Latest News

Thursday, January 25, 2018

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင် ၅ဝဝ အားတစ်ခုလျှင် ငွေကျပ်သိန်း ၃၅ဝ ကျော် အကုန်အကျခံ အဆင့်မြှင့်တင်မည်

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင် ၅ဝဝ အားတစ်ခုလျှင် ငွေကျပ်သိန်း ၃၅ဝ ကျော် အကုန်အကျခံ အဆင့်မြှင့်တင်မည်


ရန်ကုန်  ဇန်နဝါရီ  ၂၄

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်များ အဆင့်မြှင့်တင်မှုတွင် ပထမ အဆင့်အနေဖြင့် မှတ်တိုင် ၃၅ဝ ကို စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင် ၅ဝဝ အား အဆင့်မြှင့်တင်ခြင်း အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂ဝ၁၇ ခုနှစ်  ဇန်နဝါရီ ၃ ရက်တွင်   တင်ဒါခေါ်ယူခဲ့ပြီး  ၂ဝ၁၈ ခုနှစ်  ဇန်နဝါရီ ၂ဝ ရက်တွင် FMI Decaux  က ဘတ်စ်ကားမှတ်တိုင် အဆင့်မြှင့်တင် သည့် လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါမှတ်တိုင် ၅ဝဝ အား အဆင့်မြှင့်တင်ခြင်းစီမံကိန်းမှ ပထမ အဆင့်အနေဖြင့် မှတ်တိုင် ၃၅ဝ ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နှစ်ကျော်ခန့်အတွင်း အပြီးဆောင်ရွက်သွားမည်ဟု သိရသည်။

အဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည့် မှတ်တိုင်များတွင် ဘတ်စ်ကား  ရောက်ရှိချိန် ဖော်ပြချက် LED Screen များ၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ် ပစ္စည်းများ၊ ဖုန်းအားသွင်းခြင်းတို့အတွက် USB ပေါက်များ၊ စီးပွားရေး၊ လူမှုရေးကြော်ငြာများနှင့် သတင်းအချက်အလက် များပါဝင်သည့် အဆင့်မြင့်မှတ်တိုင် ၅ဝဝ ကို တပ်ဆင်ဆောင်ရွက်မည် ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရက လုပ်ကိုင်ခွင့်ကို ခွင့်ပြုပေးခြင်းဖြစ်ကာ တင်ဒါအောင်မြင်ခဲ့သည့် FMI Decaux ကုမ္ပဏီက ငွေကြေးရင်းနှီးမြှုပ်နှံဆောင်ရွက်မည်ဟု သိရသည်။

အဆိုပါကုမ္ပဏီသည် ပြည်တွင်းရှိ  FMI ကုမ္ပဏီကရှယ်ယာအချိုး ၄ဝ ရာခိုင်နှုန်းနှင့်  JC Decaux  ပြင်သစ်ကုမ္ပဏီက ၆ဝ ရာခိုင်နှုန်းဖြင့်  ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဘတ်စ်ကားဂိတ်များတွင် ကြော်ငြာလုပ်ငန်း  နှစ် ၂ဝ လုပ်ကိုင်ခွင့်ကို တိုင်းဒေသကြီးအစိုးရက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''အစိုးရအနေနဲ့  လုပ်ကိုင်ခွင့်ပါမစ်ကို  ခွင့်ပြုပေးခဲ့တာဖြစ်ပြီး တင်ဒါ အောင်ခဲ့တဲ့ ကုမ္ပဏီက ငွေကြေးစိုက်ထုတ်လုပ်ကိုင်မှာပါ၊ နှစ်ရှည် သဘော တူညီမှုတစ်ခုဖြစ်ပြီး ကြော်ငြာလုပ်ငန်းတွေကနေ ဝင်ငွေရတဲ့အခါမှာလည်း နိုင်ငံတော်က အခွန်ရရှိမှာဖြစ်ပါတယ်၊ JC Decaux  ပြင်သစ်ကုမ္ပဏီဟာ နိုင်ငံတကာအတွေ့အကြုံလည်းရှိပြီး နိုင်ငံတကာမြို့ကြီးတွေရဲ့ ဘတ်စ်ကား မှတ်တိုင်တွေကို လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်၊ ပထမအဆင့်အနေနဲ့ မှတ်တိုင် ၃၅ဝ ကို စတင်လုပ်ကိုင်သွားမှာပါ။ သဘောတူညီ လုပ်ကိုင်သွားမှာက မှတ်တိုင်ပေါင်း ၅ဝဝ ကိုပါ''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ ၁၃ သန်းရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မှတ်တိုင်တစ်ခုစီအတွက် အဆင့်မြှင့်တင်ရန် ငွေကျပ်သိန်း ၃၅ဝ ကျော်ခန့်   ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ ခရီးသည်တင်ယာဉ်များ ရပ်တန့်ရာ ယာဉ်ရပ်မှတ်တိုင်ပေါင်း ၂၅ဝဝ ခန့်ရှိပြီး အချို့နေရာများတွင် ယာဉ်ရပ်မှတ်တိုင်ဟုသာရှိပြီး အမိုးအကာ မရှိသော မှတ်တိုင်များစွာ ရှိနေကြောင်း သိရသည်။ ​ကြေးမှုံ

No comments:

Post a Comment