Latest News

Monday, January 15, 2018

ဧရာဝတီလွှတ်တော် ဘာကြောင့်ရက်ရွှေ့ခဲ့ရတာလဲ


သတင်းဆောင်းပါး
--------------------

ဧရာဝတီလွှတ်တော် ဘာကြောင့်ရက်ရွှေ့ခဲ့ရတာလဲ

ဇန်န၀ါရီ(၁၅)၊၂၀၁၈၊ ပုသိမ်
The Nyang News

ဝန်ကြီးချုပ်ဦးမန်းဂျော်နီ ကျန်းမာရေးကြောင့်တာဝန်မှ နုတ်ထွက်သွားခဲ့သဖြင့် ၄င်းနေရာတွင် ၀န်ကြီးချုပ်သစ်တစ်ဦး အမည်စာရင်းတင်သွင်းရန် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၏ အရေးပေါ် အစည်းအဝေး (၁/၂၀၁၈) ကို ဇန်န၀ါရီလ (၁၅)ရက်နေ့က ခေါ်ယူခဲ့သော်လည်း ၀န်ကြီးချုပ်စာရင်း မတင်သွင်းနိုင်ဘဲ ရက်ရွှေ့ဆိုင်းခဲ့ရသည်။

လွှတ်တော်၏ အရေးပေါ်အစည်းအဝေး စတင်ရန် အသိပေးခေါင်းလောင်းသံ မြည်ပြီးနောက် လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝန်ကြီးများ နေရာယူပြီး လွှတ်တော်ဥက္ကဌရောက်လာမည့် အချိန်ကို စောင့်နေခိုက်တွင် ညှိနှိုင်းဆွေးနွေးမှု ဆက်စပ်လုပ်ငန်းများ မပြီးပြတ်သေးသည့်အတွက် လွှတ်တော်အရေးပေါ် အစည်းအဝေးကို ဇန်န၀ါရီ(၁၈)ရက်နေ့သို့ ရွှေဆိုင်းကြောင်း အခမ်းအနားမှူးက ကြေညာခဲ့သည်။

ယင်းကဲ့သို့ အစည်းအဝေးရွှေ့ဆိုင်းကြောင်း အခမ်းအနားမှူးက ကြေညာချိန်တွင် လွှတ်တော်ဥက္ကဌသည် လွှတ်တော် အစည်းအဝေးခန်းမအတွင်း ရှိမနေဘဲ လေ့လာသူများနှင့် သတင်းသမားများ သတင်းရယူရန် စီစဉ်ပေးထားသည့် ပရိုဂျက်တာနားတွင် ရှိနေသည်။

"သတင်းကြေညာတော့မယ်။ ကျွန်တော်လည်း ဒီကကြည့်မလို့" ဟု လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင် က ပရိုဂျက်တာကိုကြည့်ရင်း အစည်းအဝေးခန်းမ အပြင်ဘက်တွင် သတင်းသမားအချို့ကို ပြောသည်။

ဝန်ကြီးချုပ်သစ် အမည်စာရင်းကို သမ္မတရုံးကပေးပို့ခဲ့ခြင်း မရှိသည့်အတွက် အရေးပေါ် အစည်းအဝေးကို ရက်ရွှေ့ဆိုင်းရခြင်း ဖြစ်ကြောင်းနှင့် ဇန်န၀ါရီ(၁၈)ရက်နေ့ကို ရွှေ့ပြောင်းရခြင်းမှာလည်း သမ္မတရုံးက လာသည့် သတင်းကြောင့် မဟုတ်ဘဲ ဖြစ်နိုင်မည့်ရက်ကို မှန်းဆလုပ်ကိုင်ရခြင်း ဖြစ်ကြောင်း ဦးအောင်ကျော်ခိုင် က ငြမ်းမီဒီယာ၏ မေးမြန်းချက်ကို ဖြေကြားသည်။

"လွှတ်တော်ရက်ရွှေ့တာ လွှတ်တော်နည်းပဒေနဲ့ မညီဘူး။ လွှတ်တော်စဖို့ နေရာယူဖို့တောင် အချက်ပေး ခေါင်းလောင်းမြည်ပြီးသွားပြီ၊ လွှတ်တော်ဥက္ကဌကြီး ၀င်လာရမယ်။ ၀င်လာပြီးတော့မှ ဒီစကားကို လွှတ်တော် ဥက္ကဌကြီးက ပြောရင်ပြော။ ပြောပြီးမှ လွှတ်တော်ကို ရုတ်သိမ်းရမှာလေ။ အခုက ညွှန်မှူးက ရက်ရွှေ့ကြောင်း ကြေညာတာကတော့ လွှတ်တော် ဥပဒေနဲ့ မညီဘူး" ဟု ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်နီနီမိုးက ငြမ်းမီဒီယာကို ပြောသည်။

ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းရန် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပြီးမှ ရက်ရွှေ့ဆိုင်းကြောင်း ပြုလုပ်ခဲ့သည်မှာ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ရွေးချယ်ရေးအတွက် NLD ပါတီတွင် ပြသနာတစ်စုံ တစ်ရာရှိနေပြီလားဟု မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

" တစ်အချက်က ရွေးချယ်ဖို့အတွက် သင့်တော်တဲ့လူ မရသေးဘူးလို့ ထင်တယ်။နောက်တစ်ချက်က သမ္မတရုံးက ရွေးချယ်မှု မလာသေးတာလည်း ဖြစ်နိုင်တယ်။ လူရွေးချယ်တဲ့ အပိုင်းမှာ ပါတီရော အစိုးရအဖွဲ့ရော ညှိနှိုင်းမှုတွေမှာ သိပ်ပြီးပွတ်တိုက်မှု မရှိနိုင်ဘူးလို့ထင်တယ်။ သို့သော်လည်း နောက်ဆုံးအဆင့် လုပ်ဖို့အတွက် စဉ်းစားနေကြတာလို့ထင်တယ်။ လူရွေးချယ်မှု အတွက်ကတော့ ပါတီနဲ့ သမ္မတရုံးမှာ ပြသနာမရှိပါဘူး" ဟု NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ မုံရွာဦးအောင်ရှင်က ငြမ်းမီဒီယာကို ပြောသည်။

လက်ရှိအချိန်တွင် ၀န်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီနေရာ၌ တာဝန်ယူရန် လတ်တလော ရေပန်းစား နေသူများမှာ လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် ၀ါးခယ်မ ကိုယ်စားလှယ်ဒေါ်မြင့်မြင့်စန်း တို့ဖြစ်သည်။

ဒေါ်မြင့်မြင့်စန်းသည် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံခဲ့ရသူ တစ်ဦးဖြစ်ပြီး ၂၀၁၅ခုနှစ် အထွေထွေရွေးကောက် ပွဲတွင် ၀န်ကြီးချုပ်ဖြစ်လာမည့် ဦးမန်းဂျော်နီနှင့်အတူ တိုင်းဒေသကြီးသို့ ပြောင်းရွှေ့ ရွေးချယ်ခံခဲ့သူ ဖြစ်သည်။

၂၀၁၈ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀န်ကြီး(၅)ဦးနှင့် ၀န်ကြီးချုပ်တစ်ဦးတို့ သက်ဆိုင်ရာ အစိုးရအဖွဲ့များမှ နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုး ထုတ်ပြန် ထားပြီးဖြစ်ရာ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့တွင် ၀န်ကြီးချုပ် ဦးမန်းဂျော်နီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး စိုက်ပျိုးရေး ပညာရှင် ဦးဘဟိန်းတို့ နုတ်ထွက်ထားသည်။

No comments:

Post a Comment