လက်တွေ့ဆန်ဆန်တွေးပါ၊ လုပ်ပါ
အလုပ်လုပ်တယ်ဆိုတာ အတွေးကစပါတယ်။ အဲဒီအတွေးလွဲလို့ကတော့ အလုပ်လဲလွဲတော့တာပါပဲ။ အတွေးမှန်ဖို့ကလည်း တော်တော်အရေးကြီးပါတယ်။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မွေးရပ် စတာတွေကလည်း ကိုယ့်ရဲ့ တွေးခေါ်ပုံအပေါ်မှာ လွှမ်းမိုးမှု အတိုင်းအတာတစ်ခုအထိရှိပါတယ်။ အရပ်ဒေသတစ်ခုရဲ့ အမှန်တရားက တစ်ခြားအရပ်ဒေသမှာ အမှားဖြစ်နေတတ်ပြီး၊ မှားတယ်ထင်တာကတော့ အမှန်ဖြစ်နေပြန်ပါရော။
ဒီလိုအတွေးမျိုးကတော့ စိတ်ချရတဲ့အမှန်တရားမဖြစ်နိုင်ပါဘူး။ တစ်ကမ္ဘာလုံးနဲ့ယှဉ်ပြီး၊ နိုင်ငံတကာနဲ့ ယှဉ်ပြီး ယေဘုယျမှန်တယ်ဆိုမှပဲ ဘ၀အတွက် တကယ်အသုံးတဲ့မှာပါ။ အတွေးချောင်ပိတ်နေသူ၊ ဂျီးပိတ်နေသူဆိုတာမျိုးတွေကတော့ မှိုင်းတိုက်ခံထားရတဲ့လူတွေပါ။ ဥပမာ ဘာသာရေးမှိုင်းမိနေရင် တကယ့်လောကသဘာဝကို မမြင်တတ်တော့ပါဘူး။
ဥပမာအားဖြင့် မီးဆိုတာကိုင်မှတော့ ပူကိုပူမှာပါပဲ။ ဘယ်နိုင်ငံသားကိုင်ကိုင်၊ ဘယ်အရပ်မှာကိုင်ကိုင် မီးကိုင်ရင်တော့ ပူမှာပါပဲ။ သို့သော်လည်းပဲ ဘာသာရေးမှိုင်းတစ်ခုကြောင့် မီးကိုကိုင်ကြည့်ခိုင်းပြီး ယုံကြည်ချက်ကြောင့်ပူတယ်ဆိုရင်တော့ ရယ်စရာဖြစ်သွားပါလိမ့်မယ်။ ဒါဟာ အပေါ်လွင်ဆုံး ဥပမာကို ပေးတာပါ။ တကယ့်လက်တွေ့ဘ၀ထဲမှာ အဲဒီထက် ရယ်စရာကောင်းတဲ့ အတွေးအခေါ်တွေရှိနေတတ်တာ တွေ့ရမှာပါ။
လူကိုပေါင်းရင်တောင် ကိုယ့်မှာအသုံးချဖို့ ဦးနှောက်ရှိနေတာပဲ။ အဲဒီဦးနှောက်လေး နည်းနည်းသုံးပေးပါလို့ မှာပါရစေ။ ဘ၀က လူပေါင်းမှားလို့ ရစရာမရှိအောင် စုတ်ပြတ်သွားကာမှ သူ့ကြောင့်ဆိုပြီး လက်ညှိုးထိုးတာကတော့ ကိုယ့်ဖာသာချောက်ထဲခုန်ချပြီး အနားကလူ ဆွဲမထားလို့လို့ အပြစ်တင်နေတဲ့ လူတစ်ယောက်လိုဖြစ်နေမှာပေါ့။
အခွင့်အရေးတွေ၊ အချိန်တွေရှိတုန်းက လောကကိုလေ့လာဖို့မကြိုးစားခဲ့တော့ သူများပြောသမျှပဲ ယုံနေရတဲ့ဘ၀တွေက သနားစရာပါ။ လိမ်ချင်တဲ့သူ၊ မှိုင်းတိုက်ချင်တဲ့သူတွေကလည်း အဲဒီသနားစရာ လူသားတွေကိုမှ ပစ်မှတ်ထားတာလေ။ မြင်နေကြားနေရတာ စိတ်မချမ်းသာစရာတွေချည်းပါပဲ။ စကားလုံးအကြီးကြီးတွေပြောပြီး လူတွေကို မှိုင်းတိုက်၊ စောဒကတက်သူ သူ့ရန်သူ ဆိုတဲ့အတွေးအခေါ်နဲ့ လူတွေက ဆွယ်၊ က-ကြီးကို ထပ်ခါထပ်ခါ အခါတစ်သောင်းရေးရင် အဲဒီ က-ကြီးက ဗျိုင်းဖြစ်ပြီး ထပျံလိမ့်မယ်ဆိုလဲ ယုံမဲ့သူတွေကလိုက်နဲ့ လောကကြီး အတွေးဆင်းရဲတော့ အတော်စိတ်ပျက်စရာ ဖြစ်နေပါတယ်။
ဒုက္ခရောက်သူတွေများနေရခြင်းကတော့ အမှန်ကို မတွေးတတ်ခြင်းက တရားခံပါပဲ။ တွေးနိုင်လောက်တဲ့ အခြေခံ အသိ၊ ဗဟုသုတကလည်း မရှိဘူးလေ။ ဒီဘက်ခေတ်မှာ ၉-တန်း၊ ၁၀-တန်း ကျောင်းသား ဟိုက်ဒြိုဂျင်ဓာတ်က ဘယ်လိုသတ္တိရှိပြီး၊ အက်တန်တွေ ဘယ်လိုဖွဲ့စည်းတယ်ဆိုတာ၊ Cell တွေ ဘယ်လိုလက္ခဏာရှိတယ်၊ လေထုဟာ ဘယ်လိုအကျိုးပြုတယ်၊ သစ်တောဟာ ဘယ်လိုအကျိုးပြုတယ်ဆိုတဲ့ အခြေခံအသိတောင် လက်တွေ့မရှိကြရှာတော့ ကိုယ်တိုင်ဘာမှ မတွေးတတ်၊ မထွင်တတ်ပဲ သူများလိမ်သမျှခံကြရပြီပေါ့။
ဗမာပြည်ကြီး ဆင်းရဲနေခြင်းသည် အတွေးခေါင်၊ အတွေးချောင်ပိတ်နေသောကြောင့် ဖြစ်ပါသောကြောင့် ပြည်သူပြည်သားများ လက်တွေ့ဆန်ဆန် တွေးတတ်၊ မြင်တတ်ပါစေရန် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
အားလုံးဆင်းရဲခြင်းကင်းကြပါစေ။
အရှင်သုစိတ္တ (မော်ကျွန်း)
Tuesday, January 30, 2018
လက်တွေ့ဆန်ဆန်တွေးပါ၊ လုပ်ပါ
လက်တွေ့ဆန်ဆန်တွေးပါ၊ လုပ်ပါ
Reviewed by Ar Ti
on
8:42 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment