Latest News

Monday, January 29, 2018

မန္တလေးဈေး

မန္တလေးဈေး


သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မန္တလေးရတနာပုံ
မင်းနေပြည်နှင့် မြို့သစ်တည်ပြီးနောက် အထင်ကရ
ဈေးကြီးဖြစ်သော ဈေးချိုတော်သည်လည်း မန္တလေး
မြို့တည်သည်နှင့် 'ဈေးကြိုတော်' အမည်ဖြင့် တည်ရှိခဲ့
သည်။ စင်စစ် ဈေးချိုတော်သည် အင်းဝမင်းနေပြည်၊ အမရပူရ မင်းနေပြည်တို့မှာကတည်းက ပါရှိခဲ့သည်။ ထို့ကြောင့် ထိုမင်းနေပြည်များ၏ အစဉ်အဆက်ဖြစ်သော မန္တလေးရတနာပုံတွင်လည်း ဈေးချိုတော်ပန္နက်က တောက်လျှောက်ပါရှိခဲ့ခြင်းဖြစ်၏။

ဈေးကြို(ဈေးချိုတော်)

ထိုစဉ်က  ဈေးကြို  (ဈေးချိုတော်)သည် ယခု
ငါးပိတန်းလက်ကြားနေရာဖြစ်ပြီး အထင်ရှားဆုံးဈေး ကြီးဖြစ်သည်။ မန္တလေး၏ လက်ကားဈေးကြီး တစ်ဈေးဖြစ်သော မလွန်ဈေးကြီးကို ကြိုသောအရပ်မို့ 'ဈေးကြို' ဟု ခေါ်တွင်ခဲ့သည်ဟု ဆို၏။ မူလ မန္တလေးဈေးကြိုတော်
သည် အမရပူရမြို့တော်မှ ဈေးကြိုတော်ပုံသဏ္ဌာန်အတိုင်း တည်ဆောက်ခဲ့သည်ဟု မှတ်သားရသည်။ ၁၈၇၆ ခုတွင် ဈေးကြိုတော်ကို ပြင်ဆင်ခဲ့သည်။ ပါတော်မူပြီးသည်မှစ၍ ဈေးချိုတော်ကို ကုလားဝန်မင်း မူလာအီစမန်က အခွန်ကောက်ရသဖြင့် ကုလားဝန်မင်းဈေး၊ မူလာအီစမန်ဈေးဟူ၍ ခေါ်ခဲ့ကြသည်။ အဆိုပါဈေးကြီးကို ၁၉ဝ၂ ခု ဧပြီလ ၁၂ ရက် (သက္ကရာဇ် ၁၂၆၃ ခု၊ တန်ခူးလဆန်း ၅ ရက်) နေ့တွင် မီးကြီးလောင်ကျွမ်းရာ သစ်သားများဖြင့် ဆောက်လုပ်ထားသော ဈေးချိုတော်ကြီး မီးသင့်လောင်ခဲ့၏။ ထို့နောက် 'အုတ်ကာ၊ သွပ်မိုး' ဟူသော နေ့နာမ်သင့်အတိုင်း သက္ကရာဇ် ၁၂၆၅ ခု (၁၉ဝ၃ ခု)တွင် ကမ္ဘာတိုင်အောင်ကျော်ကြားခဲ့သော အုတ်တိုက်ရုံကြီး ၁၂ ရုံနှင့် ဈေးချိုတော်ကြီးကို တည်ဆောက်ခဲ့သည်။

ဈေးချိုတော်ကြီး၏ ဗိသုကာမှာ ပထမဆုံးသော မန္တလေးမြူနီစီပယ်အတွင်းရေးမှူးဖြစ်သူ အီတလီလူမျိုး Count Coldaryi ဖြစ်သည်။ ဈေးရုံကြီး ၁၂ ရုံ ရှိ၏။ ၂၆ ဘီလမ်း (အာဇာနည်လမ်း)နှင့် ၂၈ လမ်းကြား တောင်
နှင့်မြောက် လေးရုံ၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား အရှေ့နှင့်
အနောက်က သုံးရုံ၊ အလယ်ပေါက်ကြီးက ၂၇ လမ်းနှင့်
တည့်တည့်။ ၈၄ လမ်းမှ ၈၅ လမ်းအထိ ဈေးရုံကြီးခြောက်ရုံအကြား ကျယ်ကျယ်ဝန်းဝန်းရှိသည်။ ရုံ ၁၂ ရုံအနက် အနောက်မြောက်အစွန်မှစ၍ ဆန်နှင့် ပဲအမျိုးမျိုး ရောင်းသည့် အေရုံရှိမည်။ အရှေ့ဘက်က ဘီရုံ၊ ဘီရုံကကုန်စိမ်းနှင့် ဆေးအမျိုးမျိုးရောင်းချ၏။ ဘီရုံအရှေ့ဘက်က စီရုံရှိသည်။ စာအုပ်၊ စာရေးကိရိယာနှင့် ပိဋကတ်
စာအုပ်များရောင်းချသည်။

ဈေးချို အလယ်ပေါက်

ဒုတိယ သုံးရုံတွဲမှာ အနောက်အစွန်ဆုံးက လက်ဖက်၊
လက်ဖက်ခြောက်နှင့် ကုန်ခြောက်ရောင်းသည့် ဒီရုံ၊ သူ့
အရှေ့ဘက်က နာမည်ကျော် ရွှေဆိုင်တန်း အီးရုံ၊ အီးရုံ အရှေ့ဘက်က အထည်ရောင်းတဲ့ အက်ဖ်ရုံရှိသည်။ ပြီးတော့ အလယ်ပေါက်ကြီး။

အလယ်ပေါက်ကြီးတောင်ဘက် သုံးရုံတွဲမှာ အနောက်
စွန်းက ဂျီရုံ၊ ကုန်စုံခြောက်ရုံဖြစ်သည်။ ပြီးတော့ အရှေ့
ဘက်မှာ အိတ်ခ်ျရုံ။ ကျူလယာကုန်ပစ္စည်းတွေရောင်း သည်။ အရှေ့ဘက်မှာ ပိုးကုန်တန်းရှိ၏။ အိုင်ရုံဟုခေါ် သည်။ တောင်ဘက်အစွန်ဆုံးသုံးရုံက အနောက်ဘက်မှာ ဂျေရုံရှိသည်။ ငါးပိ၊ ငါးခြောက်ရုံဖြစ်သည်။ သူ့အရှေ့
ဘက်မှာ ဆေး၊ ဆေးရိုး၊ ဘယဆေးများရောင်းသည့် ကေရုံရှိသည်။  ပြီးတော့  အရှေ့တောင်အစွန်းမှာ အထည်၊ ဖိနပ်၊ ယွန်းထည် ယွန်းခွက်၊ ပိုးခင်၊ ချည်ထုပ်တွေရောင်းသော အယ်လ်ရုံရှိသည်။ တစ်ရုံလျှင် ဆိုင်ခန်း
ပေါင်း ၁၆ဝ ရှိသတဲ့။ အပြင်တန်း၊ ကြားတန်းတွေမပါဘဲ
ရုံကြီးတွေအတွင်း ဆိုင်ခန်းပေါင်း ၁၉၂ဝ ရှိမည်။ လမ်း
နေရာ လမ်း၊ အပေါက်နေရာ အပေါက်၊ စနစ်တကျ အပို
မရှိ နေရာချထားပေးသည်။ မည်သည့် သဘာဝအန္တရာယ်
နှင့် ရင်ဆိုင်ရစေကာမူ ဝင်လမ်းထွက်လမ်းရှင်းလင်း
လွယ်ကူသည်။ ထို့ပြင် ကြားတန်းများ၏ထိပ်နှစ်ဖက်နှင့်
အလယ်မှာ ရေကန်တွေလည်း ရေအပြည့်နှင့် အဆင်သင့်
ရှိသည်။ ပစ္စည်းတူရာချင်း စုထားသည့် သဘောသဘာဝ
မို့ ဈေးသည်ချင်းလည်း ဘိုးစဉ်ဘောင်ဆက် ဆက်စပ်
သည်။ ညီညွတ်သည်။ စည်းလုံးသည်။ သဘာဝအန္တရာယ် ဥပမာ- မီးဘေးကိစ္စမျိုးဆိုလျှင် ဆိုင်ပစ်၊ ဆိုင်ပိတ်ကာ ပြေးတာမျိုးမရှိ။ ဝိုင်းဝန်းငြှိမ်းသတ်သည်။ ကူညီသည်။ ရုံ သုံးရုံတွဲတွေကား မီးသတ်ကားတွေဝင်နိုင် ထွက်နိုင်
သည်။ ပတ်လည်မှာလည်း ဘာဆိုင်ခန်း အတားအဆီး မှ မရှိ။ ၁၉ ရာစု ဗိသုကာသည် စနစ်ကျ ခေတ်မီလှပါ ၏။

ထင်ရှားသည့်ဈေးကြီးများ

ဈေးကြိုနှင့်အတူ မြို့ပေါ်၊   မြို့ပြင်ဝန်းကျင် ဈေးပေါင်း ၃ဝ ကျော်ရှိပြီး အချို့ဈေးများက တစ်နေကုန် ရောင်းချကြသည်ဟု ဆို၏။ အချို့ဈေးများက နံနက်ခင်းတွင် ရောင်းချသည်။ အချို့ဈေးများက ညနေခင်းဈေး
သို့ ပြောင်းရွှေ့ရောင်းချကြသည်။ ထိုစဉ်က ဈေးသည်များ၏ပုံရိပ်ကား ဈေးတောင်းကို ခေါင်းရွက်၍ မြို့၏လေးပြင်လေးရပ်ကို ခြေကျင်သွားလာကြပုံများဖြစ်သည်။ ၁၈၈၆ ခုနှစ်မတိုင်မီ မန္တလေးမြို့တော်ပုံ ပုရပိုက်မြေပုံတစ်ခုတွင်တော့ ထိုစဉ်က ထင်ရှားသည့်ဈေးကြီး များ၏ နေရာများ ဖော်ပြထားပုံကို တွေ့ရသည်။ ထိုဈေး များမှာ (၁) ဈေးချို၊ (၂) ယိုးဒယားဈေး၊ (၃) မလွန်ဈေး၊(၄) ညွန့်ပေါင်းဈေး၊ (၅) ရဟိုင်းဈေး၊ (၆) ညောင်ပင်ဈေး တို့ဖြစ်သည်ဟု ဆို၏။

ဈေးချိုကတော့ ယခု ငါးပိတန်းလက်ျားဟုဆိုသည်။ ယိုးဒယားဈေးက ယခု ဗဟိုမီးသတ်အနီးဖြစ်မည်။ မလွန်ဈေးက တကယ့်လက်ကားပွဲရုံဈေးကြီးဖြစ်၏။ ယခု၈၅ လမ်းနှင့် ၈၆ လမ်းကြား၊ ၃၁ လမ်းနှင့် ၃၄ လမ်းကြား ဖြစ်သည်။ မလွန်ဈေးမှာ ယွန်းတန်း၊ အိုးတန်း၊ ခဲလန်တန်း၊ ငါးပိတန်း၊ ဆားတန်း၊ ကွမ်းသီးတန်း၊ နီးပါးတန်း၊ ပွတ်တန်း၊ ကျောက်စိမ်းတန်းနှင့် ဆေးရိုးဝင်းဟူသော မျိုးတူကုန်ပစ္စည်းများရောင်းချရာနေရာအလိုက် ခွဲခြားနေရာ
ချထားသည့်ဈေးကြီးဖြစ်သည်။

ညွန့်ပေါင်းဈေးကတော့ ယခု ၃၅ လမ်းနှင့် ၃၆ လမ်း
ကြား၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားတွင်ရှိသည်။ မန်းရတနာ
ဈေးဟု အမည်ပြောင်းလဲထား၏။ ရဟိုင်းဈေးမှာ ယခု
မန်းမြို့ဈေးဖြစ်သည်။ ၈၄ လမ်းနှင့် ၈၅ လမ်းကြား၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား ဖြစ်၏။ ညောင်ပင်ဈေးမှာလည်း ယခုနေရာ ၁၉ လမ်းနှင့် လမ်း ၂ဝ ကြား၊ ရွှေတချောင်း အရှေ့ဘက်မှာပဲဖြစ်သည်။

ယိုးဒယားဈေး

မူလဈေးကြီးခြောက်ဈေးအနက် ငါးဈေးမှာ ယခုအထိ
ရောင်းဝယ်ဖောက်ကားနေကြဆဲဖြစ်၏။ ယိုးဒယားဈေး မှာ ယခုမရှိတော့ပြီ။ ထိုနေရာကို ယိုးဒယားဈေးဝင်း၊ ယိုးဒယားဈေးဂတ်ဟု ရှေးကခေါ်ခဲ့ကြ၏။ ယခု ယိုးဒယားဈေးဂတ်မှာ အမှတ် (၈) ရဲစခန်းဖြစ်သည်။ ယိုးဒယား
ဈေးက ညနေဈေးဖြစ်ပြီး အလွန်စည်ကားခဲ့သည်ဟု ဆို၏။ ငါးပိထောင်းစားများ၊ ဓာတ်စာအတွက် အသီးအနှံများရောင်းချသည့်ဈေးကြီးဟု သိရသည်။ ရဟိုင်းဈေး နှင့် ယိုးဒယားဈေးမှာ အမရပူရခေတ် ဆင်ဖြူရှင်မင်း
လက်ထက်ကတည်းက အစဉ်အဆက်ပါရှိလာခဲ့ကြ သော ယိုးဒယားလူမျိုးများ စုစည်းနေထိုင်ရာမှ သူတို့၏ အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်များ ရောင်းချဖောက်ကားကြပြီး ဈေးကြီးများဖြစ်လာသည်။ ထိုဈေးများတွင် ယိုးဒယားမုန့်တီ၊ မုန့်လက်ဆောင်း၊ ဆနွင်းမကင်း၊ မာစကတ်၊ ထိုးမုန့်စသည့် ယိုးဒယားအစားအသောက်များလည်းရရှိသည်ဟု ဆိုကြ၏။

ညွန့်ပေါင်းဈေးမှာလည်း ညနေဈေးဖြစ်သည်။ အရှေ့
တောတစ်ခိုမှ အေလမ်း(၃၅ လမ်း)အတိုင်း ဆင်းလာ သော သားငါးငှက်များကို ညွန့်ပေါင်းဈေးတွင် ဝယ်ယူရရှိနိုင်ခဲ့သည်။ ညောင်ပင်ဈေးမှာ ထိုစဉ်က နံနက်ဈေးဖြစ်ပြီး အမရပူရမှာကတည်းက ညောင်ပင်ဈေးရှိခဲ့သည်။ အမရပူရတွင် ထီးပေါင်းကားအရပ်၏ အနောက်ဘက် ၌ တည်ရှိခဲ့သည်ဟု ဆို၏။

ဈေးများလည်း ပေါ်ထွန်းစည်ကားလာခဲ့

မန္တလေးရွှေမြို့တော် တိုးတက်စည်ပင်လာသည်နှင့် အတူ ဈေးများလည်း ပေါ်ထွန်းစည်ကားလာခဲ့သည်။ မှတ်တမ်းမှတ်ရာများအရ ဘုရားကြီးဈေးက မဟာမုနိဘုရားကြီးမြောက်မုခ်တည့်တည့်မှာ ရှိသည်။ ယခုတိုင်
လည်း ရှိဆဲဖြစ်၏။ မန်ကျည်းပင်ဈေးက ယခု ဘဏ်
(၁) ၏ အရှေ့ဘက်၌ ရှိခဲ့သည်ဟု ဆို၏။ ယခုမရှိတော့
ပြီ။ သမီးတော်ဈေးက ယခုပြည်ကျော်ဈေး(ဦးတာရဲဈေး)သည် သမီးတော်ဈေး၏ အဆက်ဖြစ်မည်။ မင်းတဲဈေးမှာ ယခု မင်းတဲအီးကင်းရပ်၌ ရှိခဲ့သည်။ ယခုမရှိတော့။ မင်းတဲဈေးကို ပုဏ္ဏားဈေးဟုလည်း ခေါ်ဆိုကြသည်။ တပယ်ဈေးက ယခုဆေးရုံကြီး အရှေ့မြောက်ဘက်၊ သုံးဆယ်ဝင်း၏ အရှေ့ဘက်တွင် တည်ရှိသည်။ အလ္လကပမြို့စားသား၊ တပယ်မင်းသားတည်သော ဈေးဖြစ် သည်။ ယခုမရှိတော့။

ရွှေလောင်းကြီးဈေးက  သီရိမာလာအနောက် ရွှေလောင်းအရပ်တွင်ရှိခဲ့သည်။ ယခုမရှိတော့။ အလားတူ ပွဲကုန်းရပ်တွင်လည်း ဆီရုံဈေးရှိခဲ့သည်။ ထိုဈေး လည်း မရှိတော့။ မင်္ဂလာဈေးက ကျော်မိုးတံခါး (မင်္ဂလာ
တံခါး)နှင့် တောင်တည့်တည့်အရပ်တွင် ရှိသည်။ ယခုတိုင် ၇၂ လမ်းနှင့် ၇၃ လမ်းကြားတွင် ရှိသည်။ ယခုတစ်နေကုန်ဈေးဖြစ်ပြီး အပေါ်ထပ်တွင်  မင်္ဂလာပရိဘောဂ အရောင်းဆိုင်များရှိသည်။ အမရပူရတွင်လည်း မှန်တန်း
ရပ်အရှေ့ဘက်တွင် မင်္ဂလာဈေး ရှိခဲ့ဖူးသည်။ ယခု မန္တလေးရှိ မင်္ဂလာဈေးနေရာမှာ ဆင်တော်သည်များနေရင်းဝင်းနေရာဖြစ်သည်ဟုလည်း မှတ်သားဖူးသည်။

စကုဈေးဆိုတာ မန္တလေးရတနာပုံမြို့တော်တွင် ရှိခဲ့
ဖူးသော်လည်း ယခုမရှိတော့။ စိန်ပန်းဂေါဝိန်အနီး ရှေးက ဝါဂွမ်းများထားသိုရာ ရုံကြီးများအနီးရှိဈေးကို ဂွမ်းရုံဈေးဟု ခေါ်တွင်ခဲ့သည်။ ဂွမ်းရုံဈေးမှာလည်း နာမည်ကျန်သေးသော်လည်း ဈေးမရှိတော့။ မြောက်ပြင်
သူရဲကြီး၊ သူရဲအမှုထမ်းတို့နေထိုင်ရာ ရပ်ကွက်အနီးရှိ
ဈေးကို သူရဲဈေးဟုခေါ်သည်။ ယခု မတ္တရာရထားစတင်
ထွက်ခွာရာ ဘူတာဖြစ်သည်။ မြောက်ပြင်၌ပင် မီးပါ ဈေးရှိဟုရှိခဲ့သည်။ ယခု မိဘဈေးဟုခေါ်ဆိုသည်။ ယခုတိုင် ရောင်းဝယ်ဖောက်ကားနေသည့် ဈေးဖြစ်သည်။ အရှေ့ပြင်နန်းတော်ရှေ့တွင်လည်း ဈေးကလေးနှင့် ဈေးကြီးဟူ၍ နှစ်ဈေးရှိခဲ့သည်။ ယခုမရှိတော့ဟုဆို၏။ ယခု နန်းရှေ့ဈေးက နောက်မှပေါ်လာသည့်ဈေး ဖြစ်မည်။ နန်းမြို့တော်အနောက်ဘက် (ယခု ၁၉ လမ်းနှင့် ၈၁ လမ်းဝန်းကျင်)တွင် စည်ရှည်ဈေး(စက်ရှင်ဈေး)ရှိခဲ့ဖူးသည်။ ယခုမရှိတော့။ မည်သည့်နေရာဟု အတိအကျ မသိရဘဲ ဈေးများတည်ရှိခဲ့ပြီး ယခုမရှိတော့ ဈေးများမှာ ရခိုင်စုဈေး၊ မြင်းတန်းဈေး၊ ကြေးသွန်းဈေး၊ ဆင်ကျုံး
ဈေး၊ ကပိုင်ဈေး၊ လွန်တော်ဈေးတို့ဖြစ်သည်။ လွန်တော်
ဈေးမှာ တံခွန်တိုင်ဈေးဖြစ်ပြီး မြစ်ငယ်ရှမ်းဈေးဟုလည်း ခေါ်ကြသည်။

ပါတော်မူပြီးနောက် မန္တလေးမြို့၏ စီးပွားရေး

ပါတော်မူပြီးနောက် မန္တလေးမြို့၏ စီးပွားရေးမှာ
လည်း ကသောင်းကနင်းဖြစ်မှာသေချာသည်။ မြို့နေလူထု
အတော်များများလည်း ကျေးလက်တောရွာများဆီ ပြန်
လည်ခိုဝင်ကြမှာလည်း သေချာသည်။ မန္တလေးတည်
ကတည်းက လုပ်ငန်းအစုတူရာများ နေရာချထားပြီး ထို
နေရာများမှာပင် ရောင်းဝယ်ဖောက်ကားကြသည့်ဝင်း
များ၊ အတန်းများပင် ဖရိုဖရဲဖြစ်သွားကြရသည်။ ဥပမာ
ရှေးမြန်မာ့ရိုးရာလုပ်ငန်းများဖြစ်သော ဂုန္တာန်ထိုးခြင်း၊ ဂုန္တာန်နှိပ်ခြင်းလုပ်ငန်းဆိုင်ရာ ဂုန္တာန်ရပ်ကွက်မှာလည်း အမည်သာကျန်ရစ်ပြီး ဖြည်းဖြည်းချင်း လုပ်ငန်းပျောက်ကုန်သည်။ ရှေးက ရွှေကြယ်၊ ငွေကြယ်များခတ်၍ ရွှေ
ချည်ထိုးဆိုင်ရာပစ္စည်းများထုတ်လုပ်သည့် ကြယ်ခတ်
ဝင်းလည်း လုပ်ငန်းပါးသွားကာ ပျောက်ကွယ်ခဲ့သည်။ အလားတူ မြန်မာ့အထည်များကို ဆေးဆိုးသော အနီရောင်နီပါးထည်များပြုလုပ်ရာ နီပါးတန်းလည်း လုပ်ငန်း ပျောက်ကွယ်ကုန်သည်။

အပ်ချုပ်ဝင်း၊ ထီးဝင်း၊ ကမ္ပဝါတန်း၊ ဖိနပ်တန်း၊ မုန့်တီ
တန်း၊ ပေါက်ပေါက်တန်း၊ ထီးတန်း၊ ဆိုးတန်း၊ ထုံးတန်း၊
ဂုန္တာန်၊ မြင်းတန်း၊ ကြိုးကျစ်စု၊ ပုတ်တန်း၊ ကျီတန်း၊ ပန်းဝင်း၊
ဘုံဘိုင်တန်း၊ ထီးရိုးဝင်း၊ အကြော်တန်း၊ ခုံဖိနပ်တန်း၊ ဝါးတန်း၊ ပန်းပဲတန်း၊ သံထီးတန်း၊ ပန်းဆိုးတန်း၊ လွှတောင်တန်း၊ နီပါးတန်း၊ ပုရပိုက်တန်း၊ ပရိက္ခရာတန်း၊ ထမင်းချက်တန်း၊ ပွတ်တန်း၊ သပိတ်တန်း၊ ကွမ်းဝင်း၊ လက်ချိတ်
တန်း၊ လက်သမားတန်း၊ ခဲလန်တန်း၊ ဓားတန်း၊ အိုးတန်း၊
လှည်းယဉ်တန်း၊ ကြယ်ခတ်ဝင်း၊ ကျောက်သွေးတန်း၊ စာတိုက်တန်း၊ ယွန်းတန်း၊ အထက်ဆင့်ဝင်း၊ နနွင်းတန်း၊ ခတ်တန်း၊ ခဝါစု၊ ယပ်ဝင်း၊ ပဲပုတ်တန်းစသည်ဖြင့် လုပ်ငန်းနှင့်ဆိုင်ရာ အစုအစည်းဝင်းကြီးများ၊ တန်းများ
လည်း ဖြည်းဖြည်းချင်း လုပ်ငန်းအရောင်းအဝယ်များ ပျောက်ကွယ်ကုန်ကြသည်။ အခု မျက်မြင်လုပ်ငန်းတည်ရှိနေကြဆဲရပ်ကွက်များက ရွှေချည်ထိုးရပ်က ဘာသာရေးအတွက်လိုအပ်သော ရွှေချည်ထိုး အဆောင်
အယောင်အဝတ်အစားများ ရောင်းဝယ်ငှားရမ်းနေဆဲ ဖြစ်၏။ မျက်ပါးရပ်က ရွှေမျက်ပါးများ ယခုတိုင်ထုတ်လုပ်ဆဲဖြစ်သည်။ သို့သော် တည်းတည်းမျှသာ ကျန်တော့သည်။ တမ္ပဝတီကြေးသွန်းရပ်က ဘုရားဆင်းတု
တော်မှအစ တူရိယာပစ္စည်းများ ကြေးထည်များနှင့် ပတ်သက်၍   ထုတ်လုပ်လုပ်ကိုင်နေဆဲဖြစ်သည်။ ကျာက်ဆစ်တန်းမှာလည်း မန္တလေးအနောက်ပြင်
ကျောက်ဆစ်တန်းတွင် လုပ်ငန်းပျောက်ကွယ်သွားသည် မှာ အတော်ကြာပြီဖြစ်သော်လည်း ဘုရားကြီး ကျောက်ဆစ်တန်းတွင်မူ ယခုဆယ်စုနှစ်များအတွင်း ပြန်လည်ရှင်သန်ထမြောက်သလို လုပ်ငန်းများအကြီးအကျယ်
ဖြစ်ထွန်းနေပြန်သည်။

လုပ်ငန်းများနှင့် ပတ်သက်သည့်ဝင်းများအတန်းများ

မန္တလေးရှိ လုပ်ငန်းများနှင့် ပတ်သက်သည့်ဝင်းများ အတန်းများ လုပ်ငန်းပျောက်ကွယ်သည်မှာ လက်ရှိခေတ်အနေအထားအရ  အစားထိုးပစ္စည်းများ  ဝင်ရောက်လာခြင်း၊ မူလပစ္စည်းများ ခေတ်မရှိတော့၍ မသုံး
စွဲကြခြင်းတို့ကြောင့် ပျောက်ကွယ်ကြသည်မှာလည်း သဘာဝကျပါသည်။ သို့သော် ရိုးရာယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်အဖြစ် မပျောက်ကွယ်အောင် ထိန်းသိမ်းထားနိုင်လျှင်တော့ အကောင်းဆုံးဖြစ်မည်။ ဝင်းတိုင်း၊ တန်းတိုင်းမှာ ထိုဝင်း၊ ထိုအတန်းနှင့် သက်ဆိုင် သည့် လုပ်ငန်းတစ်ခုလောက် အမှတ်တရရှိနေသေးလျှင် လည်း ကောင်းသည်။ အခုတော့ လုပ်ငန်းတွေပျောက်ရုံမျှ မက ထိုဝင်း၊ ထိုအတန်းများ၏ နာမည်မျှပင် ပျောက်ကြ
ရပြီ။ ယခု မန္တလေးသားတွေက ကျောက်သွေးတန်း မသိတော့။ ပဲပုပ်တန်း မသိတော့။ ကြယ်ခတ်ဝင်း မသိတော့။ ယွန်းတန်း မသိတော့။ စာတိုက်တန်း မသိတော့။ လွှထောင်တန်း မသိတော့။ ထီးရိုးဝင်း မသိတော့။ ဘာမှမသိတော့။ ဘယ်လမ်းနှင့် ဘယ်လမ်းကြားဟု ပြောမှပဲ သိကြတော့သည်။ ဝိန့်စိန် နားက၊ မောင်ကိန်း နားက၊ ဖူဂျီနားက၊ ဝိန့်လီ နားက၊ မီနီ နားက၊ ပရက်ဆီးဒင့် နားက၊ ဂရိတ်ဝေါ နားက၊ အိုးရှင်း နားကဟုပြောမှပဲ သိကြတော့သည်။ ဆူးငှက်(​ကြေးမှုံ)

No comments:

Post a Comment