ဘဝကမတည်ငြိမ်သေးဘူး။သူဌေး ထယ်စန်း နဲ့ ယူဖြစ်ခဲ့ရင် သူဌေးမ အဖြစ် တည်ငြိမ်သွားမှာပေါ့။ဒိုမြောင်က အနစ်နာခံ လိုက်ပါ့မယ်။
မီရာ က သူဌေးသမီးလေ။ပျော်မယ်ပါးမယ် ကမယ် ခုန်မယ်ပေါ့။သူ သွားနေကြ ကလပ် ကို တနေ့ သူ့အမေတော်ရမဲ့ ယူနာသီချင်းလာဆိုတယ်။အကုသိုလ် တက်ချင်တော့ ကလပ်လာတဲ့ ကောင်ကလေး စတိဗ် ရဲ့ ဖုန်းထဲကို video file တခုဝင်လာတယ်။စတိဗ် က ဖြန်လိုက်တာအကုန်လုံးဆီပြန့်ပါလေရော။ဖိုင် ထဲ မှာ ယူနာ နဲ့ ယောကျာင်္းတစ်ယောက် ဟိုတယ်အိပ်ခန်းထဲ က ပျော်ပါးမှုများ။ အဆိုတော် ယူနာလဲ သီချင်းဆိုမရတော့ဘူး။ရှက်တာပေါ့။သူုထက်ဆိုးတာက မီရာ။တနေ့အမေတော်ရမဲ့မိန်းမ ရဲ့ အိပ်ခန်းထဲ ကဇာတ်လမ်း။အဝတ်လဲခန်းထဲ မှာ ယူနာ နဲ့ သမီး မီရာ တို့ စကားများလိုက်တာ အကြီးအကျယ်။မီရာလဲ မူးအောင် သောက်ပစ်လိုက်မိတယ်။
ဆိုးလ် မြို့ ရဲ့ ည ကို လှုပ်နှိုးလိုက်တာ အထူးသတင်းတွေပဲ။
နောက်ဆုံးပေါ် ကားတစ်စင်းက လမ်းပေါ် မှာ တွေ့တာ မြင်တာ အကုန်လိုက်တိုက်နေလို့တဲ့။
ကားမောင်းလာသူက သူဌေးသမီး မီရာ။
ကလပ် အောက်ထပ် မှာ အဆိုတော် ယူနာကို လဲ တိုက်သတ်ခဲ့တယ် တဲ့။
CCTV ထဲ မှာ ယူနာကို မီရာ ကားနဲ့တိုက် ပစ်လိုက်တာ ရှင်းရှင်းကြီးလေ။
ဖမ်းခံရပြီ။တရားရုံးရောက်ပြီပေါ့။
အဖေ သူဌေး က သမီးလွတ်ဖို့ မျိုးစုံ ကြိုးပမ်းတယ်။ တရားသူကြီးရော၊ အစိုးရရှေ့နေရောကို ငွေပေးကမ်းလှမ်းတယ်။ရှေ့နေငှါးတာတောင် ချွဲ ဆိုတဲ့အမျိုးသမီးရှေ့နေ ကိုငှါးတယ်။ သူု ဆီမှာ နာမည်ကျော်ရှေ့နေတွေ အများကြီးရှိနေပေမဲ့ ရိုးသားတဲ့ ဖြောင့်မတ်တဲ့ အမျိုးသမီးရှေ့နေကိုမှ မရအရ ငှါးတာပါ။
ဒါပေမဲ့ သူ့သမီးကို ကယ်တင်နိုင်မဲ့ လမ်း ကိုရှာမတွေ့နိုင်ခဲ့ပါဘူး။
လုံးဝထင်မှတ်မထားတဲ့ ဇာတ်ရဲ့ အချိုးအကွေ့ကို ချိုးချလိုက်တာ ကျွန်တော် တို့ ရင်တုန်သွားရတယ်။
John grisham ရဲ့ တရားခွင်ရုပ်ရှင်တွေ pelican brief တို့ run away jury တို့ ကို ကြည့်ခဲ့ဖူးတာတောင် သူဌေးထယ်စန်းရဲ့လှည့်ကွက်ကို ထင် မထားမိခဲ့ဘူး။Primal fear မှာ ရစ်ချတ်ဂီး ကို အက်ဒွပ်နော် တန် က လှည့်စားခဲ့တာထက် ကြမ်းတယ်။အလျော်အစား က ကြီးတယ်။ ဘဝ နှစ်ခု အသက်နှစ်ခု လောင်းကြေးထပ်ရတာ။
မိဘမေတ္တာ ကို ဖွဲ့ရာမှာ တလောက လဲ ကိုရိးယား အမေ တစ်ယောက်ရဲ့ မေတ္တာအကြောင်းတင်ပြခဲ့ဖူးပါတယ်။
ခုတစ်ခါ တော့ အဖေ တစ်ယောက်ရဲ့မေတ္တာပါ။ကြက်သီးထလောက်အောင် လှပတဲ့ လှည့်ကွက်။
ကျွန်တော် ရုပ်ရှင်ပြီးတာတောင် ဆက်စဉ်းစားရတယ်။
ထယ်စန်းနေရာမှာ ကိုယ်သာ ဆိုရင် ဒိလို စွန့်စားရဲပါ့မလား။
မိဘမေတ္တာ ကို မျက်ရည်တွေ ဘူးသီးလုံးလောက် ကျပြ ငိုပြ မနေပဲ၊ ဇာတ်ကွက် နဲ့ချူလိုက်တာ ပြန်တွေးတိုင်း မျက်ရည် စို့စေပါတယ်။
Old boy မင်းသားကြီးကိုတလောက မြို့တော်ဝန်ကားမှာ နိုင်ငံရေးသမားလူညစ်ပတ်ကြီးအနေနဲ့ တွေ့ခဲ့ရပြီးပါပြီ။
ခုတော့ တချက်မပြုံးပဲ ပရိသတ်မျက်ရည်ကို ဆွဲယူသွားခဲ့တဲ့ သူုအနုပညာ မှော်ဝင်ခန်းကို တွေ့လိုက်ရပါပြီ။
လိမ် မှန်းသိပေမဲ့ပိရိလွန်းတော့ လိမ်ခဲ့သူကိုတောင် ချီးကျူးမိနေတော့တာပေါ့။
ဆောရီးပါ၊
ဇာတ်ကားနာမယ်က Heart Blackenedတဲ့။
ဇာဂနာ
Heart Blackened
Reviewed by timeayeyar
on
3:50 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment