Latest News

Monday, January 22, 2018

ကော်နံ့သင်းတဲ့ ထောင်ဟင်းများ( ဝင်းဇော်နိုင်)


၂၀၁၈ ခုနှစ်စပြီဆိုတာနဲ့ နိုင်ငံရေး အကျဉ်းသား နှစ်ဦး ကင်ဆာ ရောဂါနဲ့ ဆုံးပါးခဲ့ပြီ၊ ကင်ဆာဆိုတာက နိုင်ငံရေးလုပ်လို့ အာဏာရှင်တော်လှန်ခဲ့လို့ ထောင်မကျပေမယ့် ဖြစ်တက်တဲ့ ရောဂါမျိုးပါ၊ ဒါပေမယ့် ထောင်ကျ
နိုင်ငံရေး အကျဉ်းသားတွေရဲ့ နေ့စဉ် စားသောက်နေထိုင်ပုံတွေကို အကျဉ်းထောင်တွင်း နေထိုင်ခဲ့ဖူးသူတိုင်း သိပါတယ်။

ထောင်ကကျွေးတဲ့ အစားအစာဟာ သန့်ရှင်းမှု ဆိုတာမျိုး စိတ်ကူးတောင်ယဉ်လို့မရပါဘူး၊ မသေထမင်း မသေဟင်းပဲ ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့ ရက်ပိုင်းက အစ်ကို တစ်ယောက်က ပြောတယ် ထောင်ဆိုတာ အရင်က ခဲရေ သောက်ရတာတဲ့ ၊ အကျဉ်းသား အားလုံး သောက်တဲ့ ရေကန်ထဲမှာ ခဲတွေထည့်ထားတာတဲ့။

ဘာ့ကြောင့် ခဲရေထည့်လဲဆိုတော့ သဘာဝအလျောက် ဖြစ်တက်တဲ့ ကိလေသာစိတ်ကုန်ခန်းအောင်
(ပန်းသေရန်) အတွက် ပြုလုပ်ခဲ့တာတဲ့၊ အခု
အချိန်မှာတော့ ခဲရေ မတိုက်တော့ဘူး ခဲတွေ ရေကန်ထဲ မရှိတော့ဘူးလို့ ကြားပါတယ် ၊ ဒါပေမယ့် နှစ်ပေါင်းများစွာ ခဲတွေ စိန်ခဲ့တဲ့ ရေကန်ဟာ အခုချိန်ထိ သုံးစွဲ နေမြဲဖြစ်ပါတယ်။

နောက်တစ်ခုက ထောင်ကကျွေးတဲ့ထမင်း
အဝါရောင်သန်းပြီး ချက်ပြီး တစ်နာရီ အတွင်း
အညာက ကြော်တဲ့ ထမင်းကြော်လို မာပြီးလိပ်သွားတာပဲ၊ ဟင်းကကော တာလပေါ့လို့ခေါ်ပြီး ထောင်တွင်းက စိုက်ပျိုးထားတဲ့ အသီးအရွက်တွေကို အရေကျိုထားတာ တခါတရံ တီကောင်တွေတောင်ပါတယ်၊ အင်းစိတ်ထောင်က လူ ရှစ်ထောင်ကျော် ကျွေးတဲ့ ထမင်းဟင်းဟာ သန်ရှင်းသပ်ရပ်မှုဆိုတာ မျှော်တိုင်းဝေးတဲ့
ရွှေပြည်တော် လိုပါပဲ ။

တစ်ပတ်မှာ ၂ ကြိမ်သာ စားရတဲ့ ကျွေးတဲ့ ကြက်ဥပြုတ်မှာ ပြဿ နာ မရှိခဲ့ပေမယ့် အမဲသားမှာတော့ လက်မသာသာ အတုံးလေးကို တစ်နာရီနီးပါး ပါးစပ်ထဲ ငုံပြီး စားမှသာ ကုန်သွားတာမျိုး ဘယ်တော့မှ နူးအောင် ချက်ပြုတ်ထားတာမျိုး ၂၀၁၂ ခုနှစ်တိုင်အောင် မစားခဲ့ရပါဘူး။

နောက်ပြီးတော့ ထောင်ဝင်စာဆိုတာ ထောင်ကျသွား သူများအတွက် အတော်များများက တစ်လ တစ်ကြိမ်လာကြတယ် ၊ ၁၅ ရက် တစ်ကြိမ်လာနိုင်တဲ့လူဟာ အတော်ရှားပါးပါတယ်၊ လာထားပြီးသား ထောင်ဝင်စာကို မှိုတက်ခံပြီး စားကြရတယ်၊ အဲဒီထက်ဆိုး တာက
ကော်နဲ့ ချက်ပြုတ် စားသောက်ရတာပါပဲ ။

ဂက်စ်၊ ထင်း၊ မီးသွေး တို့နဲ့ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေမှာ ချက်ပြုတ်စားသောက်ကြရတာ
မဟုတ်ပါဘူး။ အသက်ရှင်သန်ဖို့ စားသောက်ရတဲ့ အချက်အပြုတ်ဆိုတာ ရေသန့်ဘူးတို့ အိမ်ကငရုတ်သီးကြော် ထည့်ပေးလိုက်တဲ့ ကော်ဗူး တွေနဲ့ချက်ပြုတ် စားသောက်ကြရတာပါ။

အသက်ရှင်ဖို့ ချက်ဟင်းကို ခိုးချက်စားရတဲ့ နေရာမှာ ကော်တွေကို မီးရှို့ပြီး ဟင်းချက်ရတယ်၊ ဟင်းချက်တဲ့ အခန်းဆိုရင် ကော်နံ့တွေနဲ့ ဘယ်သူမှ မနေချင်လောက်အောင် နံနေပါတော့တယ်။ ကော်နံ့တွေ ရောထွေးနေတဲ့ မိုတက်ပြိးသား ဟင်းတွေကို ပြုပြင်ချက်စားလာတဲ့တာ နှစ်တွေချီပြီး ကြာမြင့်နေသူတွေ အနေနဲ့ ကျန်းမာရေးက သာမာန်မဟုတ်တာ သေချာနေပါပြီ။

မှိုတက်နေတဲ့ အစားအစာနဲ့ ကော်နဲ့ ချက်ပြုတ်ထားတဲ့ ဟင်းတွေ မစားဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာ ရှားပါတယ်၊ ဘာ့ကြောင့် အဲသလိုပြောရသလဲဆိုတော့ သာမန်အကျဉ်းသားတွေကို အဆောင်တွေမှာ ထားတာ ဖြစ်လို့ပါပဲ ၊ အချို့သော နိုင်ငံရေးအကျဉ်းသားတွေကိုတော့ အဆောင်မှာ ထားတာရှိပါတယ်။ ဒါကတော့ အင်းစိန်ထောင်က အခြေအနေတစ်ခု ဖြစ်ပါတယ်။

အစားအသောက်ဆင်းရဲယုံပဲလားဆိုတော့ မဟုတ်ပါဘူး အနေအထိုင် ဆင်းရဲပါတယ် ၁၀ ပေ ၁၂ ပေ ၊ ၁၀ ပေ ၁၀ ပေ၊ စသဖြင့် အဲသလို အခန်းလေးထဲမှာ ၂၄ နာရီ အပြည့် နေရသူတွေ ၊ ၂၄ နာရီမှ နာရီဝက်သာ အပြင်ထွက်ခွင့်ရသူတွေ ၊ ၂၄ နာရီမှာ ရေချိုးရင် ၁ နာရီသာ လမ်းလျှောက် ရေးချိုးခွင့်ရသူ အမျိုးမျိုး ရှိကြပါတယ် ၊ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှသာ တစ်နာရီ မှစ၍ ထောင်ဖွင့်ထောင်ပိတ်ချိန်ထိ ဖြစ်သွားတာပါ။ နေရတဲ့ အခန်းလေးထဲမှာ လက် ၅လုံးနီးပါး ပျဉ်အဆင့်လေးပေါ်မှာ နေရတာပါ အကျယ်က ၃ပေသာ ရှိပါတယ်။

ဆောင်းတွင်းအချိန်မျိုးမှာ အရိုးထိအောင်အေးပြီး နွေရာသီမျိုးမှာ မီးနီလေး ထွင်းထားတဲ့ အခန်းလေးဟာ တစ်ညလုံး ပူအိုက်နေပါတော့တယ်။ သောက်ရေထဲ အဆိပ်ခပ်ထားမလား စိတ်ရိမ်စိတ်များနဲ့ နေ ည အချိန်တိုင်းဟာ အခန်းကျဉ်းလေးထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသူများအဖို့ ကျန်းမာရေးဟာ ကောင်းပါ့အုံးမလား။

ထောင်တွင်း နေထိုင်မကောင်း ဖြစ်ကာစဟာ အပြင်က သွင်းတဲ့ဆေးမရှိလို့ကတော့ ပါရာစီတမော့ ၊ဘာမီတွန် လောက်နဲ့ နေရတာပါ ၊ အများဆုံးက ဗိုက်အောင့်တာ ဖြစ်ပြီဆိုရင် ဘာဆေးမှန်းမသိ ထိုးပေးရင် အိပ်ပျော်သွားလို့သာ ရောဂါဟာ သက်သာသွားခဲ့ရတာပါ။

နိုင်ငံရေး အကျဉ်းသားတွေဟာ စစ်ကျောရေးမှာလဲ သက်သောင့်သက်သာ ဖြတ်သန်းခဲ့ရသူဟာ မရှိသလောက်ရှားပါတယ်၊ စစ်ကျောရေးမှာ လက်ထိပ်ခက်ထားပြီး ရိုက်ချင်သလို ရိုက် စစ်ခဲ့ကြတာပါ။ အချို့များဆို အရက်သောက်ပြီး စစ်တယ် စိတ်မထင် မထင်သလိုရိုက်တယ် ၊ ထမင်းမကျွေးဘူး ရေတိုက်တယ် ဆေးလိပ်တိုက်တယ်လမအိပ်ရဘူး နေ့ည စဉ်ဆက်မပျက် ၅ ရက်လောက်စစ်ကြတယ်၊ စစ်ကျောရေးမှာ အသက်ဆိုတာ မရှင်ချင်လောက်အောင်ပါဘဲ ။ အဲသလို ရိုက်နှက်စစ်ဆေးခဲ့ကြပေမယ့် ကျနော်တို့တတွေကတော့ အားလုံး မဖော်ခဲ့ကြဘူး၊ အသားအနာခံပြီး အာဏာရှင်ရဲ့ လက်ကိုင်တုတ်တွေကို စိတ်ဓာတ် စစ်ဆင်ရေး ပြန်လုပ်ခဲ့ကြတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ၂၀၁၀ ခုနှစ်လမတိုင်ခင် ရင်ဆိုင်ခဲ့ရတဲ့ တရားရုံးတွေဆိုတာကလဲ စာအိတ်အမိန့်နဲ့ အထက်ညွှန်ကြားချက်တွေနဲ့ ထောင်ပြင်မထွက်ရဘဲ အင်းစိန်ထောင်တွင်း တရားရုံးမှာဘဲ ထောင်ကျနှစ်တွေကို ပိုင်ဆိုင်ခဲ့ကြရတာပါ။

၂၀၁၂ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား တော်တော်များများ လွတ်လာခဲ့ကြပြီးနောက်ပိုင်း ထောင်တွင်းမှာ ရခဲ့တဲ့ ဝမ်းတွင်းက ဒဏ်ရာဒဏ်ချက်တွေကို ဘယ်လိုသမားတော်နဲ့မှ ကုလို့မပျောက်လို့ သေဆုံးနေကျပြီ၊ နောက်ထပ်လဲ သေကျရအုံးမှာဘဲ၊ ဒဏ်ရာတွေ ကိုယ်စီလွယ်ပြီး နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အမည်နာမကို ဒီမိုကရေစီအစိုးရလို့ဆိုတဲ့ ခေတ်ကြီးထဲမှာ တရားဝင်ဘအသိအမှတ်ပြု မခံရခင် သေဆုံးသွားရပြီ၊ နောင်တမရ ခဲ့ကြပေမယ့် နောင်ဘဝရောက်တာတောင် မြန်မာ့နိုင်ငံရေးကို စိတ်မအေးနိုင်ခဲ့ကြဘူး။

ဒဏ်ရာတွေ ကိုယ်စီလွယ်ပြီး အခက်အခဲပေါင်း မြောက်များစွာထဲမှာ ဒီမိုကရေစီရေး ၊ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေကြရင်း အသက်တွေသာ ဆုံးရှုံးသွားရတယ် ပန်းတိုင်က ဝေးနေဆဲ ဖြစ်တယ်။

ဒီကနေ့ လူသိများတဲ့ ကိုမင်းကိုနိုင်လို လူမျိုးမှာလဲ ရောဂါရှိတယ် ၊ လူမသိ သူမသိ နိုင်ငံရေးအကျဉ်းသားများမှာလဲ ထောင်တွင်းက ဒဏ်ရာတွေအပြည့်နဲ့ သင်ပုန်းချေရေးဆိုတာ ကျနော်တို့ အသက်တွေပေးပြီး ချေနေရတာ၊ ကျနော်ဆက်မပြောလိုတော့ဘူး ၊ အားလုံးကောင်းပါတယ်လို့ သံပြိုင်ဟစ်ခိုင်းတဲ့ အာဏာရှင်အလိုကျ လုပ်ရပ်တွေကို ကျနော်တို့ တော်လှန်ခဲ့တယ်၊ မတရားမှု မှန်သမျှ ခေါင်းငုံ့ခံတက်ဖို့ သင်ယူခဲ့ကြတာ မဟုတ်ပါဘူး။ ။

စိတ်ကူးရရင် ထောင်အကြောင်း ဆက်ရေးပါအုံးမည်။

ဝင်းဇော်နိုင်
https://www.facebook.com/kowinzawnaing/posts/639898959467115

No comments:

Post a Comment