Latest News

Monday, January 29, 2018

လာနီညာနှင့်ရာသီဥတုအခြေအနေ

လာနီညာနှင့်ရာသီဥတုအခြေအနေ




လာနီညာဆိုသည်မှာ စပိန်ဘာသာစကားမှ ဆင်းသက် လာပြီး လာနီညာကို ''မိန်းကလေးငယ်'' ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပါသည်။ လာနီညာကာလအတွင်း အီကွေတာ အနီးရှိ အရှေ့ပစိဖိတ်သမုဒ္ဒရာအ တွင်းရှိ ပင်လယ်ရေ မျက်နှာပြင် အပူချိန်သည် ပုံမှန်အောက် လျော့နည်း သွားရာ အနုတ်(ဝ.၅) ဒီဂရီစင်တီဂရိတ်နှင့်အောက် လျော့နည်းခြင်းကို ''လာနီညာ'' ဟု ခေါ်သည်။ ပင်လယ်ရေမျက်နှာပြင်အပူချိန် လျော့နည်းသွားသည့် ပမာဏပေါ်မှာ မူတည်ပြီး အပူချိန်ပုံမှန်အောက် (-၁.၅) ဒီဂရီအောက် လျော့နည်းသွားသော အခြေအနေအား အားကောင်းသော လာနီညာအခြေအနေ၊ (-၁.ဝ မှ -၁.၄)အထိကို အားအသင့်အတင့်ရှိသော လာနီညာ အဆင့်၊ (-ဝ.၅ မှ -ဝ.၉) အထိကို အားနည်းသည့် လာနီညာအဆင့် ဟူ၍ သတ်မှတ်ပါသည်။

ပြီးခဲ့သည့်(၁ဝ)စုနှစ်အတွင်းလာနီညာဖြစ်ပေါ်ခဲ့ သော နှစ်များကို လေ့လာကြည့်မည်ဆိုပါက ၂ဝဝ၅-၂ဝဝ၆ ခုနှစ်၊ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်၊ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တို့တွင် အားနည်းသည့် လာနီညာနှစ်များဖြစ်ခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တို့မှာ အားအသင့်အတင့်ရှိသော လာနီညာနှစ်ဖြစ်ခဲ့ပြီး ၂ဝဝ၇-၂ဝဝ၈ ခုနှစ်၊ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်များတွင် အားကောင်းသည့် လာနီညာနှစ် များ ဖြစ်ပေါ်ခဲ့သည်။

လာနီညာဖြစ်ခဲ့သည့် နှစ်များ၏ မိုးလေဝသဖြစ်စဉ် များကိုလေ့လာကြည့် ပါက ၂ဝဝ၇-၂ဝဝ၈ ခုနှစ် အားကောင်းသည့် လာနီညာဖြစ်စဉ်ကြောင့် ၂ဝဝ၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့အတွင်းမှာ အဖျက် စွမ်းအားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ''နာဂစ်'' ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှု ပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရသည့် အားကောင်းသည့် လာနီညာဖြစ်စဉ်၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် ဟု ဆိုနိုင်ပါသည်။ ပြီးခဲ့သည့် ၁ဝ စုနှစ်အတွင်း ဒုတိယ အကြိမ် အားကောင်းသည့်လာနီညာဖြစ်ခဲ့သည့် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်ကို ကြည့်မည်ဆိုပါက ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ''ဂီရိ'' ဖြစ်ပေါ် ခဲ့ပြီး ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်မှ ၂ဝ ရက်နေ့အထိဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ် (04BOB) ကြောင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ရွှေချောင်း လျှပ်တစ်ပြက်ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး အသက် အိုးအိမ်ပေါင်းများစွာဆုံးရှုံးခဲ့ရသည်။

မိုးရွာသွန်းမှုပုံစံမှာလည်း ၂ဝ၁၁ ခုနှစ် အနောက်တောင် မုတ်သုံကာလအတွင်း မိုးရွာသွန်းမှု သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ရွာသွန်း မြဲကို ပြည့်မီအောင် ရွာသွန်းခဲ့သည်ဟု ဆိုနိုင်ပါသည်။ ထို့အပြင် ပုံမှန်အားဖြင့် ဖေဖော်ဝါရီလတွင် မုန်တိုင်း ဖြစ်ပေါ်မှုမှာ မရှိသလောက်နည်းခဲ့သော်လည်း ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ် ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့သည့်အပြင် စခန်းပေါင်း ၃၃ ခု စံချိန်သစ်တင် မိုးများရွာသွန်းခဲ့ပြီး မိုးရေချိန်စံချိန်သစ် သတင်းကိုအကြိမ် ၄ဝ ထုတ်ပြန်ခဲ့ပါသည်။

၂ဝဝ၇ ခုနှစ်တွင် အမည်ပေးမုန်တိုင်း သုံးကြိမ်နှင့် မုန်တိုင်းငယ် ခြောက်ကြိမ်၊ ၂ဝဝ၈ ခုနှစ်တွင် အမည်ပေး မုန်တိုင်း လေးကြိမ်နှင့် မုန်တိုင်းငယ် လေးကြိမ်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် အမည်ပေးမုန်တိုင်း သုံးကြိမ်နှင့် မုန်တိုင်းငယ် သုံးကြိမ်၊ ၂ဝ၁၁ ခုနှစ်တွင် အမည်ပေးမုန်တိုင်း တစ်ကြိမ် နှင့် မုန်တိုင်းငယ် လေးကြိမ် အသီးသီးဖြစ်ပွားခဲ့သည် ကို လေ့လာတွေ့ရှိခဲ့ရပါသည်။

၂ဝ၁၂ ခုနှစ်တွင် စခန်း ၁၃ ခုသာ စံချိန်သစ်တင်ခဲ့ပါ သည်။ ၂ဝ၁၂ ခုနှစ်တစ်နှစ်လုံးကို လေ့လာရာတွင် မုန်တိုင်းငယ် နှစ်ကြိမ်နှင့် ဆိုင်ကလုန်းမုန်တိုင်း တစ်ကြိမ်တို့ ဖြစ်ပေါ်ခဲ့ရာ မြန်မာ့ကမ်းရိုးတန်းဒေသသို့ ဦးတည်ခဲ့ခြင်း မရှိသည့်အပြင် မုန်တိုင်းများနှင့် ပတ်သက်၍ စံချိန်သစ်တင် ရွာသွန်းခဲ့သော မိုးရေချိန်များလည်းမရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။

၂၁-၇-၂ဝ၁၁ ရက်နေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်စခန်း၌ ၁၂ နာရီအတွင်း ရွာသွန်းသည့် မိုးရေချိန်စုစုပေါင်းမှာ ၂၉ ဒသမ ၁ဝ လက်မ ရရှိခဲ့ခြင်း သည် လာနီညာ၏ သက်ရောက်မှုကြောင့်ဖြစ်သည်။ ထိုနည်းတူ အယ်လ်နီညိုနှစ်တစ်နှစ်ဖြစ်သည့် ၂ဝ၁ဝ ပြည့်နှစ် ၁၄-၅-၂ဝ၁ဝ ရက်တွင် မြင်းမူစခန်းမှာလည်း အမြင့်ဆုံး အပူချိန် ၄၇ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နှင့် တစ်နိုင်ငံလုံး တွင် အမြင့်ဆုံး အပူချိန်ဖြစ်ခဲ့ပါသည်။ ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် အားနည်းသည့် လာနီညာဖြစ်ခဲ့ပြီး ယခုနှစ် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်ကို လေ့လာကြည့်မည် ဆိုပါက လက်ရှိအီကွေတာ အနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ပင်လယ်ရေ မျက်နှာပြင် အပူချိန်သည် သိသိသာသာလျော့နည်းနေပြီး လက်ရှိဖြစ်ပေါ် နေသော လေထုဖြစ်စဉ်များမှာလည်း လာနီညာအခြေအနေ သို့ ရောက်ရှိနေပါသည်။ လာနီညာဖြစ်ပေါ်မှု ခန့်မှန်းသည့် သင်္ချာပုံစံမော်ဒယ် များ အရ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ လာနီညာဖြစ်ရန် အမြင့်ဆုံး ၉၇ ရာခိုနှုန်းအထိရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ လလယ် ခန့်မှန်းချက်တွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ၆၉ ရာခိုင်နှုန်းသို့ ပြန်လည်လျော့ကျနိုင်သည်ဟု နိုင်ငံတကာ ပစိဖိတ် သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင် အပူချိန်လေ့လာ စောင့်ကြည့်ရေးဗဟိုဌာနများမှ ထုတ်ပြန်ထားသည်။ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင်လည်း လေဖိအားနည်း ရပ်ဝန်း နှစ်ကြိမ်နှင့် မုန်တိုင်းငယ် တစ်ဖြစ်ပွားခဲ့ပြီးအနိမ့်ဆုံး အပူချိန်စံချိန်သစ် နှစ်ကြိမ်ဖြစ်ပွားခဲ့ကာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပွားခဲ့ ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ မြို့ပေါင်း ၁၆ မြို့ တွင် မိုးရေချိန် စံချိန်သစ် ၁၇ ကြိမ်နှင့် အနိမ့်ဆုံးအပူချိန် စံချိန်သစ်တစ်ကြိမ် တိုင်းထွာရရှိခဲ့ပါသည်။

လာနီညာ၏ သက်ရောက်မှုသည် ကာလအပိုင်း အခြားကို ရာသီအလိုက် ပြောင်းလဲတတ်ခြင်းကြောင့် လာနီညာဖြစ်စဉ်ဟာ ရှစ်လမှ တစ်နှစ်ခွဲခန့်အထိ ကြာမြင့် တတ်သည်။ အဆိုပါဖြစ်စဉ်များသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် မည်သို့ဆက်နွှယ်မှု (Correlation) ရှိသည် ကို သိရှိရန်လိုအပ်ပါသည်။ သို့မှသာ လာနီညာဖြစ်ပေါ် ပါက မိမိနိုင်ငံသို့ မည်သို့သက်ရောက်နိုင်ကြောင်း သိရှိ နိုင်မည်ဖြစ်ပါသည်။

ယခင်ကဖြစ်ပေါ်ခဲ့သည့် လာနီညာနှစ်များ၏ လေ့လာတွေ့ရှိချက်များအရ ပစိဖိတ်သမုဒ္ဒရာ၌ ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအတွင်း အကျိုးသက်ရောက်မှု မှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော် တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ် လာနိုင်ခြင်း၊ ဆောင်းရာသီကာလ အရှေ့မြောက် မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ် လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာ နိုင်သည့်အတွက်ကြောင့် ပြည်သူလူထုအနေဖြင့် လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများ အား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို အလေးထားလိုက်နာဆောင်ရွက်မှသာလျှင် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပျက်စီးဆုံးရှုံးမှုများကို ကြိုတင် ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ လာနီညာ ဖြစ်ပေါ်သည့်နှစ်များတွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ဖြစ်ပေါ်လေ့ရှိပြီး မြန်မာနိုင်ငံသို့ ဦးတည် တိုက်ခတ်သည့် မုန်တိုင်းများလည်း ဖြစ်ပေါ်ခဲ့သော ကြောင့် လာမည့်မုန်တိုင်းရာသီဖြစ်သော မိုးကြိုကာလ (ဧပြီလ၊ မေလ)နှင့် မိုးလွန်ကာလ(အောက်တိုဘာလ၊ နိုဝင်ဘာလ)များတွင်လည်း မုန်တိုင်းအန္တရာယ်ကို အထူး သတိပြုရန်လိုအပ်ပါကြောင်းနှင့် နိုင်ငံတော် အစိုးရအနေ ဖြင့်လည်း သဘာဝဘေးကြိုတင်ကာကွယ်နိုင်ရေး အတွက် ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ခြင်းနှင့် သဘာဝဘေးကျရောက် တတ်သော ဒေသများတွင် ဆိုင်ကလုန်းခိုလှုံရာ အဆောက်အအုံ ဆောက်လုပ် ဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူလူထုအနေဖြင့် ရာသီဥတုနှင့် လိုက်လျော ညီထွေ ပြုမူနေထိုင်ရေးတို့အတွက် အလေးထား ဆောင်ရွက်သင့်ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ် များ ကျရောက်လာပါက သက်ဆိုင်ရာသဘာဝဘေး ကြိုတင်ကာကွယ်ရေးအဖွဲ့များ၏ လမ်းညွှန်မှုများ အတိုင်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားလိုပါသည်။ ။ ကျော်မိုးဦး(မိုး/ဇလ)ပြန်​ကြား​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment