Latest News

Monday, January 29, 2018

ရွှေကျင်နိကာယသံဃာ့ အစည်းအဝေးကြီး ကျင်းပ

ရွှေကျင်နိကာယသံဃာ့ အစည်းအဝေးကြီး ကျင်းပ


ရန်ကုန်   ဇန်နဝါရီ   ၂၉

ဝီသတိမအကြိမ်  (အကြိမ်၂ဝ မြောက်)      ဗုဒ္ဓသာသနာတော်လုံး ဆိုင်ရာ    ရွှေကျင်နိကာယသံဃာ့ အစည်းအဝေးကြီးကို  ယနေ့နံနက် ၈  နာရီက  ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ  ဆေကိန္ဒာရာမကျောင်းတိုက်၌ ကျင်းပ သည်။

အစည်းအဝေးတွင်  သဘာပတိ ဆရာတော်အဖြစ် နိုင်ငံတော်သြဝါဒါ စရိယ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ  မဟာနာယကဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင်   ဝိဇ္ဇောတာရုံ ဆရာတော်    အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇောတ က  ဆောင်ရွက်တော်မူပြီး      အခမ်း အနားမှူးအဖြစ်   နိုင်ငံတော်သံဃ မဟာနာယက  အဖွဲ့ဝင်  ရွှေကျင် ဂိုဏ်းအကျိုးတော်ဆောင် မန္တလေးမြို့  အဝေရာရာမ ရန်ကင်းကျောင်းတိုက်  ပဓာနနာယက    အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ        သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သြဒါတသိရီဘိဝံသနှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး  ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်  တိုက်အုပ်ဆရာတော် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာအကျော် ဝိနယပါဠိပါရဂူ ပိဋကတ္တယပါရဂူ ဒွိပိဋကဓရ  အရှင်သိရီကဉ္စနာဘိဝံသ တို့က ဆောင်ရွက်တော်မူကြသည်။

ထို့နောက် အခမ်းအနားမှူး ဆရာတော်က အစည်း အဝေးစတင်ကြောင်းနှင့် အစည်းအဝေးသို့ ကြွရောက် တော်မူလာကြသော သံဃာအရေအတွက်ကို လျှောက်ထား ၍ အစည်းအဝေးအထမြောက်ကြောင်း ကြေညာသည်။

ယင်းနောက် အခမ်းအနားမှူး ဆရာတော်များက အစည်းအဝေးသဘာပတိနှင့် အရန်သဘာပတိဆရာတော် များအား  တင်မြှောက်တော်မူကြပြီး အစည်းအဝေးကို သာသနဿစ လောကဿ စသော နှစ်ဂါထာကို သုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ပေးတော်မူကြသည်။

ဖတ်ကြားပူဇော်

ဆက်လက်၍  မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ ကန်ရွာကန်တောရကျောင်း ဂိုဏ်းလုံးဝန်ဆောင်နာယက သာသနဓဇ  သိရီပဝရ  ဓမ္မာစရိယဆရာတော် ဘဒ္ဒန္တ တိက္ခာနန္ဒ ရေးသားပူဇော်သော အခမ်းအနားဖွင့် ထုတိ ဝေဒလ္လမင်္ဂလာဂါထာများကို   ရန်ကုန်တိုင်းဒေသကြီး တိုင်းသံဃနာယကအဖွဲ့ဝင်(ရွှေကျင်) ရွှေကျင်နိကာယ ဂိုဏ်းလုံး ဝန်ဆောင်နာယက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သာသနာ့ဝန်ဆောင်ကျောင်းတိုက် ပဓာန နာယက သာသနဓဇ ဓမ္မာစရိယ ဝိနယဝိဒူမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ စန္ဒသိရီက ဖတ်ကြားပူဇော်သည်။

ထို့နောက် အစည်းအဝေးသဘာပတိ နိုင်ငံတော် သြဝါဒါစရိယ ရွှေကျင်နိကာယာ ဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် ဝိဇ္ဇော တာရုံ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိဇ္ဇောတ မဟာထေရ်မြတ်က အဖွင့်သြဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူရာတွင် သာသနေ ဥရံ ဒတွာ ဟု သဘောထား၍ မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးကို အရှည်ခံ့၍ တည်တံ့ပြန့်ပွားစေရန် ဒီဃဒဿီ သာသနာ တော်မြတ်ကြီးအတွက် အရှည်ကိုမြော်မြင်၍ ကိုယ်စိတ် ပင်ပန်းမှုကို ပဓာနမထားဘဲ ရွှေကျင်နိကာယကိစ္စများကို ညှိနှိုင်းအဖြေရှာ၍ ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်ကြမည်ဟူသော သာသနာပြုစိတ်ဓာတ်ဖြင့် ကာယ စိတ္တ သာမဂ္ဂီပေး၍ ကြွရောက်တော်မူလာကြသည့် အတွက် အထူးပင်ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း။

အားရနှစ်သက်ကြည်နူး

တပည့်တော်များသည်  ယခင့်ယခင်ကာလများက သံဃပိတာမထေရ်မြတ်ကြီးတို့၏    သြဝါဒများကို အစဉ်ထာဝရ မျှော်လင့်၍ ဦးထိပ်ပန်ဆင်၍ နာကြားရခြင်း ကို အားရနှစ်သက်ကြည်နူးခဲ့ရပါကြောင်း။

ကောင်းမြတ်သောအစဉ်အလာဖြင့် ရွှေကျင်နိကာယ အာစရိယ ပရမ္ပရတို့သည် ရွှေကျင်ဂိုဏ်းကြီး၏ အရှည်ခံ့၍ တည်တံ့နိုင်စေရန် ကြီးကုန် ကြီးကုန်သော မထေရ်မြတ်ကြီး တို့၏ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ လမ်းစဉ် များကို ငယ်ကုန် ငယ်ကုန်သော သိဿနု သိဿ အစဉ် အဆက်  ဦးထိပ်ပန်ဆင်၍  လိုက်နာကျင့်သုံးကြသဖြင့် ရွှေကျင်ဂိုဏ်းကြီးသည် ယခုမျက်မှောက်အချိန်တန်အောင် ကျစ်လျစ်သိပ်သည်းစွာဖြင့် စည်းလုံးညီညွတ်လျက်ရှိပါ ကြောင်း။

ယခုဝီသတိမအကြိမ်တွင်လည်း ရှေးနည်းအတူပင် စည်းဝေးတိုင်ပင်၍ သုံးသပ်ဆုံးဖြတ်တော်မူကြလျက် အချို တွင် သကာလောင်းသကဲ့သို့ ကောင်းသည်ထက်ကောင်း အောင် ဆောင်ရွက်တော်မူကြပါကုန်ဟု မြွက်ကြားသည်။

ယင်းနောက်   ဝီသတိမအကြိမ် (အကြိမ်၂ဝ မြောက်) ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ  ရွှေကျင်နိကာယသံဃာ အစည်းအဝေးကျင်းပရေး ဗဟိုအလုပ်အမှုဆောင် သံဃာ အဖွဲ့၏ ကြိုဆိုနှုတ်ခွန်းဆက်(ပစ္စုဂ္ဂမနအဘိမင်္ဂလကထာ)ကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ရွှေကျင်)ဥက္ကဋ္ဌ ရန်ကုန်မြို့ သာကေတမြို့နယ် ပါဠိကာရီပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိ တ ဒီဃနိကာယကောဝိဒ ဒေါက်တာ ဘဒ္ဒန္တ  အင်္ဂီသ       က လျှောက်ထားတော်မူသည်။

ထို့နောက်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ နိုင်ငံတော်သမ္မတကိုယ်စား   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  သူရ ဦးအောင်ကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထား ရာတွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ ဆည်းကပ်ကိုးကွယ်သည်နှင့်အညီ ဗုဒ္ဓဘုရား ရှင်၏ အဆုံးအမဒေသနာတော်များကို အရှင်မဟာကဿပ အစရှိသော သင်္ဂါယနာတင် ရဟန္တာမထေရ်ကြီးများ ချမှတ် တော်မူခဲ့သည့်အတိုင်း   သံဃာတော်အရှင်မြတ်များ ဦးဆောင်၍  ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံအတွင်း တရားဝင်တည်ရှိနေသော သံဃာ့ ဂိုဏ်းကြီး ကိုးဂိုဏ်းဝင် သံဃာတော်များသည် မိမိတို့ဆရာ စဉ်ဆက် အဆုံးအမသြဝါဒများအတိုင်း လိုက်နာကျင့်သုံး လျက်ရှိကြသဖြင့်  ထေရဝါဒ  ပရိယတ္တိသာသနာတော် ထီးဝန်းကြီးတစ်ခုအောက်၌ အားလုံးမကွဲမပြား  သာသနာ့ တာဝန်ကို ထမ်းရွက်တော်မူလျက်ရှိကြပါကြောင်း။

ခံယူလိုက်နာ

ရွှေကျင်နိကာယသံဃာ့ဂိုဏ်းကြီးသည် ဝီသတိမ အကြိမ်(၂ဝ)မြောက် သာသနာတော်လုံးဆိုင်ရာ ဂိုဏ်းလုံး ဝန်ဆောင် အစည်းအဝေးကြီးကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာ ဆေကိန္ဒရာမ ကျောင်းတိုက်ကြီး၌ ၂၉-၁-၂ဝ၁၈ ရက်နေ့မှ ၃၁-၁-၂ဝ၁၈ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ရွှေကျင်နိကာယ   သံဃာ့အစည်းအဝေးကြီးအတွင်း သာသနာတော်တစ်ရပ်လုံးနှင့်တကွ ဂိုဏ်းသံဃာတော်များ အကျိုးအတွက် လိုအပ်သောဆုံးဖြတ်ချက်များချမှတ်ခြင်း၊ စည်းမျဉ်းဥပဒေများထုတ်ပြန်ခြင်း၊ မဟာထေရ်ဆရာတော် ဘုရားကြီးများ၏ အဆုံးအမသြဝါဒများကို ခံယူလိုက်နာကျင့်သုံးကြခြင်းစသည့် ဆောင်ရွက်ချက်များမှာ စည်းလုံး ညီညွတ်သော  သံဃာ့အဖွဲ့အစည်းကြီး  တစ်ရပ်၏ ကောင်းမြတ်သော အစဉ်အလာများဖြစ်၍ တပည့်တော်တို့ ဒါယကာ ဒါယိကာမများအနေဖြင့် ဝမ်းမြောက်ဝမ်းသာစွာ ဖြင့် ကြည်ညိုပူဇော်လျက်ရှိကြကြောင်း။

ရှေ့ဆက်လက်၍ ဆရာတော်ဘုရားများ ဆောင်ရွက် တော်မူနေသည့် သာသနာတော်ဆိုင်ရာကိစ္စနှင့် သံဃာ့ အဖွဲ့အစည်းဆိုင်ရာကိစ္စများတွင် နိုင်ငံတော်အစိုးရအနေ ဖြင့် လိုအပ်သောအကူအညီများ၊ ပံ့ပိုးကူညီမှုများအပြင် သာသနာတော်    သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် စပ်လျဉ်း၍ ဓမ္မစက်ဖြင့် ဆောင်ရွက်ရာတွင် လိုအပ်သော အာဏာစက်အကူအညီများ ပံ့ပိုးပေးလျက်ရှိနေပါကြောင်း၊ ပရိယတ္တိသာသနာတော် အခြေခံဖြင့် တည်တံ့ခံ့ထည်နေ သော ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး မညှိုးမှိန်ရ လေအောင် ဂိုဏ်းပေါင်းစုံသံဃာတော်များနှင့် တပည့်တော် တို့ ဒါယကာ ဒါယိကာမများ ဆရာဒကာ လက်တွဲ၍ အစဉ် ထာဝရ အလေးထားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါကြောင်း။

ရွှေကျင်နိကာယသံဃာ့ဂိုဏ်းကြီး   အဓွန့်ရှည်ကြာ တည်တံ့ပါစေ၊  ရွှေကျင်နိကာယ  သံဃာ့ဝန်ဆောင်       သာသနာ့ဦးသျှောင်မထေရ်မြတ်ကြီးများ သက်တော်ရှည် ကျန်းမာစွာဖြင့် သာသနာတော်မြတ်ကြီးအကျိုး ပွားတိုး ဆောင်ရွက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း တပည့်တော်၏ လျှောက်ထားလွှာကို နိဂုံးချုပ်အပ်ကြောင်း လျှောက်ထားသည်။  

ပေါ်ထွန်းလျက်ရှိ

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သာသနာရေးဆိုင်ရာများကို လျှောက်ထား ရာတွင်    ''ရွှေကျင်ဂိုဏ်းကြီးတွင် ကျောင်းပေါင်း ၃၇၄၉ ကျောင်း၊ ရဟန်းတော်ပေါင်း ၂၄၈၃၁ ပါး၊ သာမဏေပေါင်း ၂၄၄၄၁ ပါး စုစုပေါင်း  သံဃာတော် ၄၉၂၇၂ ပါးရှိပြီး ပရိယတ်၊ ပဋိပတ် နှစ်ရပ်ပြည့်ဝ ဂိုဏ်းပေါင်းခသည့် နိုင်ငံ တော် သြဝါဒါစရိယဆရာတော်ကြီးများ၊  တိပိဋကဓရ၊ တိပိဋက ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ နိုင်ငံကျော် ဓမ္မကထိကဆရာတော်ကြီးများ စသည်တို့ ပေါ်ထွန်းခဲ့ပြီး ယခုလက်ရှိလည်း ပေါ်ထွန်းလျက်ရှိသည်ကို ကြားသိရပါ ကြောင်း၊ ဖူးတွေ့ခွင့်များလည်း ရရှိနေပါကြောင်း။

''နိုင်ငံတော်အစိုးရကလည်း ဂိုဏ်း၊ဂဏ၊ ပုဂ္ဂလ ခွဲခြား သတ်မှတ်မှုမရှိဘဲ ဗုဒ္ဓသာသနာရေးကို အားပေးလျက်ရှိပါ ကြောင်းကိုလည်း အထူးပင်လျှောက်ထားလိုပါကြောင်း။

''ယခုကဲ့သို့ ရွှေကျင်နိကာယဝင်ဆရာတော်၊ သံဃာ တော်များကို တစ်နေရာတည်းမှာပင် စုံစုံညီညီ ဖူးတွေ့ခွင့် ရရှိသည့်အတွက် သာမဏာနဉ္စဒဿန မင်္ဂလာတိုးပွားရပါ ကြောင်း၊ အလွန်ပင်ဝမ်းမြောက်မိပါကြောင်း လျှောက်ထား လိုပါကြောင်း။

လှူဒါန်းထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ထေရဝါဒဗုဒ္ဓသာသနာပြုဆရာတော်၊ သံဃာတော်များ သာသနာပြုကိစ္စဆောင်ရွက်ကြရာတွင် မပင်မပန်း ချမ်းသာ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ပစ္စည်းလေးပါးဖြင့် အစဉ် အမြဲ အားပေးလှူဒါန်းထောက်ပံ့သွားမည်ဖြစ်ပါကြောင်း'' လျှောက်ထားသည်။

ယင်းနောက် ရုရှားနိုင်ငံ မော်စကိုမြို့ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဣဿရိယက ရုရှားနိုင်ငံတွင် ဗုဒ္ဓသာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက်  ဆောင်ရွက်မှုများကို ဖတ်ကြား လျှောက်ထားတော်မူသည်။

ဆက်လက်၍ သဘာပတိဆရာတော်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  သူရဦးအောင်ကိုနှင့်ဇနီး၊  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်သက်ပုံနှင့် ဇနီး၊  တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် ဝီသတိမအကြိမ် (အကြိမ် ၂ဝ မြောက်) ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ  ရွှေကျင်နိကာယသံဃာ့ အစည်းအဝေးကြီး  ဖြစ်မြောက်ရေးအတွက် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့က လှူဒါန်း သော အလှူငွေကျပ် သိန်း ၃ဝ ကို  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံသည်။

ဆက်လက်၍  အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံပြီး သဘာပတိဆရာတော်က  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကာ အစည်းအဝေးကို နံနက်ပိုင်းတွင် ခေတ္တရပ်နားသည်။

သြဝါဒကထာများ

မွန်းလွဲပိုင်းတွင် အစည်းအဝေးကို ဆက်လက်ကျင်းပ ရာ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာ ဝိသုဒ္ဓါရုံတိုက်သစ် မတ္တရာသူဌေးကျောင်း ဆရာတော် ဘဒ္ဒန္တ မာနိတ သိရီဘိဝံသနှင့် မွန်ပြည်နယ် မော်လမြိုင် မြို့နယ် ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ ပဓာန နာယက အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ အာစိဏ္ဏတို့က သြဝါဒကထာများကို မြွက်ကြားချီးမြှင့်တော် မူကြသည်။

ထို့နောက်   သီရိလင်္ကာနိုင်ငံ   ရွှေကျင်နိကာယ သာသနာရေးရာ လျှောက်ထားလွှာကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဝိသုဒ္ဓါရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ရတနဇောတိက ဖတ်ကြားလျှောက်ထားပြီး သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမြို့ အရှင် သန္တိန္ဒြိယက ဗုဒ္ဓသာသနာ စာတမ်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပုဇွန်တောင် ရွှေကျင်ကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ခေမာစာရ  ရေးသားပူဇော်အပ်သော ဓမ္မသေနာပတိ အဘယာရာမဆရာတော်  (သို့မဟုတ်) အဘယာရာမ သီဟနာဒစာတမ်းကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  သဒ္ဓမ္မရံသီရိပ်သာ ဆရာတော် ဘဒ္ဒန္တ ဝဏ္ဏိတ ကလည်းကောင်း  ဖတ်ကြား လျှောက်ထားတော်မူကြပြီး အစည်းအဝေးပထမနေ့ကို ညနေပိုင်းတွင်ရပ်နားသည်။

ဝီသတိမအကြိမ် (အကြိမ်၂ဝ မြောက်) ဗုဒ္ဓသာသနာ တော်လုံးဆိုင်ရာ ရွှေကျင်နိကာယသံဃာ့အစည်းအဝေးကြီး ကို ယနေ့မှ ဇန်နဝါရီ ၃၁ ရက်အထိ ဆက်လက်ကျင်းပမည် ဖြစ်ပြီး ညပိုင်းတွင် တိပိဋက ယောဆရာတော်၊ သီတဂူ ဆရာတော်နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်တို့က တရားတော်များ ဟောကြားချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment