Latest News

Monday, January 8, 2018

ခြေတုန်လက်တုန်နဲ့ရေးတဲ့စာ


ဒီစာကို ခြေတုန်လက်တုန်နဲ့ရေးတယ်ဆို ယုံပေးပါ။
အခုထိ လွတ်လပ်စွာမပြောရဲလို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရတာ ဟုတ်မှဟုတ်ပါ့မလားဆိုပြီး သံသယ၀င်မိတာလည်း အကြိမ်ကြိမ်ပါ။
ကိုယ့်ဟာကိုယ်တစ်ယောက်တည်းဆို ကိစ္စမရှိပါဘူး။ မိသားစုရှိတဲ့လူတစ်ယောက်အတွက် သူတို့ကို ငဲ့ကွက်ပြီး ပြောမထွက်တာလည်း အကြိမ်ကြိမ်ပါပဲ။
.
လက်ရှိ အစိုးရအနေနဲ့ စာမေးပွဲ ငါးကြိမ်ဖြေရမယ့်အချိန်မှာ ၂ ကြိမ်ဖြေပြီးပါပြီ။ ရလဒ်ကတော့ အများသိတဲ့အတိုင်းပါပဲ။
သိတယ်ဆိုတဲ့နေရာမှာတော့ အမျိုးမျိုးရှိပါသေးတယ်။ ကိုယ်သိချင်တာပဲ ကွက်သိတာလား။ မသိချင်တဲ့သတင်းတွေကျတော့ ကျော်ခဲ့သေးလားဆိုတာပါပဲ။
.
ကျနော် ဘေဂျင်းကိုရောက်တော့မှ မြန်မာအကြောင်း ပိုဖတ်ဖြစ်ပါတယ်။
နိုင်ငံတကာသတင်းတွေကို ဖတ်လိုက်ရင် ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။
သူတို့အနေနဲ့ မြန်မာနိုင်ငံကို ရိုဟင်ဂျာအကြောင်း၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့အကြောင်း ဝေဖန်တာကလွဲရင် ကျန်တာက အချက်အလက်တွေရတာ အများကြီးပါပဲ။ ဥပမာ မြန်မာနိုင်ငံမှာ tourism industry (ခရီးသွားလုပ်ငန်း) က တစ်နှစ်ကို ၂၀ ရာခိုင်နှုန်း တက်လာတယ်ဆိုတဲ့သတင်း၊ ပုဂံဒေသမှာ မီးပုံပျံတွေနဲ့ ပို့ပေးတဲ့ မြန်မာပိုင်ကုမ္ပဏီရဲ့ စတော့ရှယ်ယာဟာ စင်ကာပူ စတော့ဈေးကွက်မှာ မြင့်တက်လာတယ်ဆိုတဲ့သတင်းကိုလည်း ကျနော် ဖတ်ရပါတယ်။
.
နောက်ပြီး ဗီဇာကင်းလွတ်ခွင့်ကိစ္စမှာလည်း အာဆီယံနိုင်ငံတွေအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေနဲ့လည်း ကင်းလွတ်ခွင့်ရအောင်လုပ်ဖို့အတွက် ရန်ပုံငွေတိုးမြှင့်ဖို့ အကြံပေးနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဖတ်ရပါတယ်။
.
နောက်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာဖို့၊ မြန်မာနိုင်ငံကို ပိုပြီးမျက်စိကျလာဖို့အတွက် နိုင်ငံခြားသားတွေကို ကွန်ဒိုစပ်တူပိုင်ဆိုင်ခွင့် ဥပဒေပြဌာန်းပေးလိုက်တယ်ဆိုတဲ့သတင်းကိုလည်း ဖတ်ရပါတယ်။ (အသေးစိတ်ကို သေချာပြန်ရှာဖတ်ပြီးရင် edit လုပ်ပြီး ဖြည့်ပေးပါ့မယ်။ ဖတ်လိုက်ရသူတွေရှိရင်လည်း ကွန်မန့်ပေးသွားပါ)
.
နောက်ပြီး မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်မှာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ online trading system ကို မကြာခင် မိတ်ဆက်သွားမယ်ဆိုတာမျိုးလည်း ဖတ်ရပါသေးတယ်။ ဒါတွေက ဒီရက်ပိုင်း ဖတ်ရတာတွေပါ။ ကျနော် ဒီသတင်းတွေကို ဖတ်ပြီးတဲ့အချိန်မှာ တခြားသူတွေရော ဒီသတင်းတွေကို ဖတ်ပြီးကြပြီလားဆိုတဲ့အတွေး ၀င်လာမိပါတယ်။
.
ကျနော် သေချာပေါက်သိပါတယ်။ သတင်းသမားတချို့ကလွဲရင် အများစု မဖတ်ရလောက်သေးပါဘူး။
.
ဒီနေ့မှ ထပ်ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်လည်း ရှိပါသေးတယ်။ တောင်ကိုရီးယားနဲ့ မြန်မာအကြား ကုန်သွယ်မှုပမာဏက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ရဲ့ ပထမခုနစ်လအတွင်းမှာ ဒေါ်လာ ၄၅၈ သန်းရှိတယ်ဆိုတဲ့သတင်းပါ။ ကိုရီးယားဆီက ၀ယ်တာကတော့ နည်းနည်းပိုများပါတယ်။ ဘာတွေလဲဆိုတော့ အလှကုန်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေ အများစုပါ။ မြန်မာက ပို့တာကတော့ ပဲအမျိုးမျိုး၊ ဆန်နဲ့ သီဟိုဠ်သီး၊ သရက်သီး စတာတွေပါ။ ဒါကိုကြည့်ရင် မြန်မာအနေနဲ့ ဒီကုန်စည်တွေကို ပြည်တွင်းမှာ နည်းနည်း တွင်ကျယ်အောင် ပိုလုပ်ပြီး ပို့ကုန်တန်ဖိုးနဲ့ ပမာဏကို အများကြီးတိုးလာအောင် လုပ်လို့ရသေးတယ်ဆိုတာ ကျနော်လူပြိန်းအတွေးနဲ့ တွေးကြည့်တာတောင် သိပါတယ်။ ပြောမယ်ဆို အလားအလာအများကြီး ရှိနေတဲ့ သဘောပါ။
.
နိုင်ငံနဲ့ချီတဲ့ အမြင့်ကြီးတွေကိုထားပြီး ကိုယ်တွေ့ကို ပြောရရင် ဒီကတရုတ်မိတ်ဆွေတွေနဲ့ စကားစပ်လို့ ပြောကြဆိုကြတဲ့အခါ မြန်မာနိုင်ငံကို လာလည်ချင်တယ်၊ သိန်း ၂၀ လောက်တော့ သုံးဖို့ မှန်းထားတယ်၊ ဒါပေမယ့် နေပူဒဏ်ကို ကြောက်တယ်လို့ ပြောတာမျိုး ကြုံရပါတယ်။ ဒီမှာ အေးတယ်ဆိုတာ မှန်ပေမယ့် နွေရာသီဆိုရင် မြန်မာရာသီဥတုနဲ့ သိပ်ကွာလှတာ မဟုတ်ပါဘူး။ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့ကိုတော့ အိမ်ဦးနဲ့ကြမ်းပြင်လို သွားလည်နေကြပြီးတော့ မြန်မာနိုင်ငံကိုတော့ အပူဒဏ်ကြောက်လို့ မလာဘူးဆိုတာ ကျနော် အံ့သြတကြီး သိလိုက်ရပါတယ်။ နားလည်လိုက်ရတာကတော့ အိမ်နီးချင်းတရုတ်တောင် မြန်မာအကြောင်း သေချာမသိသေးဘူး ဆိုတာပါပဲ။
.
အခု တရုတ်နိုင်ငံမှာ အခြေခံလူတန်းစားတွေရဲ့ဝင်ငွေတွေက မြင့်လာကြလို့ တော်တော်များများ ခရီးထွက်နိုင်လာကြပါပြီ။ အများစုက ထိုင်းကို သွားကြပါတယ်။ ထိုင်းက လက်ရှိ တရုတ်တွေကြားမှာ တော်တော်လေးကို ရေပန်းစားပါတယ်။ (ဒါကြောင့်မို့ အဲဒီ အခြေခံလူတန်းစားအချို့ရဲ့ ကျင့်ဝတ်မညီ လုပ်တဲ့အရှက်ရစရာဗီဒီယိုဖိုင်တွေလည်း တက်လာတတ်ပါတယ်) ထိုင်းက ဇာတ်လမ်းတွဲတွေက တရုတ်တွေကြားမှာ လူကြိုက်ပိုများလာပါတယ်။ ကိုရီးယားတွေလို စတိုင်လ်တူ၊ ရုပ်ချင်းဆင်တူတွေမဟုတ်ဘဲ ကိုယ်ပိုင်စတိုင်လ်နဲ့ဖြစ်နေကြတာရယ်၊ ဇာတ်လမ်းဇာတ်ကွက် ဆန်းသစ်တာရယ်က သူတို့အတွက် ဆွဲဆောင်မှုတစ်ခုဖြစ်နေပြီး အဲဒီကနေတစ်ဆင့် အများစုက ထိုင်းကို သွားလည်ဖို့ စိုင်းပြင်းကြပါတယ်။ တရုတ်ရဲ့ ပြည်နယ်အားလုံးကိုတောင် ရောက်ဖူးချင်မှ ရောက်ဖူးမယ်၊ ထိုင်းကို ရောက်ဖူးကြတဲ့သူတွေများပါတယ်။ အဲဒါ ပိုတာမဟုတ်ပါဘူး။ တရုတ်က တချို့ပြည်နယ်တွေဆီ သွားတဲ့အခါ လေယာဉ်စရိတ်၊ ရထားစရိတ်က ထိုင်းကိုသွားရတဲ့စရိတ်ထက် အများကြီး ကြီးနေလို့ပါ။
.
မြန်မာနိုင်ငံကို လာရတဲ့လေယာဉ်စရိတ်၊ တည်းရတဲ့ဟိုတယ်ခက တခြားနိုင်ငံတွေထက် ကြီး၊ မကြီးဆိုတာကတော့ တခြားနိုင်ငံစုံကို မရောက်ဖူးလို့ ကျနော် မနှိုင်းယှဉ်ပြတတ်ပါဘူး။ ရောက်ဖူးသူတွေတော့ သိကြမှာပါ။
.
မြန်မာနိုင်ငံမှာ ထိုင်းနဲ့မယှဉ်နိုင်တာတောင် ထိုင်းထက်မနိမ့်တဲ့ သဘာဝနေရာတွေ အများကြီး ရှိပါတယ်။ ဒီနေရာတွေကို ကမ္ဘာလှည့်ခရီးသွားတွေ သိလာအောင်၊ မျက်စိကျလာအောင် လုပ်ဖို့ လိုပါတယ်။ ကျနော် တရုတ်ကိုမလာခင် မြန်မာနိုင်ငံထဲမှာ တတ်နိုင်သလောက် လျှောက်သွားခဲ့ပါသေးတယ်။ စကားပြန်အနေနဲ့ လိုက်ရလို့ ရောက်ရတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ သျှစ်သောင်းပထိုးကတော့ ကြည့်ပြီးကို တစ်စိမ့်စိမ့် ၀မ်းနည်းရပါတယ်။ လူနေအိမ်တွေ ဘေးပတ်ချာလည်မှာ ၀ိုင်းနေတယ်၊ ဘုရားရင်ပြင်ကို ကြွေပြားတွေ ခင်းထားတယ်၊ အလယ်ခန်းမထဲက ဆင်းတုတွေနဲ့ နံရံက ကနုတ်တွေကို ရွှေဆေးတွေ၊ တခြားဆေးတွေ မလှမပသုတ်ထားတယ်။ အပြင်ဘက်က တချို့စေတီတွေကျ လူနေအိမ်တွေကြားထဲရောက်၊ လုံးဝလျစ်လျူရှုပစ်ထားခံရတာမျိုးတွေ၊ အဲဒီမှာ ထိုင်တောင် ငိုလို့ရပါတယ်။ တည်းတဲ့ဟိုတယ်ကမှ ရှေးခေတ် ရခိုင်လက်ရာပန်းပုတွေ၊ ရုပ်ကြွပန်းချီတွေနဲ့ ဟိုတယ်အခန်းတွေနဲ့ ဟိုတယ်ဝင်းကို အလှဆင်ထားလို့ စိတ်ထဲမှာ ဘ၀င်ကျခဲ့ရပါတယ်။
.
ရေပြာအိုင်ကိုတော့ မရောက်ဖူးပါဘူး။ ဒါပေမယ့် တလောက တက်လာတဲ့ဓာတ်ပုံတွေကြည့်လိုက်တာ ဘေးမှာ ကွန်ကရစ်လမ်းခင်းထားတာတွေ့လိုက်ရလို့ စိတ်ထဲမှာ တော်တော်လေးကို နှမြောမိသွားပါတယ်။ လိုဏ်ဂူတွေလည်း အသစ်တွေ့တယ်လို့ ပြောပါတယ်။ သဘာဝလိုဏ်ဂူကို သူ့အတိုင်းပဲ ထားပါတော့၊ ဘုရားတွေ အသစ်ထပ်မတည်ပါနဲ့တော့ လုံလောက်နေပါပြီလို့ပဲ လေးလေးစားစားနဲ့ အားလုံးကို တောင်းဆိုချင်မိပါတယ်။
.
လက်ရှိ မြန်မာအစိုးရအကြောင်း ဆက်ပါဦးမယ်။ မြန်မာနိုင်ငံမှာ လာမယ့် ၂၀၂၀ အတွက် စိုးရိမ်မှုတွေ မြင့်တက်နေတာကို တွေ့ပါတယ်။ အဲဒါက ဖေ့စ်ဘွတ်သုံးနေလို့ပါ။ ဖေ့စ်ဘွတ်သုံးတာကို ရပ်လိုက်ရင် စိုးရိမ်တာတွေ ရပ်သွားမယ်လို့ပဲ ပြောချင်ပါတယ်။ နိုင်ငံတကာကတော့ ဖိအားပေးမှာပါပဲ။ ဒါက သဘာဝပါ။ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်မှာပါပဲ။ ပြည်တွင်းက ဖေ့စ်ဘွတ်ပေါ်မှာလည်း အကောင့်မျိုးစုံနဲ့ ဝေဖန်နေကြဦးမှာပါပဲ။ ဒီအပြင် သူတို့ဘာမှ လုပ်လို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရှိနေသေးသ၍ NLD မဲ အပြတ်အသတ်နဲ့ နိုင်ဦးမှာပါပဲ။ ကျနော်တို့ စိုးရိမ်ရမှာ ဒေါ်အောင်ဆန်းစုကြည်အလွန်ပါ။ လူတစ်ယောက် အသက်ဘယ်လောက်သက်တမ်းအထိ အကြာဆုံးနေနိုင်လဲဆိုတာကို တွေးဆကြည့်ရင်တော့ တော်တော်ရင်ထိတ်စရာကောင်းပါတယ်။
.
အတိုက်အခံပါတီတွေအနေနဲ့လည်း လက်ရှိအစိုးရ NLD ကို ထိုင်အပြစ်ပြောနေမှ နိုင်ငံရေးလုပ်တာလို့ ခံယူနေရင်တော့ ပြည်သူ့နှလုံးသားကို သိမ်းပိုက်ဖို့ ဝေးနေပါဦးမယ်။ နဂိုရှိပြီးသားလူတွေနဲ့ ကိုယ့်ဟာကိုယ် ထောက်ခံနေကြတာကိုပဲ အဟုတ်လုပ်နေတာတော့ မဟုတ်သေးပါဘူး။ အတိုက်အခံတွေဘက်ကလည်း နည်းနည်းတော့ ပြည်သူအများစု ကြိုက်တာလေးကို လုပ်ပြကြဖို့ လိုပါဦးမယ်။ ပြည်သူအများစုကို လျစ်လျူရှုပြီးနေရင်တော့ ပြည်သူ့မဲတွေနဲ့ ဝေးနေပါဦးမယ်။
.
နောက်ပြီး ဒီမိုကရေစီခေတ်မှာ ကျနော်ကတော့ အုပ်ချုပ်သူလူတန်းစားနဲ့ အုပ်ချုပ်ခံလူတန်းစားဆိုတဲ့ စကားမျိုးသုံးတာကို မကြိုက်ပါဘူး။ ကျနော်တို့ကို ဘာမှ လာအုပ်ချုပ်စရာမလိုဘူး။ ကျနော်တို့ဟာ အာဏာရှင်အစိုးရကို ရွေးထားတာမဟုတ်ပါဘူး။ သက်ဦးဆံပိုင် ဘုရင်စနစ်လည်း မဟုတ်ပါဘူး။ ကျနော်တို့အလုပ်တွေနဲ့ ကျနော်တို့ ရှုပ်နေချိန်မှာ နိုင်ငံ့ကိစ္စ စီမံခန့်ခွဲဖို့ လူတစ်စုကို မဲပေးပြီး အားလုံးသဘောတူ ရွေးထားလိုက်တာဖြစ်ပါတယ်။ ဒီမိုကရေစီဖြစ်တဲ့အတွက် အများစုသဘောကို လိုက်လျောရလို့ အနည်းစုဆန္ဒကတော့ မလွဲမသွေ စတေးရမှာပါပဲ။ ဒီခေတ်မှာ အစိုးရဆိုတာ စီမံခန့်ခွဲသူ လူတန်းစားပဲ၊ ကျနော်တို့က စီမံခန့်ခွဲခံ လူတန်းစားပဲ၊ ကျနော်တို့က သူတို့ကို စီမံခန့်ခွဲခိုင်းဖို့အတွက် ကျနော်တို့လုပ်အားနဲ့ ရတဲ့ငွေတွေထဲက အခွန်တွေပေးနေကြရတယ်။ ကျနော်တို့အများစု စိတ်ကျေနပ်အောင် လုပ်မပေးနိုင်ရင် ဆင်းပေး၊ နောက်ထပ် လုပ်ပေးနိုင်မယ့်သူကို ရွေးမယ်၊ ဒီသဘောပါပဲ။ ကျနော့် မိတ်ဆွေညီမငယ်တစ်ယောက်ပြောသလို မုန့်ဟင်းခါးကို ဝေဖန်ဖို့ မုန့်ဟင်းခါး ချက်တတ်ဖို့ မလိုပါဘူး။ ကျနော်တို့ စားနေကျလျှာက သိပါတယ်။ ဒီလိုပဲ၊ ကျနော်တို့ ခေတ်အဆက်ဆက် အုပ်ချုပ်ခံလာရတာ ခါးချိအောင် ခံနေရတဲ့ ကျနော်တို့ ပြည်သူတွေက အရသာကို ကောင်းကောင်း ဝေဖန်နိုင်စွမ်းရှိသလို၊ ဝေဖန်နိုင်ခွင့်လည်း ရှိပါတယ်။

လက်ရှိအစိုးရထဲမှာ ပြည်သူတွေ အမြင်သိပ်မကြည်တော့တဲ့သူတွေလည်း ရှိနေပါပြီ။ အစိုးရအဖွဲ့ကို reshuffle လုပ်၊ ပြန်ဖွဲ့စည်း၊ လွှတ်တော်ကို dissolve လုပ်၊ လွှတ်တော်အသစ် ပြန်ခေါ်တာတွေက ဒီမိုကရေစီကိုကျင့်သုံးတဲ့နိုင်ငံတိုင်းမှာ လုပ်နေကျပါ။ အစိုးရအနေနဲ့ ပြည်သူရဲ့ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့
မကြာခင်မှာ လုပ်လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။ တစ်ခါတလေ စကားဝိုင်းမှာ လူကြီးပြောရမယ့်စကားကို ကိုယ်က ကြိုပြီးဝင်ပြောလိုက်သလို ဖြစ်တဲ့အခါ စကားက ပေါ့သွားတတ်တာမို့ ပြောချင်တိုင်း
မပြောဖြစ်အောင် နှုတ်ကို စောင့်စည်းရတာမို့ ကိုယ့်ဟာကိုယ် ဆက်စပ်တွေးကြစေလိုပါတယ်။

….
စည်သူထွန်း

(နောက်တစ်ခု တောင်းဆိုချင်တာက ကျနော့်စာကိုကူးပြီး ကိုယ်ပိုင်ဝေါလ်တွေ၊ page တွေပေါ်မှာ ပြန်တင်ကြတဲ့မိတ်ဆွေများ မိတ်ဆွေတို့ စိတ်ကြိုက်ခေါင်းစဉ် မတပ်ကြပါနဲ့၊ ခေါင်းစဉ်က စာအပေါ်ကို အများကြီး သက်ရောက်ပါတယ်။ တောင်းဆိုတာပါ။ ကျေးဇူးတင်မှာပါဗျား)

No comments:

Post a Comment