Latest News

Monday, January 29, 2018

"တိုးတိုးတိတ်တိတ်သမားကြီး"

"တိုးတိုးတိတ်တိတ်သမားကြီး"

၁၉၆၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ဟာ ဆိုဗီယက်ပြည်ထောင်စု (ယခု-ရုရှား)က ဒုံးလက်နက်တွေကို ကျူးဘားနိုင်ငံမှာ တွေ့ထားပြီ ဆိုတဲ့သတင်းနဲ့ ကျူးဘားနိုင်ငံရှိရာ အမေရိကန်နိုင်ငံနဲ့ နီးကပ်တဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းဆီကို လက်နက်တင်ဆောင်ထားတဲ့ သင်္ဘောတွေ ဆိုက်ကပ်ခွင့်ကို ပိတ်ပင်တားဆီးမယ်ဆိုတဲ့ သတင်းကို အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီက ထုတ်ပြန်လိုက်တဲ့နေ့ပါပဲ။

စစ်အေးခေတ်ရဲ့ အင်အားကြီး ဇာတ်လိုက်ကျော်ကြီးတွေဖြစ်တဲ့ ရုရှားနဲ့ အမေရိကန်သာ တိုက်ကြမယ်ဆိုရင် နျူကလီးယား စစ်ပွဲကြီး ဖြစ်လာမှာကို ကမ္ဘာသားတွေက ရင်တမမနဲ့ စိုးရိမ်နေခဲ့ကြရပါတယ်။ (အဆင်မသင့်ရင် ဒီဂြိုဟ်ပြာကြီးပေါ်မှာ တတိယနဲ့ နောက်ဆုံးစစ်ပွဲ ဖြစ်သွားနိုင်တယ်လေ။ ယနေ့ စာရှုသူ ဒီစာကို ဖတ်ရှုနိုင်နေတာဟာ အဲဒီစစ်ပွဲကြီး မဖြစ်ခဲ့လို့ပါပဲ။)

ကျူးဘားဒုံးလက်နက် အရေးအခင်းလို့ သမိုင်းဆရာတွေ အမည်ပေးထားတဲ့ ဒီအဖြစ်အပျက်ဟာ ”သူတို့ရဲ့ ဒုံးလက်နက်တွေကို ပြန်သိမ်းဆည်းပါမယ်လို့ ဆိုဗိယက်ခေါင်းဆောင်ကြီး နီကီတာ ခရူးရှက်ဗ်က ကတိပြုတာကြောင့် အမေရိကန်နဲ့ ပြန်ပြေလည်သွားခဲ့တယ်” လို့ ဖော်ပြလေ့ရှိပေမယ့် ဒီထက်အများကြီး ပိုရှုပ်ထွေးခဲ့ပါတယ်။ အဲသလို ဖြေရှင်းနိုင်ဖို့ အဓိက အကျိုးဆောင်သူက ဘယ်သူလဲဆိုရင် ဗမာ့ဦးသန့်လို့ ကျော်စောတဲ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ပါပဲ။

အဲဒီကာလက ဦးသန့်က ဘယ်လိုညှိနှိုင်းဖြေရှင်းပေးတယ်ဆိုတာ နိုင်ငံတကာက သတင်းစာတွေမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ပေမယ့် ကာလကြာညောင်းတဲ့အခါ ဦးသန့်ရဲ့ အခန်းကဏ္ဍကို အမေရိကန် သမ္မတရုံးမှတ်တမ်းတွေထဲမှာ မမြင်ရလောက်အောင် ဖယ်ရှားခဲ့ကြပါတယ်။ တကယ်တမ်း အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှာရှိတဲ့ မော်ကွန်းမှတ်တမ်းတွေထဲမှာတော့ ဦးသန့်မပါဘဲ ဒီလိုပြေလည်ငြိမ်းချမ်းမှု မရဘူးဆိုတာ အထောက်အထားရှိနေဆဲပါ။ ပြေလည်မှုရချိန်မှာ အမေရိကန်သမ္မတ ပြောခဲ့တဲ့စကားက ”တစ်ကမ္ဘာလုံးက ဦးသန့်အပေါ် အများကြီး ကျေးဇူးကြွေးတင်သွားပြီ” တဲ့။

🏷️ ဦးသန့်၏ တိုက်တွန်းချက်
အင်အားကြီးနိုင်ငံနှစ်ခုရဲ့ စစ်ဆင်ရေးတွေ အရှိန်ယူလာမယ့်ဆဲဆဲ အောက်တိုဘာ ၂၄ ရက်၊ စိုးရိမ်ထိတ်လန့်နေကြတဲ့ နိုင်ငံပေါင်းများစွာရဲ့ တိုက်တွန်းမှုလည်း ရှိလာတဲ့အချိန်မှာ ဦးသန့်က ကနေဒီနဲ့ ခရူးရှက်ဗ်တို့ကို နောက်ဆုတ်ကြဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ အချိန်ယူသင့်တယ်လို့ တိုက်တွန်းပါတယ်။ ဆိုဗီယက်က သူတို့ရဲ့ သင်္ဘောတချို့ကို နောက်ပြန်လှည့်ခိုင်းပေမယ့် တချို့သင်္ဘောတွေက ကျူးဘားဘက် ဆက်သွားနေကြတုန်းပါပဲ။ ကနေဒီက ဆွေးနွေးပွဲဖြစ်ဖို့ဆိုရင် ဆိုဗီယက်သင်္ဘောတွေကို ခပ်လှမ်းလှမ်းမှာ ရပ်ထားဖို့ ခရူးရှက်ဗ်ကို အသေးစိတ်ကျကျ တိုက်တွန်းပေးဖို့ ဦးသန့်ကို တောင်းဆိုပါတယ်။ အောက်တိုဘာလ ၂၅ ရက်မှာ အဲဒီ တောင်းဆိုချက်အတိုင်း တသွေမတိမ်း ဦးသန့်က ဆိုဗီယက်ခေါင်းဆောင်တွေဆီ သတင်းစကား ပေးပို့ခဲ့ပါတယ်။ ဒီလိုတိုက်တွန်းရာမှာ အမေရိကန်က ရာဇသံပေးတဲ့သဘော မဖြစ်ရအောင် ဦးသန့်က သူ့တောင်းဆိုချက်အဖြစ် ဆိုဗီယက်ကို ပို့ပေးခဲ့တာပါ။

အဲဒီအချိန်မှာ ခရူးရှက်ဗ်က ဦးသန့်နဲ့ မျက်နှာမပျက်ရဖို့အတွက် လိုက်လျောခဲ့ပါတယ်။ "ဒီအဆင့်ဟာ ကျူးဘားအရေးအခင်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ပထမဆုံး ခြေလှမ်းပါပဲ" လို့ အဲဒီအချိန်က အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး အဒ်လိုင် စတီဗင်ဆင်က မှတ်ချက်ပေးခဲ့ပါတယ်။ ဦးသန့်ရဲ့ ညှိနှိုင်းပေးမှုကြောင့် ကောက်ခါငင်ကာ ရေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်မလာတော့ဘဲ အမေရိကန်က ကျူးဘားကို တိုက်ခိုက်ဖို့ကိစ္စနဲ့ ဒုံးလက်နက်တွေကိစ္စမှာ ဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံက ခေါင်းဆောင်တွေက ပိုအာရုံစိုက်လာကြပါတယ်။

🏷️ ဦးသန့်၏ ဖြေရှင်းမှု
ဆိုဗီယက်ဒုံးလက်နက်တွေဟာ အမေရိကန်ကို စစ်ဆင်ရေးတစ်ခုအနေနဲ့ ခြိမ်းခြောက်ရာရောက်တယ်လို့ စိုးရိမ်နေတဲ့ ကနေဒီဟာ လက်တစ်ကမ်းမှာရှိတဲ့ ကျူးဘားကို ကျူးကျော်တိုက်ခိုက်ဖို့ ဖိအားတွေ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ ဒုံးလက်နက်တွေကိစ္စတွေကို လုံးလုံးရပ်ဆိုင်းပြီး ညှိနှိုင်းရေးအတွက် အချိန်ဆွဲထားနိုင်မှ ငြိမ်းချမ်းရေးအဖြေရမယ်လို့ ဦးသန့်က မြင်ပါတယ်။ ဒီတော့ ဦးသန့်က သူ့ရဲ့ မြန်မြန်ဖြေရှင်းနိုင်မယ့် နည်းကိုအဆိုပြုပါတယ်။

ဒီအဆိုကတော့ "ရုရှားက သူတို့ဒုံးလက်နက်တွေကို ဖြုတ်သိမ်းပေး၊ အမေရိကန်က ကျူးဘားကို ဝင်မတိုက်နဲ့" လို့ပါ။ သူက အဲဒီအဆိုကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပြီး ချက်ချင်းပဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဆီကိုရော နိုင်ငံခြားရေးဝန်ကြီးကိုရော သီးခြားစီ တွေ့ဆုံပါတယ်။ အဲဒီအခြေခံပေါ်မှာ ဆက်လက်ဆွေးနွေးကြရာက ရက်အတန်ကြာမှာ ကနေဒီက တူရကီမှာ အမေရိကန်တွေ တပ်ဆင်ထားတဲ့ ဒုံးလက်နက်တွေကို ဖြုတ်သိမ်းပေးမယ်ဆိုတဲ့ ကတိပြုချက်ကိုပါ ရရှိခဲ့ပါတယ်။

အဲသလို တင်းမာနေတဲ့အချိန်မှာမှ အမေရိကန် လေယာဉ်တစ်စင်းက ပစ်ချခံရလို့ ကနေဒီက ဒီပြဿနာကို စစ်ရေးအရ ဖြေရှင်းသင့်တယ်ဆိုပြီး ဖိအားတွေ ပေါ်လာပြန်ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန် ကာကွယ်ရေးကောင်စီရဲ့ အလုပ်အမှုဆောင် ကော်မတီအစည်းအဝေး အသံဖမ်း မှတ်တမ်းတွေကို ပြန်နားထောင်မယ်ဆိုရင်တော့ ဦးသန့်ဟာ ဒီအခြေအနေကို မပျက်စီးသွားရအောင် ထိန်းထားနိုင်ခဲ့တဲ့ ဩဇာကြီးမားတာ ကိုးကားနိုင်မှာပါ။ ဆိုဗီယက်ကို ဦးသန့်က သေချာထိန်းထားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဦးသန့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ကြည့်ပြီး အမေရိကန် ခေါင်းဆောင်ပိုင်းဟာ စစ်တိုက်ဖို့ထက် ညှိနှိုင်းဖို့ကို စိတ်သန်လာကြပါတယ်။

အင်အားကြီး နှစ်နိုင်ငံကြားမှာ မူအားဖြင့် သဘောတူညီမှု ရတဲ့အခါ ဦးသန့်က ကျူးဘားနိုင်ငံကို သွားပြီး "ပြောကောင်းတိုင်း ပြောတတ်တိုင်း" မီးလောင်ရာလေပင့်တွေ မပြောဖို့ ကျူးဘားခေါင်းဆောင် ကက်စထရိုကို နားချရပြန်ပါတယ်။ ဦးသန့်က ကျူးဘားရောက်နေတုန်းမှာပဲ အမေရိကန်ရေတပ်က ကျူးဘားကို ပိတ်ဆို့ထားတာကို ဖယ်ရှားပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကုလမသဂ္ဂ ထိန်းသိမ်းရေးတပ်တွေ စခန်းလာမချစေချင်ရင် ဆိုဗီယက်တွေရဲ့ ဒုံးလက်နက်တွေကို ဖယ်ရှားပေးဖို့ ကက်စထရိုကို ညှိနှိုင်းပေးနိုင်ခဲ့ပြန်ပါတယ်။

🏷️ တိုးတိုးတိတ်တိတ် သံခင်းတမန်ခင်း
အမေရိကန်သမ္မတ ကနေဒီရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ ဒါပေမယ့် အမေရိကန်အနေနဲ့ သူတို့ရဲ့ ရန်ဘက်တွေကို ဂုဏ်သိက္ခာရှိတဲ့ ထွက်ပေါက်ပေးဖို့ အရေးကြီးပါတယ်။ အဲသလို စွမ်းဆောင်ဖို့ရာမှာ နိုင်ငံတကာမှာ ထင်ရှားပြီး ကျွမ်းကျင်တဲ့ သမာသမတ်ကျတဲ့ ညှိနှိုင်းဖြန်ဖြေပေးမယ့်သူ လိုပါတယ်။ အဲဒီအရည်အချင်းတွေနဲ့ ပြည်စုံသူ၊ ကိုက်ညီလိုက်ဖက်သူဟာ ဦးသန့်ပါပဲ။

ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ် တာဝန်ကိုယူလို့ တစ်နှစ်တောင် မပြည့်တတ်သေးတဲ့အချိန်မှာ ဦးသန့်ဟာ ဆိုဗီယက်ခေါင်းဆောင်ကြီး ခရူးရှက်ဗ်ရဲ့ ယုံကြည်မှုကို ရခဲ့ပါတယ်။ ဘယ်လောက်အထိ ရင်းနှီးယုံကြည်လဲဆိုတော့ ခရိုင်းမီးယားဒေသမှာရှိတဲ့ ခရူးရှက်ရဲ့ ယာတောအိမ်မှာ အတူတူ ရေကူးကြတဲ့အထိပါပဲ။ ကနေဒီကလည်း ဦးသန့်ကို ယုံကြည်ပြီးတော့ ဒီအရေးအခင်းကြီး ပြီးသွားတဲ့အခါ ဦးသန့်ရဲ့ အားထုတ်မှုတွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဦးသန့်ဟာ အသိအမှတ်ပြုခံရတဲ့နည်းနဲ့တောင် ကိုယ်ကျိုးမရှာပါဘူး။ သူ့အနေနဲ့ တိုးတိုးတိတ်တိတ် သံခင်းတမန်ခင်းကို သုံးပြီးတော့ ပြဿနာဖြစ်တဲ့ နှစ်ဖက်လုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့် ပြေလည်ရတာလို့ပဲ ချီးကျူးလေ့ရှိပါတယ်။

သမိုင်းအရတော့ ကျူးဘားဒုံးလက်နက် အရေးအခင်းအကြောင်း လေ့လာရင် ဦးသန့်မပါလို့ မဖြစ်ပါဘူး။ ဦးသန့်ကသာ အင်အားကြီးနိုင်ငံနှစ်ခုရဲ့ ရန်မီးကြောင့် ကမ္ဘာသားတွေ အချည်းနှီးနိဋ္ဌိတံရမှာကို တားဆီးဖြေရှင်းခဲ့သူပါ။

🏷️  (ဒီဆောင်းပါးကို ကနေဒါနိုင်ငံ တော်ဝင် တပ်မတော်ကောလိပ်က ကာကွယ်ရေးဆိုင်ရာ လေ့လာမှုများပညာ ပါမောက္ခ ဒေါက်တာ အေ၊ ဝေါ်လ်တာဒွန်းက ရေးပြီး ခေတ်နီတိက ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်။)

🏷️ နောက်ဆက်တွဲ
ဦးသန့်ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး အကျိုးဆောင်မှုကို ဖတ်ရှုပြီးတဲ့နောက် သူ့ရဲ့ ဘဝဇာတ်ကြောင်းကို အကျဉ်းလောက် မိတ်ဆက်ပေးပါဦးမယ်။ ဦးသန့် ကို ၂၂ ဇန်နဝါရီ ၁၉၀၉ ခုနှစ်မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှုးချုပ်အဖြစ် ၁၉၆၁ မှ စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုးဟာ ၁၉၆၁ ခုနှစ် စက်တင်ဘာလမှာ လေယာဉ်ပျက်ကျလို့ ကွယ်လွန်ခဲ့တဲ့နောက် ဦးသန့်ဟာ အဲဒီရာထူးကို ဥရောပသား မဟုတ်သူတွေထဲက ပထမဆုံး ထမ်းဆောင်ရသူပါ။

အာရပ်အစ္စရေးခြောက်ရက်စစ်ပွဲ (၁၉၆၇)၊ ပရာ့ဂ်နွေဦးတော်လှန်ရေးနှင့် ချက်ကိုဆလိုဗားကီးယားနိုင်ငံကို ဆိုဗီယက်ကျူးကျော်မှု အရေးအခင်း (၁၉၆၈)၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလွတ်လပ်ရေး ရရှိစေခဲ့တဲ့ အိန္ဒိယပါကစ္စတန်စစ်ပွဲ (၁၉၇၁) စတဲ့ ကမ္ဘာ့ပဋိပက္ခတွေကို အေးငြိမ်းအောင် ဖြေရှင်းပေးခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ တာဝန်က အနားယူပါတယ်။

ဦးသန့်ဟာ တာဝန်က အနားယူပြီးနောက် ၁၉၇၄ ခုနှစ်မှာ နယူးယောက်မြို့မှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ပါတဲ့။ သူ့ရဲ့ ရုပ်ကလာပ်ကို မြန်မာနိုင်ငံကို လေယာဉ်နဲ့ ပြန်လည်ပို့ဆောင်ခဲ့ပေမယ့် အဲဒီအချိန်က အစိုးရက နိုင်ငံတော်အခမ်းအနားနဲ့ သင်္ဂြိုဟ်ခြင်း မရှိခဲ့ပါဘူး။ သာမာန် သင်္ချိုင်းမှာ သာမန်သင်္ဂြိုဟ်ဖို့ အစိုးရက စီမံတာကို လက်မခံနိုင်တဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေကြားမှာ အုံကြွမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ နောက်ဆုံးတော့ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ရွှေတိဂုံ စေတီတော်ရဲ့ ခြေတော်ရင်း (တောင်ဘက်မုခ်) မှာ သီးသန့် ဂူဗိမာန်နဲ့ မြှုပ်နှံနိုင်ခဲ့ပါတယ်။

🏷️  (ဒီဆောင်းပါးကို တင်ဆက်တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ဟာ ဦးသန့်ကို ဖွားမြင်ခဲ့ပြီး ၁၀၉ နှစ်နဲ့ ၄ ရက်မြောက် ဖြစ်ပါတယ်။)
CREDIT---CIVICS NOW
ဟိန်းတေဇ

No comments:

Post a Comment