Latest News

Monday, January 22, 2018

သမတ ဒေါ်နယ်ထရမ့် အစိုးရယန္တရား ဘာလို့ ရပ်တန့်ရတာလဲ။

ဒီရပ်တန့်မှုနောက်ဆက်တွဲအဖြစ် လတ်တလောမှာ ဗဟိုအစိုးရ၀န်ထမ်း (၈၅၀,၀၀၀) ခန့်
လုပ်ခလစာမပေးနိုင်လို့၊ အလုပ်က ယာယီအနားပေးထား(furlough)ရပါတယ်။
လစာမရကြဘူး။ တနင်္လာနေ့အထိ ဆက်လက်ရပ်တန့်နေမယ်ဆိုရင်တော့
ဗဟိုအစိုးရ၀န်ထမ်း (၂)သန်းလောက် ရှိတဲ့အထဲက တ၀က်လောက်နီးပါးလောက်ကို
အနားပေးရမှာ ဖြစ်ပါတယ်။ အကြောင်းရင်းများစွာမှာ ဗဟိုအစိုးရရဲ့အသုံးစရိတ်
ဘတ်ဂျက်ကိစ္စနဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေက အဓိက ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့် အစိုးရ ရပ်တန့်ရခြင်း အကြောင်းရင်းနဲ့
နောက်ဆက်တွဲပြဿနာတွေ

ဒီနေ့ တနင်္လာနေ့မှာဆို အစိုးရတစိတ်တပိုင်းရပ်တန့်နေတာ (၃) ရက်
မြောက်ရှိပါပီ။ ဆီးနိတ် (အထက်လွှတ်တော်) ထဲက ရီပတ်ဘလစ်ကန်
ခေါင်းဆောင် မစ်ခ်ျမက်ကွန်းနဲလ် (Mitch Maconnel)က လာမယ့်အပတ်မှာ
ဒါကာ (DACA) အစီအစဉ်ကို မဲပေးပါ့မယ်။ လို့ အတိုက်အခံဒီမိုကရက်
အမတ်တွေကို အာမခံလိုက်တဲ့နောက်မှာတော့ အစိုးရယန္တရား အပြည့်အဝ
ပြန်လည်ပတ်ဖို့ အထက်လွှတ်တော်အမတ်တွေက ဖေဖေါ်ဝါရီ (၈) ရက်
နေ့ထိ၊ ယာယီအသုံးစရိတ်အစီအစဉ်တခုကို မဲပေးခဲ့ကြပါတယ်။

အစိုးရယန္တရား ရပ်တန့်တာကို အဆုံးသတ်ဖို့ဆိုရင် သမတလက်မှတ်
မထိုးခင် အောက်လွှတ်တော်က အတည်ပြုဖို့ လိုပါသေးတယ်။

စကတည်းက ယဉ်သကိုဆိုသလိုပဲ။ အမေရိကန် နိုင်ငံရေးသမိုင်းမှာ
ဒေါ်နယ်ထရမ့် သမတ ဖြစ်လာကတည်းက ပြိုင်ဖက်ပါတီ ဒီမိုကရက်တွေ မပြောနဲ့
သူ့ကို ရွေးလိုက်တဲ့ သူ့ပါတီ (ရီပတ်ဘလစ်ကန်) ထဲမှာတောင်မှ
စိတ်ပျက်လက်ပျက် ဖြစ်နေကြတာ မီဒီယာမှာ မကြားချင်အဆုံး။
လွှတ်တော် (၂) ရပ်စလုံးမှာလည်း ရီပတ်ဘလစ်ကန်တွေ ကအများစုပါပဲ။

ပြည်သူအများစုကတော့ သူတို့စိတ်ကြိုက် ဖန်တီးထားတဲ့ စနစ်ထဲ
(၂၀၀၈အောက်က ဗမာပြည်လိုပါပဲ) မှာ မြေစာပင်တွေပါပဲ။

အခုလည်း သမတ ဖြစ်ပီး ပထမဆုံး ဘတ်ဂျက်နှစ် အကုန် (စက်တင်ဘာ ၃၀။ ၂၀၁၇)
မှာ ၂၀၁၈ ဘတ်ဂျက်အတွက် ဆီးနိတ်မှာ အတည်ပြုဖို့ လုပ်ကြတယ်။ အခုဆို ၂၀၁၈
ဘတ်ဂျက်နှစ်ထဲ ၀င်လာတာ ၃ လခွဲ ကျော်နေပီ။
ဘတ်ဂျက် အတည်ပြုလို့မရသေးဘူး။ ဒီတော့ လစဉ်၊ လစဉ် အသုံးစရိတ် ချပေးတဲ့
စနစ်နဲ့ပဲ အစိုးရက လည်ပတ်နေရတယ်။ ဒီတော့ အစိုးရ ယန္တရားလည်ပတ်မှုက
အတော်ကမောက်ကမ ဖြစ်နေတယ်။ ဒီအထဲမှာ သူဌေးကြီး သမတ ဒေါ်နယ်ထရမ့်
က သူ့လူတွေ အိတ်ဖောင်းဖို့ အစီအစဉ်တွေဖြစ်တဲ့ အစိုးရအသုံးစရိတ်တွေမှာ
အများပြည်သူအတွက် အသုံးစရိတ်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး။ ကလေး
သူငယ်များနဲ့သက်ကြီးရွယ်အိုများအတွက် ရံပုံငွေ၊ ကျန်းမာရေးအာမခံ မ၀ယ်နိုင်တဲ့
ဝင်ငွေနည်းပြည်သူတွေအတွက် ဖွင့်လှစ်ထားတဲ့ ဒေသန္တရာဆေးရုံ
(community health center) တွေအတွက်ပေးရမယ့် ရံပုံငွေတွေ စတာ စတာတွေကို
ဖြတ်တောက်ပစ်ပီး။ သူဌေးတွေအတွက် အကျိုးရှိစေမယ့် အခွန်လျှော့ပေါ့တဲ့
(tax break) အစီအစဉ်တွေ တသီကြီးချမှတ်လုပ်ဆောင်နေတယ်။

ဒီအခွန်လျှော့ပေါ့တဲ့စနစ်က အမေရိကန်လူဦးရေရဲ့ ၁% သာရှိတဲ့ ထိပ်တန်း လူချမ်း
သာတွေရဲ့ ၁၀ ပုံ ၂ပုံ အိတ်ထဲကို (၃၅၃) ဘီလျံဒေါ်လာ ရောက်သွားစေတယ်။ လို့
အထက်လွှတ်တော်အမတ် ဘာနီဆန်ဒါက ဝေဖန်ပြောဆိုတာလည်း ကြားနေရပါတယ်။

ဘတ်ဂျက်ဥပဒေကြမ်း ကျဖို့၊ အတည်ပြုဖို့ဆို၊ ဆီးနိတ်(အထက်လွှတ်တော်) အမတ်
(၁၀၀) မှာ အမတ် (၆၀) ကထောက်ခံဖို့လိုတယ်။ လက်ရှိ အထက်လွှတ်တော်ထဲမှာ
ရီပတ်ဘလစ်ကန်က (၅၁)ယောက်၊ ဒီမိုကရက်က (၄၁)ယောက်၊ နဲ့တသီးပုဂ္ဂလ က
(၂)ယောက် ရှိပါတယ်။

(ရီပတ်ဘလစ်ကန်ဂိုဏ်း) ဒေါ်နယ်ထရမ့်အစိုးရ က တောင်းနေတဲ့ ၂၀၁၈
အတွက် ဘတ်ဂျက်က မဲခွဲမဲဆိုရင် ဘယ်လိုမှ မကျနိုင်ဘူး။ ရှုံးမယ်ဆိုတာ
သေချာပေါက်သိတယ်။ ဒါကြောင့် အစိုးရကို ပိတ်ပစ်လိုက်တာပဲ။ လို့
အတိုက်အခံတွေက ပြောဆိုကြပါတယ်။

ဒီမိုကရက်ဂိုဏ်းက အစိုးရယန္တရားပိတ်စရာမလိုဘူး။ ဒီဘတ်ဂျက်ကိစ္စနဲ့ပတ်သက်လို့
ဆီးနိတ်မှာ ထိုင်ပီး ပြေလည်အောင်ညှိနှိုင်းကြမယ်။ လို့ ပြောတယ်။ ဒါပေမဲ့ ဆီးနိတ်ထဲက
မစ်ခ်ျ မက်ကွန်းနဲလ် ခေါင်ဆောင်တဲ့ ရီပတ်ဘလစ်ကန်ဂိုဏ်းက လုံးဝညှိနှိုင်းတာ မလုပ်ဘဲ။
အစိုးရယန္တရားကို ရပ်တန့်ပစ်လိုက်တာပဲ ဖြစ်တယ်။ လို့ ဆိုပါတယ်။

အစိုးရတခုရဲ့ နှစ်စဉ် ဘတ်ဂျတ်ကိစ္စနဲ့ပတ်သက်လို့ အရေးကိစ္စတိုင်း၊ ကိစ္စတိုင်းမှာ
နှစ်ဖက်လွှတ်တော်အမတ်တွေ ညှိနှိုင်း ပြင်ဆင် အတည်ပြုကြတာ မဆန်းပါဘူး။
ဒါပမဲ့ ဒီတခါ အကြပ်အတည်း ဖြစ်နေတာက ရီပတ်ဘလစ်ကန်တွေ တင်ပြထားတဲ့
မက္ကစီကန်တံတိုင်းအတွက် ဘတ်ဂျက် (၁၈)ဘီလျံ နဲ့စစ်သုံးစရိတ်တိုးတောင်းနေ
တာတွေမှာ ဒီမိုကရက်တွေက သဘောမတူဘူး။

တဖက်မှာလည်း ဒီမိုကရက်တွေ တောင်းဆိုနေတဲ့ လူဝင်မှုကြကြပ်ရေးကိစ္စ ထဲက
တခုဖြစ်တဲ့ ဒါကာ (DACA) အစီအစဉ်ကို ရီပတ်ဘလစ်ကန်တွေက သဘောမတူဘူး။
သမတက လက်မှတ်မထိုးဘူး။ ဒီတော့ ဒီမိုကရက်တွေကလည်း (ရီပတ်ဘလစ်ကန်တွေ)
တင်ပြတဲ့ ၂၀၁၈ ဘတ်ဂျက်ဥပကြမ်းကို မထောက်ခံဘူး။ မဲမပေးဘူး။
အချုပ်က ဒါပါပဲ။

ဆက်စပ်နေတဲ့ပြဿနာတွေ

ကိစ္စတခုက ဒီမိုကရက်တွေက ဒီနိုင်ငံမှာ ရောက်နေတဲ့ တရားမ၀င်နေ
ထိုင်နေကြတဲ့ Dreamers (၈)သိန်းလောက် ပြန်မပို့ရေးသဘောထား
ရှိကြတယ်။ ရီပတ်ဘလစ်ကန်က ပြန်ပို့ချင်တယ်။ နောက်ကိစ္စတခုက
မက္ကစီကိုနယ်စပ်က နောက်ထပ်ခိုးဝင်လာသူတွေကို တားဆီးဖို့ ရီပတ်
ဘလစ်ကန်တွေက အမေရိကန်နဲ့မက္ကစီကိုနယ်စပ်မှာ (၃၂၀၀)ကီလိုမီတာ
ရှည်တဲ့ တံတိုင်းခတ်ဖို့ ဘတ်ဂျက် (၁၈)ဘီလျံ တောင်းထားတယ်။
ဒီမိုကရက်တွေက ဒါကို သဘောမတူဘူး။ အဓိက ပြဿနာကတော့
လူဝင်မှုကြီးကြပ်ရေးကိစ္စနဲ့ဘတ်ဂျက်ကိစ္စမှာ သဘောထားကွဲလွဲ၊
ထိပ်တိုက်တွေ့နေကြတာပဲ။

ဒီတော့ ဒီကိစ္စ နှစ်ခုကို ၂ခုကို အပေးအယူ (Compromise) လုပ်လို့ရရင်
အစိုးရယန္တရားလည်း ပြန်လည်ပတ်မှာပါပဲ။ လို့ သုံးသပ်ပြောဆိုမှုတွေလည်း
ကြားနေရတယ်။

ဒီဖြစ်ရပ်ရဲ့အဓိကနောက်ခံအကြောင်းရင်းကို ပြောရမယ်ဆိုရင်
ဒါကာ(DACA) လို့ခေါ်တဲ့ ကလေးဘ၀ ရောက်ရှိနေထိုင်မှုဆိုင်ရာ
ဆိုင်းငံ့ အရေးယူဆောင်ရွက်မှု Deferred Action for Childhood Arrivals (DACA)
အကြောင်းနဲ့စရပါမယ်။

ဒါကာ (DACA) ဆိုတာ

အမေရိကန်ပြည်ထောင်စုအတွင်း တရားမ၀င် ရောက်ရှိနေထိုင်နေတဲ့
မိဘတွေနဲ့အတူပါလာတဲ့ ကလေးသူငယ်များကို ပြန်မပို့ဖို့နဲ့ ဆက်လက်နေထိုင်ခွင့်ပြုဖို့၊
အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ ဆိုတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒ တခု ဖြစ်ပါတယ်။

ဒီမူဝါဒကို ၂၀၁၂ခုနှစ် ဇွန်လမှာ အိုဘားမားအစိုးရက ချမှတ်ခဲ့တာ
ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရားမ၀င်ရောက်ရှိနေထိုင်တဲ့ မိဘတွေနဲ့အတူပါလာတဲ့
ကလေးတွေဟာ ၂၀၁၇၊ ဇန်န၀ါရီလ၊ (DACA) အစီအစဉ် စာရင်းအရဆို (၇၄၀,၀၀၀)
ရှိပါတယ်။ ဒီကလေးတွေအများစုဟာ အခုဆို လူကြီးတွေဖြစ်ကုန်ကြပီး၊ ဘွဲ့ရပညာတတ်
တွေဖြစ်ကုန်ကြကာ အစိုးရအဖွဲ့အသီးသီး၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ကုမ္ပဏီ
လုပ်ငန်းအသီးသီးမှာ ၀င်ရောက်လုပ်ကိုင်နေကြပါတယ်။

ဒါပေမဲ့ သူတို့တွေဟာ ဒီကနေ့အထိ အမေရိကန်ပြည်ထောင်စုမှာ တရားဝင်နေထိုင်ခွင့်
အနေအထား မရရှိပါဘူး။ ဒီမတိုင်ခင်က ဒီလူတွေနဲ့ပတ်သက်လို့ တရားဝင်အနေအထား
(အမြဲတန်းနေထိုင်ခွင့်၊ နိုင်ငံသား စသည်ဖြင့်)အဆင့်အတန်း ရရှိစေဖို့
DREAM Act (Development, Relief, and Education for Alien Minors Act)
ဆိုတဲ့ ဥပဒေကြမ်းတခုကို ၂၀၀၁ မှာ စတင်အဆိုပြုတင်သွင်းခဲ့ဖူးပါတယ်။
နှစ်စဉ်လည်း အဆိုတင်သွင်းမြဲပါပဲ။ အခုထိတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
(DREAM Act) နဲ့သက်ဆိုင်အကြုံးဝင်နေသူ ဒီိလူတွေကို Dreamers တွေလို့
ခေါ်ဝေါ် သုံးနှုံးကြပါတယ်။

ဒါတွေကို သမတ အိုဘားမားလက်ထက်မှာ ဒီလူတွေကို တရားဝင်အနေ
အထားမျိုး မဖြစ်ခင်။ သူတို့ကို ပြန်မပို့ဖို့နဲ့တရားဝင်အလုပ်လုပ်ကိုင်ခွင့်
ဆက်လက်ရဖို့အတွက် ဒါကာ (DACA) ပေါ်လစီကို အိုဘားမားရဲ့ဒီမိုကရက်အစိုးရ
အဖွဲ့က ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပေါ်လစီကိုလည်း (၂)နှစ်တကြိမ် ပြန်လည်
သုံးသပ်၊ သက်တန်းတိုးချဲ့တာတွေ လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီတော့ အိုဘားမားအစိုးရက ၂၀၁၂ ကစပီး (၂)နှစ်တကြိမ် ဆက်လက်
အတည်ပြုပီး သက်တန်းတိုးလာလိုက်တာ အိုဘားမား အစိုးရသက်တန်း
ကုန်တဲ့အထိပါပဲ။ ဒီကြားထဲမှာလည်း ဒီလူတွေကို ဒီလိုပေါ်လစီနဲ့ (၂)နှစ်
တကြိမ် သက်တန်းတိုးနေမဲ့အစား၊ တရားဝင်အနေအထားရောက်အောင်
တရားဝင်လမ်းကြောင်းတခု(Legal path)ဖွင့်ပေးဖို့လည်း ဒီမိုကရက်တွေ
က လိုလားပါတယ်။ (တနည်း) (DREAM Act) ကို အတည်ပြုနိုင်ဖို့
ကြိုးပမ်းကြပါတယ်။

အမေရိကန်လူထု (၈၇%) ကလည်း ဒါကို လိုလားကြတယ်ဆိုတာ စစ်တမ်းတွအရ
ဖော်ပြနေတယ်။ လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ၊ အာဏာရ ရီပတ်ဘလစ်ကန်အစိုး
ရဖြစ်တဲ့ ဒေါ်နယ်ထရမ့်အစိုးရကတော့ ဒါနဲ့ဆန့်ကျင်ဖက်ပဲ၊ ဒီလူတွေကို ပြန်ပို့ဖို့
သဘောထား ရှိကြပါတယ်။ ဒီတော့ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်မှာ၊
သမတအာဏာနဲ့ ၂၀၁၇၊ စက်တင်ဘာလမှာ ဒီ (DACA)ပေါ်လစီကို ပြန်လည်ရုပ်
သိမ်းပစ်လိုက်ပီး၊ လက်တွေ့အကောင်အထည်ဖော်ဖို့ကိုတော့ (၆) လဆိုင်းငံ့ပြီး
(၂၀၁၈) မတ်လ ကျ၊ ကွန်ဂရက်မှာဆွေးနွေးကြဖို့ ထရမ့်က သတ်မှတ်ခဲ့ပါတယ်။

ဒါနဲ့ ဆက်စပ်နေတဲ့ ဥပဒေတခုကတော့
အမေရိကန်ပြည်ထောင်စုအတွင်း တရားမ၀င်ရှိနေတဲ့ကလေးသူငယ်များ
ဆိုင်ရာ ဖွံ့ဖြိုးရေး၊ ကယ်ဆယ်ရေးနှင့်ပညာရေး အက်ဥပဒေ လို့ခေါ်တဲ့ (DREAM Act)
ဥပဒေကြမ်းအဆိုပြုချက်တခုကို ၂၀၀၁ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့မှာ
အထက်လွတ်တော်အမတ်တွေဖြစ်တဲ့ အီလီနွိုက်ပြည်နယ်က ဒီမိုကရက်အမတ်
ဒစ်ခ်ဒါဘင်(Dick Durbin, D-Illinois) နဲ့ ယူတာပြည်နယ်က ရီပတ်ဘလစ်ကန်အမတ်၊
Orrin Hatch (R-Utah) တို့က စတင်၊ တင်သွင်းခဲ့ပါတယ်။
အဲဒီကတည်းက ဒီဥပဒေကြမ်းဟာ အကြိမ်ကြိမ်တင်သွင်းခဲ့ပေမဲ့လည်း ဒီကနေ့အထိ
အတည်ပြုခြင်း မရှိသေးပါဘူး။

ဒီကနေ့ နောက်ဆုံးရ သတင်းအရဆိုရင်တော့ လာမယ့် အပတ်မှာ ဒါကာ(DACA) ကိစ္စ မဲပေးဖို့ သဘောထားကျပီး မကြာမီ အစိုးရယန္တရား
အပြည့်အ၀ ပြန်လည်ပတ်ဖို့ ဖြစ်နိုင်မယ့် အလားအလာတွေ တွေ့လာနေရတယ်။

နောက်ဆက်တွဲ အခြေအနေတွေ နေ့စဉ် မိတ်ဆက်ပေးသွားပါမယ်။
စောနောင်

No comments:

Post a Comment