Latest News

Thursday, January 25, 2018

Derailed ဆိုတဲ့ကားကို ဥပါယ်တံမျဉ် ဇတ်ကားက ကော်ပီယူထားတယ်ဆိုတာ ဟုတ်သလား


ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရထားတာကို သိသိကြီး နဲ့ မိန်းကလေး တစ်ယောက်ရဲ့ အနုပညာကို စုတ်ပြတ်သတ်သွားအောင် ၀ိုင်းပြီး မုဒိန်းကျင့်နေကြတဲ့သူတွေ မြန်မာ့ရုပ်ရှင် လောကမှာရှိနေတာ အတော်လေးကို ရှက်ဖို့ကောင်းပါတယ်။

ဥပါယ်တံမျဉ် ကားက ၂၀၀၅ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Derailed ဆိုတဲ့ ရုပ်ရှင်ကားကို ၈၀ ရာခိုင်နှုန်း ကော်ပီယူထားတယ်ဆိုပြီး ဟောလိဝုဒ်မှာ ဒါရိုက်တာ သင်တန်းတက်နေတဲ့ ကျောင်းသူတစ်ယောက်က ဆိုကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။

ကျနော်လည်း လက်ရှိ ဟောလိဝုဒ်မှာ နေနေတဲ့သူ၊ ဟောလိဝုဒ်မှာပဲ ဒါရိုက်တာ၊ ပရိုဂျူဆာ နဲ့ ဇာတ်ညွှန်းရေး ပညာရပ်တွေကို မာစတာဘွဲ့ နဲ့ ကျောင်းပြီးထားတဲ့ သူပါ။ (ကိုယ့်ကိုကိုယ် အမွှမ်းတင်နေတာ မဟုတ်ပါဘူး။) အဲဒါ ထားပါတော့။

အဲဒါ နဲ့ ညတုန်းက YouTube မှာ အဲဒီကား တစ်ကားလုံးကို တင်ထားတာ နဲ့ ပြီးအောင် ကြည့်လိုက်ပါတယ်။ ပြီးတော့ ၀ီကီပီးဒီယား စာမျက်နှာလည်း အဲဒီကား နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို အကုန်လုံး ပြီးအောင်ဖတ်ပါတယ်။ ဥပါယ်တံမျဉ် ကား နဲ့ Derailed ကား နဲ့ တူတာဆိုလို့ ပါဝင် နဲ့ ဇာတ်ကောင်အရေအတွက်၊ အဓိက ဇာတ်ကောင် နဲ့ ဗီလိန်ဇာတ်ကောင်လောက်ပဲ ဆင်တာပါ။ (တူတာမဟုတ်ပါဘူး)။ ဇာတ်အိမ်ဖွဲ့ပုံချင်းလည်းမတူဘူး။ ဥပါယ်တံမျဉ်ကားရဲ့ ဇာတ်အိမ်တည်ပုံက ပိုပြီး တည်ငြိမ်တယ်။ ဗီလိမ်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်တဲ့သူတွေကို ယှဉ်ကြည့်ရင်လည်း ဥပါယ်တံမျဉ်ကားထဲက သိန်းစိုးက ပိုပြီး တည်ငြိမ်တယ်။ ပိရိတယ်၊ သေသပ်တယ်။ ဒီဇာတ်ကား နှစ်ခုက တစ်ခြားစီပါ။

ဒီ ဥပါယ်တံမျဉ် ဇာတ်ကား နဲ့ ပက်သက်ပြီး ဒီလောက် ခါးခါး သီးသီး ဖြစ်နေကြတဲ့သူတွေကို မေးချင်တာက ....

မြန်မာရုပ်ရှင် လောကမှာ အနုပညာရှင်တွေရဲ့ သားတွေ၊ သမီးတွေ၊ ဆွေတွေ မျိုးတွေ ရုပ်ရှင် အနုပညာလောကထဲကို ၀င်လာမှ ခင်ဗျားတို့က ကြိုဆိုမှာလား? မိဘ ဆွေမျိုး အနုပညာအသိုင်းအ၀ိုင်း နောက်ခံ မရှိတဲ့ သူတေဆိုရင် ခင်ဗျားတို့က အခုလိုပဲ လိုက်ပြီးတိုက်ခိုက်နေကြမှာလား?

အကယ်ဒမီရ ဒိတ်ဒိတ်ကျဲ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီးတွေရဲ့ သား၊ သမီးတွေတောင် သူတို့ ကိုယ်နှိုက်က အနုပညာအပေါ် စိတ်ဝင်စားမှုရှိမှ အနုပညာလောကကို ခြေချနိုင်တာပါ။ ဒါတောင် ပါရမီမရှိလို့ မအောင်မြင်တဲ့၊ ဘာမှ ဖြစ်မလာတဲ့သူတွေ ခင်ဗျားတို့၊ ကျနော့် မျက်စိရှေ့မှာတင် အများကြီးပါ။ ခင်ဗျားတို့က နာမည်ကြီး၊ အကယ်ဒမီရ မင်းသား၊ မင်းသမီး၊ ဒါရိုက်တာတွေ ဖြစ်နေလို့ ခင်ဗျားတို့ရဲ့ သားသမီးတွေလည်း ခင်ဗျားတို့ဘက်က ပံ့ပိုးပေးရုံနဲ့ တင် ခင်ဗျားတို့ လိုမျိုး ဖြစ်လာလိမ့်မယ်လို့ ခင်ဗျားတို့က တစ်ထစ်ချ ယုံကြည်နေကြ တာလား?

ကျနော့်အပေါင်းအသင်းတွေထဲမှာ မြန်မာပြည်ထဲက နာမည်ကြီး ရုပ်ရှင် အနုပညာရှင်တွေရဲ့ သားသမီးတွေ အများကြီးပါ။ သူတို့ နဲ့ စကားပြော ကြည့်တယ်။ သူတို့ စကားပြောချင်လာတဲ့အခါမှာ သူတို့ ရင်ထဲက ခံစားချက်တွေကို ကျနော် သေချာ ဂရုတစိုက် နားထောင်ပေးတယ်။ တချို့ဆိုရင် ဘာပြောလဲ? မိဘတွေကသာ အတင်းနောက်ကနေ တွန်းအားပေးနေတာ။ ဖိအားတွေပေးနေတာ။ သားသမီးက အနုပညာ ဘက်ကို လုံးဝ (လုံးဝ) ကို စိတ်မပါတာ။ အဲဒါ မိဘအတွက်လည်း ပင်ပန်းတယ်။ သားသမီးအတွက်လည်း အရမ်းနစ်နာတယ်။

ဒါကြောင့် ခင်ဗျားတို့ရဲ့ တူတွေ၊ တူမတွေ၊ သားတွေ၊ သမီးတွေက အရမ်း ငယ်နေသေးတယ်ဆိုရင် "ငါ မလုပ်နိုင်တော့ရင်၊ ငါ့မျိုးဆက်တွေရှိသေးတယ်။ သူတို့ ဆက်လုပ်ကြမှာ" ဆိုတဲ့ စိတ် နဲ့ မာန်မာနတွေ ထောင်လွှားပြီး ပြင်ပကနေ ၀င်လာတဲ့ အလားအလာရှိတဲ့ မျိုးဆက်သစ်တွေရဲ့ အနုညာကို ၀ိုင်းပြီး မုဒိန်း မကျင့်ကြပါနဲ့။ အနုပညာ အလုပ်ဆိုတာ မျိုးရိုးရှိတိုင်းလည်း အောင်မြင်ချင်မှ အောင်မြင်တာပါ။ စန်းရှိမှ၊ ပါရမီရှိမှလည်း ဖြစ်တာပါ။

အခုဆိုရင် မြန်မာ့ရုပ်ရှင်လောကထဲကို ဒါရိုက်တာ အသစ် (၃) ယောက် ၀င်လာတယ်။ ထူးပိုင်ဇော်ဦး၊ ခရစ္စတီးနား ခီ၊ အာကာ ဆိုတဲ့ မြန်မာ လူငယ် ဒါရိုက်တာ (၃) ယောက်လုံး မတူညီတဲ့ ခြေလှမ်းတွေ နဲ့ မြန်မာ့ရုပ်ရှင်လောကထဲကို စပြီး အခြေချကြတယ်။ မြန်မာ့ရုပ်ရှင် လောက အပြောင်းအလဲဖြစ်ဖို့ ဘာတွေလိုတယ်ဆိုတာကို အဲဒီ လူငယ် ဒါရိုက်တာ (၃) ယောက်လုံးကလည်း သိတယ်။ ဒါကြောင့်လည်း မြန်မာ့ရုပ်ရှင်မှာ ရှားရှားပါးပါး ရုပ်ရှင် အမျိုးအစားတွေဖြစ်တဲ့ Suspense Drama နဲ့ ခရစ္စတီးနား ခီက သူ့ အနုပညာခြေလှမ်းကိုစတယ်။ ထူးပိုင်ဇော်ဦးက Psychological Thriller နဲ့ ၀င်တယ်။ အာကာက အရင့်အရင် ထွက်ထားတဲ့ မြန်မာရုပ်ရှင်တွေထဲမှာ မတွေ့ရခဲ့ဖူးတဲ့ ကင်မရာ အယူအဆ ရိုက်ချက်တွေ နဲ့ Action ဇာတ်ကားကို တမျိုးတဖုံး ဆန်းသစ်တယ်။

အဲဒီလူတွေ အဲဒီရုပ်ရှင်တွေ မရိုက်ကြခင်တုန်းက ခင်ဗျားတို့ရဲ့ ဦးနှောက်ထဲမှာ အဲလိုရိုက်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေမရှိခဲ့လို့လား။ ခင်ဗျားတို့မှာ ပိုက်ဆံတွေ ပုံအောပြီး ထုတ်လုပ်ပေးမယ့် ပရိုဂျူဆာတွေ ၀ိုင်းဝိုင်းလည်လို့။ အခု ဒီ လူငယ်ဒါရိုက်တာတွေက မြန်မာ့ရုပ်ရှင်မှာ လိုအပ်နေတဲ့ ကွက်လပ်တွေကို မြင်ပြီး အဲဒီကွက်လပ်တွေကို ဖြည့်ဆည်းပေးတာကို ခင်ဗျားတို့က ဘာလို့ ဒီလောက်ကြီး ခါးခါးသီးသီး ဖြစ်နေကြတာလဲ? ခင်ဗျားတို့ပါးစပ်က ပြောတော့ မြန်မာရုပ်ရှင် တိုးတက်ဖို့ဆို? အပြောင်းအလဲဆို? အခု အဲဒီအပြောင်းအလဲတွေ လာနေပြီလေ။ ခင်ဗျားတို့ ကြောက်နေတယ်မို့လား?

မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံ သေးသေး ငယ်ငယ်လေးထဲက နိုင်ငံတကာ မပြော နဲ့ အာရှရုပ်ရှင် ဈေးကွက်ကိုတောင် မထိုးဖောက်နိုင်သေးတဲ့ ရုပ်ရှင်လောက သေးသေးလေးထဲမှာ ခင်ဗျားတို့ နောက်ထပ် အနုပညာအလုပ်တွေ ဆက်လုပ်နိုင်ရင် အများဆုံး နောက်ထပ် ၁၅ နှစ်ပေါ့။ ခင်ဗျားတို့ရဲ့ အဖေအရွယ်၊ အဖိုးအရွယ် အနုပညာရှင်ကြီးတွေ လည်း ဒီလိုပဲ သွားခဲ့ကြတာပဲ။

ခင်ဗျားတို့ရဲ့ အဲဒီ အနုပညာသက်တမ်းတွေကို ဆွဲဆန့်ဖို့ ဆိုရင် အဲဒီအပြောင်းအလဲကို လက်ခံနိုင်ရမယ်။ လူသစ်တွေကို ကြိုဆိုရမယ်။ လူသစ်တွေရဲ့ အတွေးသစ်အမြင်သစ် နဲ့ ခင်ဗျားတို့မှာ ရှိထားတဲ့ ၀ါရင့်အတွေ့ အကြုံတွေနဲ့ စုပေါင်းပြီး လုပ်ကြမှ မြန်မာ့ရုပ်ရှင်လောက နလံထူမှာ။

ကျနော့်အနေနဲ့ ဘယ်သူ့ကိုမှ မုန်းဘူး။ ဘယ်သူ့ကိုမှလည်း ပဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေတာမဟုတ်ဘူး။ မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ မြန်မာလူမျိုး တစ်ယောက် အနေနဲ့ မြန်မာ့ရုပ်ရှင်ကို ချစ်တဲ့ စိတ်နဲ့ ပြောတာပါ။ ကျနော်ကိုယ်တိုင်လည်း မြန်မာရုပ်ရှင်တွေ ကြည့်ပြီး ကြီးပြင်းခဲ့ရတာပါ။ ဒါပေမဲ့ အိမ်နီးချင်း နိုင်ငံတွေ နဲ့ ယှဉ်ရင် တိုးတက်ဖို့ အများကြီး လိုနေသေးတဲ့ မြန်မာ့ရုပ်ရှင် လောက သေးသေးလေးထဲမှာ အခုလောက် ကြီးကြီးမားမား တိုက်ခိုက်မှုတွေကို မြင်ရတာ လူကြားလို့ မကောင်းပါဘူး။ ရှက်လည်း ရှက်ပါတယ်။ အခုလို ဖြစ်နေတာကို ဘေးနားကနေ ၀ိုင်းဝန်း ဖေးမ၊ တည့်မတ်ပေးကြမယ့် သူတွေ မရှိကြတော့ဘူးလား။
ကျော်သိင်္ခ

 

No comments:

Post a Comment