Latest News

Sunday, January 14, 2018

ဘားအံမြို့နယ်အတွင်း ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်လျက်ရှိရာ ရဲအရာရှိ၏ကားအပါအဝင် လိုင်စင်မဲ့ယာဉ် (၁၂)စီး ဖမ်းဆီးထား

ဘားအံမြို့နယ်အတွင်း ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်လျက်ရှိရာ ရဲအရာရှိ၏ကားအပါအဝင် လိုင်စင်မဲ့ယာဉ်
(၁၂)စီး ဖမ်းဆီးထား

ဘားအံ ဇန်နဝါရီ ၁၄

ဘားအံမြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မူးယစ် ဆေးဝါး၊ လက်နက်ခဲယမ်း၊အကောက်အခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်း စသည့် ဆက်စပ်အမှုအခင်းများ မဖြစ်ပေါ်စေရေး ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူခြင်းများဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၂ ရက်နေ့က ရဲအရာရှိမောင်းနှင်လာသည့် လိုင်စင်မဲ့ယာဉ်တစ်စီး အပါအဝင် လိုင်စင်မဲ့ယာဉ်(၁၂)စီးသိမ်းဆည်းရမိခဲ့ပြီး စည်းကမ်းပျက် ယာဉ်(၁၄)စီးနှင့် ဆိုင်ကယ်(၅၀)စီးတို့ကို အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ``ဝစ်သောက်ကားတွေလဲ ဖမ်းမှာပါ၊ဝစ်သောက်ကားတွေဆိုတာ အစထဲကတရားဝင်ခွင့်ပြုထားတာ မဟုတ်ဘူးလေဒါတွေနဲ့ဆက်စပ်ပြီး မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း၊အကောက်ခွန်မဲ့ ပစ္စည်း သယ် ဆောင်ခြင်းစတဲ့ ဆက်စပ်မှုခင်းတွေ ဖြစ်ပေါ်မလာအောင် ထိန်းသိမ်း ကြပ်မတ်အရေးယူဆောင်ရွက်သွားမှာပါ´´ဟု ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သန်းကပြောသည်။

   ဇန်နဝါရီလ ၁၁ ရက်နေ့က ဂျိုင်းဇာသပြင်တံတားတွင် ဒုတိယရဲမှူး ရဲထွန်းဦး ဦးစီးအဖွဲ့သည်လုံခြုံရေးနှင့်စစ်ဆေးရေးတာဝန်ဆောင်
ရွက်နေစဉ် ပေါင်မြို့နေ ရဲအုပ် သက်စိုးဦး မောင်းနှင်လာသော 4M------နံပါတ်တပ်ကရောင်းအမျိုးအစား ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ မပြသနိုင်သဖြင့် ဒုတိယရဲမှူးရဲထွန်းဦးမှတရားလိုပြုလုပ်ကာ ဘားအံမြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

   ကရင်ပြည်နယ်အတွင်း တံတားစစ်ဆေးရေးဂိတ်တို့အပြင် မြို့နယ် အလိုက် ပူးပေါင်းအဖွဲ့များဖြင့် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း၊အကောက်အခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းစသည့် ဆက်စပ်အမှုအခင်းများ  မဖြစ်ပေါ်စေရေး ပူးပေါင်းအဖွဲ့များဖြင့်စစ်ဆေးအရေးယူခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)မြန်​မာ့အလင်း

No comments:

Post a Comment