Latest News

Tuesday, January 9, 2018

အသည်းမာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ


ညီငယ်ကို သွားအားပေးရင်း အသည်းမာချင်ယောင်ဆောင်နေရတာ
ရင်ထဲမှာမကောင်းဘူး ။ မနှစ်က ဘောင်းဘောင်းခွဲစိတ်ကုသခံစဉ်
ရေးခဲ့တဲ့စာလေးပြန်တင်လိုက်တာပါ ။

" အသည်းမာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ "

နိုင်ငံရေးအကျဉ်းသား မရှိပါဘူး လို့ ဘူးခါ ခဲ့တဲ့ အရင်အုပ်စိုးသူတွေလဲ
အကျဉ်းထောင်ထဲရောက် ၊ အဖမ်းခံကြရ ၊ နေအိမ်အကျယ်ချုပ်ဖြစ်သူဖြစ် ။
သူတို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မလား ၊ မသတ်မှတ်ဘူးလား ။
ဘာဘဲဖြစ်ဖြစ် ဘဝတူလာတော့လဲ စာနာရတာပါဘဲ ။

အသည်းမာတယ်လို့ပြောရင် စိတ်ဓါတ်မာကျောတယ် ၊ ခံနိုင်ရည်ရှိတဲ့အဓိပ္ပာယ် ။
ဟုတ်ပါတယ် ။ ဝမ်းနည်းကြေကွဲစရာတွေ ခံစားရတာတောင် ဒီလူတွေရှေ့မှာတော့
မေးကြောကြီးတွေထောင်နေအောင် ကြိတ်ပြီးတင်းခံမယ် ၊ အသည်းမာတယ်ပေါ့ ။

အခုပြောချင်တာက တကယ့်ကို အသည်းမာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ။
ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးထဲမှာ အသည်းရဲ့ လုပ်ငန်းတာဝန်တွေဟာ
အင်မတန်ထူးခြား ရှုတ်ထွေးပါတယ် ။ အဆိပ်အတောက်တွေအကုန်လုံးကို
ခြေဖျက်စစ်ထုတ်ရတယ် လို့ဆိုပါတယ် ။ အထူးသဖြင့် စားသောက်လိုက်တဲ့
အစားအစာတွေထဲမှာ ပါလာတဲ့ ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေမယ့်
ဓါတ်ပစ္စည်းတွေကို ဖျက်ဆီးပေးရပါတယ် ။ အသည်းကို ဒုက္ခအပေးဆုံးက
အဆီ ၊ အငံ ၊ အစပ် တွေပါတဲ့ ။ ပြီးတော့ အရောင်ဆိုးဆေး နဲ့ မှိုတက်အစာတွေပါ ။
ထောင်ကျနိုင်ငံရေးအကျဉ်းသားတွေအတွက် အိမ်ကတတ်နိုင်လို့ ပုံမှန်လာနိုင်ရင်တောင်
၁၄ ရက်တစ်ကြိမ်ဘဲ လာခွင့်ရှိပါတယ် ။ မိသားစုလုံးဝလာမတွေ့နိုင်တဲ့ သူတွေအများကြီးပါ ။
နယ်စွန်နယ်ဖျားထောင်တွေ ပို့လိုက်လို့ကတော့ အိမ်ကတတ်နိုင်ရင်တောင်
လာမတွေ့နိုင်တော့ပါဘူး ။ ၁၄ ရက်တစ်ခါ လာနိုင်တဲ့သူတောင် ထောင်ဝင်စာကို
၁၄ ရက်ခံအောင် ပြင်ဆင်ရပါတယ် ။ ငါးခြောက်ကြော် ၊ ငါးပိကြော် ၊ ဘာလချောင်ကြော် ၊
အမဲကြော် ၊ ကြက်ကြော် ၊ ဝက်သားကြော် ၊ သရက်သီးသနပ် ၊ လက်ဖက်သုတ် ၊
ဒါပုံမှန်ပါလေ့ရှိတဲ့ ပစ္စည်းတွေပါဘဲ ။ အတောင့်တဆုံးကတော့ ချက်ဟင်းဘဲ ။
စိုစိုဖတ်ဖတ်လေး စားချင်တာကိုး ။ မတတ်နိုင်ဘူးလေ ။
တတ်နိုင်တဲ့သူက အသားကြော်လေးဘာလေးပါမယ် ။
အများစုကတော့ ငါးပိ ၊ ငါးခြောက်ပေါ့ ။ ဒါတောင် ၂ မျိုးဘဲခွင့်ပြုတယ် ။ ၃ မျိုးဘဲခွင့်ပြုတယ် ။
တစ်မျိုး ငါးဆယ်သားဆိုတာမျိုး ကန့်သတ်ပါသေးတယ် ။ အဆီ ၊ အငံ ၊ အစပ် ၊ ဒါပါဘဲ ။
ထောင်ဝင်စာလာတဲ့သူက မလာနိုင်တဲ့သူတွေကိုကူညီကြရပါတယ် ။
ရှားရှားပါးပါးမို့ ဘာလေးဘဲဖြစ်ဖြစ် တန်ဘိုးရှိနေတော့တာပါဘဲ ။ အသည်းရဲ့လုပ်ငန်းတာဝန်
တွေလဲ စဉ်းစားမနေနိုင်ပါဘူး ။ အဆီ ၊အငံ ၊ အစပ်တွေနဲ့ဘဲ အသက်ဆက်နေရတာမလား ။
အစပ်ကလေးပါမှလဲ လျှာရင်းလေးမျက်တာမို့ အိမ်ကမလာနိုင်တဲ့သူတွေအတွက်တော့
ထောင်ကပေးတဲ့ ဖလံဖြူငြုတ်သီးမှိုတက်လေးဟာ စားမြိန်စရာပေါ့ ။
လာနိုင်တဲ့သူတွေအတွက်မလဲ မှိုတက်သွားတဲ့ အမဲကြော် ၊ ဝက်သားကြော်တုံးလေး
ဘယ်ပစ်ရက်ပါ့မလဲ ၊ အသာအယာလေးပွတ်သတ်ပြီး မှိုနံ့သင်းသင်းလေးလွေးပစ် ။
တစ်ရက်လဲမဟုတ် ၊ တစ်လလဲမဟုတ် ၊ ဒီကြားထဲတစ်ချို့ဆို ထောင်ဝင်စာပြတ်သွားမှာစိုးလို့
ခြွေတာပြီး အကြာကြီးသိမ်းထား မှိုတက်စားနေတာတွေတောင်ရှိရဲ့ ။
ဝမ်းကိုက်တာကနေ အသက်ပါ သွားတာလဲ ထောင်ထဲမှာ ကြုံခဲ့ရ ။
ဝမ်းကိုက်ပိုး အသည်းထဲ ရောက်သွားလို့ တဲ့ ။ ဖြစ်မှဖြစ်ရလေတယ် ။
အဆီ ၊ အငံ ၊ အစပ် ၊ အစားအသောက်မှိုတက် ၊ အဆိုးဆုံးက ငြုတ်သီးမှိုတက် ။
ရလာဒ်ကတော့ အသည်းနဲ့ပတ်သက်တဲ့ ရောဂါ ဝေဒနာများ ။
အသည်းခြောက်သတဲ့ ။ အသည်း ကြွတ်သတဲ့ ။
ထောင်တွေကပြန်လွတ်တော့လဲ ဆေးစစ်ကြည့်မိတဲ့သူတွေ
B ပိုး C ပိုး ရှိနေတာတွေ တော်တော်များပါလား ။
မစစ်လို့ မသိတဲ့သူတွေ ဘယ်လောက်ရှိသလဲမသိ ။
အသည်းတွေမာလှချည့်လား နိုင်ငံရေးအကျဉ်းသားများရယ် ။
အသည်းတွေ ကြွေပါပေါ့ ၊ တစ်ယောက်ပြီးတစ်ယောက် ။
အသည်းမှာ ဒဏ်ရာတွေ နဲ့ လွတ်လာပြန်တော့ အသည်းနာစရာတွေ နဲ့
ထပ်ကြုံရတဲ့ သူတွေကျတော့လဲ ယမကာလေး နဲ့ ဒဏ်ရာတွေဆေးသတဲ့ ။
စိတ်ဒဏ်ရာတွေ အသည်းအနာပေါ် ထပ်ထပ်ဆင့် ။

လှမျိုးနောင် ၊ ကိုသန်းတင် ( ကြီးသန်း ) ၊ ကိုကျော်ဇော ၊ .......
ကျနော့်အရင်းဆုံးတွေ တစ်ယောက်ပြီးတစ်ယောက် ........
မသောက်တတ်တဲ့သူတွေ ဘာကြောင့်များ အသည်းကြွေရတာလဲ ။

၈၈ နိုင်ငံရေးစလုပ်ကြတော့
နိုင်ငံရေးလုပ်ရင် ဖမ်းခံရမယ် ။ ဘဝပျက်သွားနိုင်တယ် ဆိုတာတော့
ကြိုတွက်ထားလို့ ရပါတယ် ။ အဲဒီတုန်းက ဘယ်မှာမှန်းမသိတဲ့
" ရေကြည်အိုင် " ဆိုတာကြီးဟာ ခြောက်ခြားစရာကြီးမဟုတ်လား ။
တစ်ခြားဘာမှမျှော်လင့်စရာမရှိ ။ နတ္ထိ ။ ဘာမှလဲ မမျှော်လင့်ခဲ့ကြ ။
အသည်းမာမာ နဲ့ လုပ်ခဲ့ကြတဲ့ ကျနော်တို့ တစ်တွေ
ထောင်ထဲမှာ အသည်းတွေခြောက် ၊ မာ ၊ ကြွတ်ဆတ် သွားနိုင်တဲ့
နေထိုင်စားသောက်မှုပုံစံကိုလဲ ကြိုတင် မမျှော်လင့်ခဲ့ကြ ။
အခုတော့ ရောဂါသည်းမှ ဆေးရုံသွားပြ ကြရ ။
ဆေးဘိုးကုန်ကျငွေကိုလဲ ကြားလိုက်ရော.....
" အသေဘဲခံလိုက်တော့မယ် ။ ဘယ်တတ်နိုင်မလဲ ။ " ဆိုတဲ့
ရင်နင့်စရာ အသံတွေ ...... ။

" အသည်းမာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ "
" အသည်းမာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ "
" အသည်းမာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ "

[ အသည်းကင်ဆာ ခွဲစိတ်ကုသမှု ခံယူနေရသော ညီငယ် ဇော်မင်း
(ဘောင်းဘောင်း) အတွက်ခံစား ရေးဖွဲ့ပါသည် ။ ]
ကိုကိုကြီး
( ၂-၁-၂၀၁၆ )ု

No comments:

Post a Comment