Latest News

Monday, January 29, 2018

ဆရာဝန် နှင့် ရုပ်ရှင်မင်းသမီး(တောင်ကိုရီးယားနိုင်ငံမှ ဖြစ်ရပ်မှန်မှုခင်း။)


🌟ဆရာဝန် နှင့် ရုပ်ရှင်မင်းသမီး🌟

▬▬▬▬▬▬▬▬▬▬▬▬▬
တောင်ကိုရီးယားနိုင်ငံမှ ဖြစ်ရပ်မှန်မှုခင်း။
အသက် (၁၈) နှစ်အောက်မဖတ်ရ။
▬▬▬▬▬▬▬▬▬▬▬▬▬

🌟အပိုင်း-၁

ကျွန်မနာမည် စော -- ပါ။

ကျွန်မယောက်ျားဟာ (South Korea -Gangnam District ) တောင်ကိုရီးယားနိုင်ငံ -ဂန်နမ်း ဆိုတဲ့လူချမ်းသာရပ်ကွက်မှာ အလွန်နာမည်ကြီးတဲ့ သားဖွားအထူးကုဆေးဆရာဝန်ကြီး ဖြစ်ပါတယ်..။

မောင်က အလွန်ယဉ်ကျေးတယ်။ ပြီးတော့ တော်လွန်းလို့ လူတကာက ချီးကျူးရသူပေါ့...။

ပရဟိတ အလုပ်ဆို အချိန်မရွေး မငြင်းပဲလုပ်တဲ့သူ...,။ မောင် အလကားမွေးပေးခဲ့တဲ့ကလေးလေးတွေ ရေတွက်လို့မရပါဘူး..။

မောင်ဟာ ပြည်သူ့အချစ်တော် ဆရာဝန် ....။

ဒီလို စိတ်ထားကောင်းတဲ့ မောင်ဟာ တစ်ညမှာ မမျော်လင့်တဲ့ ပြဿနာတစ်ခုကို ရင်ဆိုင်လိုက်ရတယ်။

အဲဒီညဟာ ကျွန်မဘဝမှာ မမေ့နိုင်တဲ့ ညတစ်ညပါပဲ...။

**************************************

၂၀၁၂ ခုနှစ် ရ လပိုင်း ၃၁ ရက်နေ့

မောင်က ကျွန်မကို ဖုန်းဆက်တယ်။

"အချစ်ရေ... ဒီညတော့ လူနာတွေပုံနေလို့ ဆေးရုံမှာ တစ်ညလုံးနေရမယ်.. မောင် မနက်မှ ခဏပြန်လာတော့မယ်..။အိပ်တော့နော်.."

"အင်း..မောင် ဂရုစိုက်နော်.."

အဲယားကွန်းမုန်းတဲ့ ကျွန်မဟာ ပူလွန်းလို့ အိမ်ပြတင်းပေါက်တွေဖွင့်ပြီး ထုံးစံအတိုင်း စိတ်အေးအေးနဲ့ ကျွန်မ အိပ်နေလိုက်တယ်..။

**************************************

အသံတွေကြောင့် ကျွန်မ နိုးလာတယ်..။
မောင်ဟာ ရုတ်တရက်အိမ်ပြန်လာတယ်။မနက် ၃ နာရီကြီးပေါ့...။

မောင်ဟာ တအိမ်လုံးမှာရှိတဲ့ တံခါးတွေ လိုက်ပိတ်နေတယ်..။

ကန့်လန့်ကာတွေ အကုန်ချလိုက်တယ်..။

"အသုဘချရမယ်.. ! အသုဘချရမယ်...!"

မောင်ဟာ တကိုယ်လုံး တုန်ရင်နေတယ်..။

**************************************

"ဘယ်သူ့ အသုဘလဲ မောင်ရဲ့.. စိတ်အေးအေးထားပါ.."

"လူနာ... လူနာ... သေသွားပြီ.. အသုဘချရမယ်..မိန်းမ..."

"အသုဘ...? မောင် ဘာတွေပြောနေတာလဲ..?"

"အလောင်းကို မြုပ်ရမယ် မိန်းမ..ကူညီပါ.."

"အလောင်းက ဘယ်မှာလဲ မောင်"

" ကားထဲမှာ.."

"ဘာ?!? အလောင်းကိုဆေးရုံမှာမထားပဲ ဘာလို့အိမ်ယူလာရတာလဲ မောင်..? ဒုက္ခပါပဲ.."

"ကူညီပါ.. မိန်းမ..."

မောင့်မျက်နှာဟာ နီရဲပြီး ချွေးသီးချွေးပေါက်တွေနဲ့...။ မောင့်ဆီက အရက်နံ့ အနည်းငယ်ရသည်။

"မောင် အရက်သောက်ထားတယ်နော်...?"

"ညနေက မေ့ဆေးဆရာဝန် သူငယ်ချင်းတွေနဲ့ ကြက်ကြော်စားရင်း ဘီယာ နည်းနည်းသောက်ထားတယ်.."

"မောင်... အလောင်းကို မြေမြှုတ်ဖို့ဆိုတာ မဖြစ်နိုင်တာ ..လုပ်ရိုးလုပ်စဉ်အတိုင်း ဆေးရုံပြန်ယူသွားပါမောင်.. ဒါဟာရာဇဝတ်မှု.."

"ဒီလူနာမှာ မိသားစုမရှိဘူး.. မောင်သူ့ကို မြေမြုပ်ရမယ်.."

"မောင့် ရည်းစား..?!"

"မဟုတ်ဘူး.. လူနာပါကွာ..."

"မောင်.. အလောင်းကို ဆေးရုံပြန်ယူသွားပါ..။ အဓိပ္ပါယ် မရှိတာ.."

ကျွန်မ အသံအနည်းငယ်ကျယ်သွားသည်။

မောင်က ကျွန်မကမ်းပေးသော ရေအေးအေးကို မော့ချလိုက်ပြီး မျက်နှာအား လက်နှစ်ဖက်ဖြင့်အုပ်၍ ထိုင်နေသည်။

"မောင် စဉ်းစားပါရစေဦး.."

ခဏကြာတော့ မောင်ဟာ ထ ရပ်လိုက်တယ်။

“မောင့်နောက်ကို လိုက်ခဲ့ပေးမလား..?"

အလောင်းတင်ထားတဲ့ကားကို မောင်းပြီး ဆေးရုံကိုပြန်သွားတယ်..။

မောင့်ကား အနောက်ကနေ ကျွန်မကားကို ကြောင်တောင်တောင်နဲ့ လိုက်မောင်းနေမိတယ်။

**************************************

" မိန်းမ ခဏစောင့် "

မောင်ဟာ ကျွန်မ တစ်ခါမှ မမြင်ဖူးတဲ့ အဖြူရောင် တန်ဖိုးကြီးကြီး ကားတစ်စီးကိုမောင်းလာတယ်။

ကား ပြတင်းပေါက် တံခါးမှန်ကိုချပြီး ကျွန်မကို ကားနောက်လိုက်ခဲ့ဖို့ လက်ယက်ခေါ်တယ်။

မောင်ဟာကားကို ဟန်မြစ်နံဘေးမှာရပ်လိုက်တယ်။

သေနေတဲ့ မိန်းမနဲ့ကားကို ပစ်ထားခဲ့ပြီး ကျွန်မ ကားဆီပြန်ပြေးလာတယ်..။

မောင်ဟာ ကျွန်မ ထင်ထားသလို နတ်သားလေးလား ?

နတ်သားယောင်ဆောင်တဲ့ ဘီလူးကြီးလား?

"မောင်.. ဘာတွေလဲ..အဲဒါ ?"

ကျွန်မငိုချလိုက်တယ်။

**************************************

" မောင် နောက်မှရှင်းပြမယ် .. မောင့်ကို ဆေးရုံပြန်ပို့ပေးပါမိန်းမရယ်...။

မေးမရတဲ့အဆုံး ကျွန်မ မောင့်ကို ဆေးရုံပြန် လိုက်ပို့ပေးခဲ့တယ်..။ မောင် တစ်ခုခုကို စဉ်းစားပြီး ငြိမ်သက်နေတယ်။

မောင့်ဆီ သူနာပြုဆီကဖုန်းဝင်လာတယ်။

"ဒေါက်တာ.. မွေးလူနာရှိတယ်.."

ရေးကြီးသုတ်ပြာနဲ့ မောင်ဆေးရုံထဲပြေးဝင်သွားတယ်။

ကျွန်မ အိမ်ပြန်လာတယ်..။

ကျွန်မ တစ်ညလုံး ကြောက်လွန်းလို့ ငိုနေမိတယ်။

**************************************
၂၀၁၂ ခုနှစ် ၈ လပိုင်း ၁ရက်နေ့

မနက်မိုးသောက်...

"ကျွန်တော် ဒီကားအနားက ဖြတ်သွားတော့ အထဲမှာ မိန်းမ တစ်ယောက် အိပ်နေတာတွေ့တယ်... ဪ မပူဘူးလား မသိဘူး ကားထဲမှာ အဲယားကွန်းမဖွင့်ပဲ အိပ်နေတာ..လို့တွေးမိတယ်.."

" ကျွန်တော် ရေကူးပြီးပြန်လာတော့လည်း ဒီမိန်းမက ဒီပုံစံအတိုင်းပဲ ... ကျွန်တော်က အစ်မ နေမကောင်းဘူးလားလို့ သူ့ကားတံခါးကိုထုနေတာ တုတ်တုတ်တောင်မလှုပ်ဘူး ဒါကြောင့် ဖုန်းဆက်တာပါ .. အမြန်လာကယ်ကြပါ.."

**************************************

ရဲထောက်လှမ်းရေးများ ရောက်လာသည်။
သေဆုံးသူမှာ နာမည် သိပ်မကြီးသော ရုပ်ရှင်မင်းသမီးတစ်ယောက်..။ ( အမည် လျို့ဝှက်ထားပါသည်။ )

TV လိုင်းတို့မှ နေ့လည်ပိုင်းသတင်းများတွင် အမျိုးသမီးတစ်ဦး ကားထဲ၌ သေဆုံးနေကြောင်း ပါလာသည်။

ထိုည ၉ နာရီ ၃၀ မိနစ်

" ကျွန်တော် ဆရာဝန် ကင်မ်-- ပါ။ ဒီနေ့မနက် ဟန်မြစ်နားမှာတွေ့တဲ့အလောင်းဟာ ကျွန်တော်နဲ့သက်ဆိုင်နေပါတယ်..။ ကျွန်တော် တရားခံပါ..."

**************************************

မောင်ဟာ သူ့သူငယ်ချင်း ရှေ့နေမနဲ့ တိုင်ပင်ပြီး သူ့အပြစ်ကို ဝန်ခံပြီး အဖမ်းခံလိုက်ပါတော့တယ်။

ကျွန်မ ဘာတွေ ဘယ်လိုဖြစ်သလဲ မသိတော့ပါဘူး။

မောင့်ရှေ့နေမကလည်း မောင့်ကိုယ်ရေးကိုယ်တာမို့တဲ့ ကျွန်မကို ဘာမှမပြောပါဘူး..။

ကျွန်မ မောင်ဘာဖြစ်ခဲ့တာလဲဆိုတာ လူအများနည်းတူ တရားရုံးမှာ တရားစစ်တာပဲကြားခွင့်ရပါတယ်။

ကျွန်မ ကို မောင်ကတခွန်းပဲပြောတယ်..။

"မိန်းမ..မင်းကို ပြဿနာထဲ ဆွဲထည့်မိတဲ့ မောင့်ကိုခွင့်လွှတ်ပါ..."

**************************************

တရားလိုဖက်ရှေ့နေက သေဆုံးသူ အလောင်းရဲ့ ဓာတ်ခွဲခန်းအဖြေ ဆေးစာရွက်ကို ဖတ်ပြနေတယ်။

"သေဆုံးသူ ရုပ်ရှင်မင်းသမီး"ရီ—-"၏ ခန္ဓာကိုယ်အတွင်း ဆရာဝန်"ကင်မ်—-"၏ သုတ်ရည်ကို တွေ့ရှိရသည်။"

ကျွန်မရဲ့ ကမ္ဘာကြီးတခုလုံး ရုတ်တရက် အမှောင်ကျသွားပါတယ်..။

မောင်ဟာ တရားရုံးမှာ တည်ငြိမ်စွာပြောနေတယ်...။

"ဟုတ်ကဲ့ ကျွန်တော်နဲ့သူမ သိတာ တစ်နှစ်ကျော်ပါပြီ..ကျွန်တော်တို့ ရည်းစားဖြစ်ခဲ့ပါတယ်။"

“အဲဒီနေ့က ဆေးထိုးပြီး ရုပ်ရှင်မင်းသမီးက ကျွန်တော်နဲ့ ကာမဆက်ဆံဖို့ သူ့ဖက်က စ ပြောပါတယ်။ "

"ကျွန်တော်တို့ ကာမဆက်ဆံပြီးတော့ ကျွန်တော် သူမကို ပိုနားလို့ရအောင် လက်ဖျံမှာ အကြောဆေး တစ်အိတ်ဆက်ချိတ်ပေးပါတယ်။ "

"ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်လုံးအိပ်ပျော်သွားကြတယ်။ ကျွန်တော် နိုးလာတော့ သူမ သေနေပါပြီ..။ "

**************************************

မောင်ဟာ ခေါင်းငုံ့ပြီးပြောလိုက်တယ်..။
" သူမဟာ ကျွန်တော့် ချစ်သူပါ..."

ဟင်?!? ကျွန်မ နှုတ်က ယောင်ပြီးအော်မိတယ်။ ဘေးကလူတွေ ကျွန်မကို ကြည့်နေကြတယ်..။ ချစ်သူတဲ့လား...?

မောင်က ဆက်ပြောတယ်။

"သူမ ပိုပြီး သက်တောင့် သက်သာဖြစ်အောင် အခြား ဗီတာမင်၊ အကြောပြေဆေး တို့နဲ့ ရောပြီး အကြောဆေးထပ်သွင်းပေးတာပါ.."

"ကိုယ်ချစ်တဲ့သူကို သေစေလိုတဲ့ ဆန္ဒ ယောင်လို့တောင်မရှိခဲ့ပါဘူး.."

**************************************

ဆရာဝန်နှင့် ရုပ်ရှင်မင်းသမီးတို့၏ ဖုန်းများကို စစ်ဆေးကြသည်။

၂၀၁၂ ခုနှစ် ရ လပိုင်း ၃၀ရက်နေ့

ည ၈ နာရီ ၅၄ မိနစ်

ဆရာဝန်-ဘယ်အချိန်လောက် နွားနို့ ဆေးထိုးချင်တာပါလဲခင်ဗျာ..?"

ရုပ်ရှင်မင်းသမီး- "အခု.. ခိခိခိ"

ဆရာဝန်-" ဘယ်ရောက်နေလဲ ခင်ဗျ.."

ရုပ်ရှင်မင်းသမီး-" အပြင်ရောက်နေတာရှင့်"

ဆရာဝန်-"၁၀ နာရီလောက်ဖုန်းဆက်ကြည့်ပါ"

ရုပ်ရှင်မင်းသမီး- "ဟုတ်ကဲ့"

**************************************

ည ၁၀ နာရီ ၀၅ မိနစ်

ဆရာဝန်-" ၁၁ နာရီခွဲလောက် လာခဲ့ပါ"

ရုပ်ရှင်မင်းသမီး- "ခဏကြာတွေ့ကြမယ်နော်"

ရည်းစားတို့ကဲ့သို့ အခေါ်အပြောများမရှိ..။

**************************************

တောင်ကိုးရီးယားတွင် Propofol ဟူသော ဆေးအရည်အား နွားနို့ဆေးရည်ဟု နာမည်ပေးထားကြသည်။

အလုပ်အလွန်များ၍ အိပ်ချိန်မရှိသော ကုမ္ပဏီ လုပ်ငန်းရှင်များ၊ရုပ်ရှင်နယ်ပယ်မှ မင်းသမီးမင်းသားများ၊ စိတ်ဖိစီးမှုများ၍ အိပ်မပျော်သူများ ထိုဆေးကိုထိုးလျှင် တစ်နာရီခန့် နှစ်ခြိုက်စွာအိပ်ပျော်၍ အိပ်ရာမှ နိုးလာလျှင် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သကဲ့သို့ အားအင် ပြည့်ဝသည်။

သို့သော် ထိုဆေးကို မကြာခဏအသုံးပြုလျှင် မူးယစ်ဆေးဝါးကဲ့သို့ စွဲလန်းသွားကြသည်။
မိမိကိုယ်မိမိအားထုတ်၍ စိတ်ပြေလျှော့အောင်အောင်ကြိုးစားရမည့်အစား ...အိပ်ပျော်ရန်ကြိုးစားရမည့်အစား ... နွားနို့ဆေးကို အမှီပြုကြတော့သည်။

**************************************

ထိုနေ့ည ၁၁ နာရီ ၀၈ မိနစ် တွင် ရုပ်ရှင်မင်းသမီး ဆေးရုံထဲဝင်လာသည်ကို cctv တွင် စစ်ဆေးတွေ့ရှိရသည်။

ဆရာဝန်သည် ထိုနေ့တွင် နွားနို့ဆေးရည် မရှိသဖြင့် ၎င်းနှင့် အကျိုးသက်ရောက်မှုတူသော Midazolam Injection ကိုပေးခဲ့သည်။

CCTV ၌ သူမ ဆေးရုံ အခန်းထဲဝင်ပြီး ၃ နာရီ ၃၀ ခန့် အကြာ... သေဆုံးနေသော သူမအား ဆရာဝန်က သူမကို ဘီးတပ်ထိုင်ခုံဖြင့် ဆေးရုံအပြင်ကိုခေါ်ထုတ်လာသည်ကိုတွေ့ရသည်။

**************************************

"သူမ သေသွားလိမ့်မယ်လို့ ကျွန်တော် တွေးတောင် မတွေးခဲ့ပါဘူး...ကျွန်တော့်ကို အပြစ်ကို ကျွန်တော်ခံယူပါ့မယ်..။"

သက်သေမရှိသော အမှုတစ်ခုကို စစ်ဆေးသည့်အခါ တရားခံပြောသမျှကို ယုံသင့် မယုံသင့် ဆုံးဖြတ်ရသည်။ ထိုအခါ တရားခံ၏ အကျင့်စာရိတ္တကို မူတည်၍ မှန်- မမှန် ဆုံးဖြတ်လေ့ရှိကြသည်။

ထို့ကြောင့် ရဲထောက်လှမ်းရေးတို့က ဆရာဝန်၏ လူနာများ၊ ကျောင်းနေဖက်များ၊ ဆရာ ဆရာမများ၊ လုပ်ဖော်ကိုင်ဖက်များအား ဆရာဝန်၏အကြောင်းကို စုံစမ်းကြသည်။

ထိုသူတို့က ဆရာဝန်သည် လူကောင်းတစ်ယောက် စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်ကြောင်း ထောက်ခံစာများ ထောင်/ သောင်း နှင့်ချီ၍ အလွန်များပြားစွာ တရားသူကြီးထံ ပေးပို့ကြတော့သည်။

သို့ဖြင့်...
ရှေ့နေကောင်းကောင်းနှင့် အလျှောက်ကောင်းသော ဆရာဝန်၏ အမှုက ရိုးရိုးသားသား "ဆေးမှားမှု" ဖြင့် ပြီးသွားခဲ့သည်။

ဆရာဝန်သည် ထောင်ဒါဏ် တစ်နှစ် ၆ လနှင့် ဒါဏ်ငွေ (ကိုရီးယားဝမ်) သိန်း ၃၀ နှင့် အမှုပြီးသွားခဲ့သည်။

**************************************
🌟အပိုင်း-၂

ကျွန်မ မောင့်ကို ထောင်ဝင်စာသွားတွေ့တယ်...။ သွားတွေ့တိုင်း ကျွန်မ သိချင်တဲ့မေးခွန်းတွေ...။

အဲဒီနေ့က ဘာတွေ ဘယ်လိုဖြစ်ခဲ့တာလဲ... ?
မောင့် ရည်းစားဆိုတာမှန်လား..?
ချစ်သူဆိုတာ ဟုတ်လားမောင်...?

ကျွန်မသိတဲ့မောင်ဟာ ဒီလိုလူစားမဟုတ်ဘူး။
ကျွန်မ မေးချင်တယ်..။
ကျွန်မ သိပါရစေ..။
အမှန်တရားကို သိပါရစေ။
ကျွန်မအတွက် အလွန် အရေးကြီးပါတယ်။

လက်တွေ့မှာတော့ မောင် စိတ်ဆင်းရဲမှာစိုးလို့ ဘာမှ မမေးဖြစ်ဘူး။

အင်းလေ.. တစ်နှစ်ခွဲ စောင့်နိုင်ပါတယ်..။

*************************************

မောင် ထောင်ကထွက်လာပါပြီ...။

မောင် ပင်ပန်းနေရှာမှာပဲလို့ ပထမ ၆ လအတွင်း ကျွန်မ သိချင်နေတာတွေ မမေးဖြစ်ခဲ့ဘူး..။

၆ လကျော်တော့ ကျွန်မ မောင့်ကို မေးကြည့်တယ်..။ ၂ နှစ်ရှိပြီလေ စောင့်ခဲ့ရတာ..။

"အဲဒီနေ့က မောင် အမှန်တကယ် ဘယ်လိုဖြစ်တာလဲဟင်..?

မောင့် ချစ်သူလားဟင်..?"

မောင်ဟာ မျက်နှာပျက်သွားပြီး ကျွန်မကို အေးစက်တဲ့ အကြည့်တွေနဲ့ကြည့်တယ်..။
ဘာမှမဖြေဘူး..,။

**************************************

ဒီလိုနဲ့ ၁ နှစ်ထပ်ကြာသွားတယ်..။

၂၀၁၅ ခုနှစ်..။

မောင်ဟာ ကျွန်မကို ဘာဆို ဘာတခွန်းမှ မပြောပြဘူး..။

မှန်တယ်ဆိုလဲ မှန်တယ်ပေါ့..။
မောင် ရည်းစားထားခဲ့တယ်ဆိုလဲ ပွင့်ပွင့်လင်းလင်းပြော ပြီး ကျွန်မကို တောင်းပန်ရမှာ မဟုတ်လား..?

ကျွန်မဟာ ရူးမတတ်ခံစားလာရတယ်...။

**************************************

ကျွန်မ ဝမ်းနည်းတယ်..။ သဝန်လည်းတိုတယ်...။

သေသူ ရုပ်ရှင်မင်းသမီးနဲ့ ကျွန်မယောက်ျား ရည်းစား ဖြစ်ခဲ့- မဖြစ်ခဲ့ အမှန်တရားကို သိချင်တယ်...။

"ရှင်မပြောပြရင် ... ဒီနိုင်ငံကို စုံစမ်းခိုင်းရမယ်..ဒါပဲ.."

**************************************

ထို့ကြောင့် တောင်ကိုရီးယား SBS TV ရုပ်မြင်သံကြားဌာန သို့သွားရောက်၍ အကူအညီတောင်းလေသည်။

"အဲဒီနေ့ညက ကျွန်မ ယောက်ျားဟာ သေဆုံးသူကို "လူနာ" လို့ပြောခဲ့တယ်။

သူ့ရည်းစားဆို ကျွန်မဆီ ဒီအလောင်းသယ်မလာဘူး ။ ကျွန်မ မသိအောင် ဖျောက်ဖျက်ပစ်မှာပေါ့....။

ရှေ့နေနဲ့တိုင်ပင်ပြီးမှ သူတို့နှစ်ယောက်ရည်းစားဖြစ်တယ်ဖြစ်သွားကြတာ..။

ဒါဟာ မရိုးသားမှုပဲ..။"

ယောက်ျားကို မေးမရသည့်အဆုံး အလွတ် ထောက်လှမ်းရေးတို့ကို ထိုသို့ပြောပြလေသည်။

**************************************

သူမသည် သူမ သိချင်တာ တစ်ခုပဲ သိသည်။ အကယ်၍ ဆရာဝန်နှင့်ရုပ်ရှင်မင်းသမီး ရည်းစားမဟုတ်ခဲ့လျှင် ဆရာဝန်သည်လူနာအား မတရား မုဒိမ်းကျင့်မှုဖြစ်တော့မည်။

သူမ ယောက်ျားအတွက် အပြစ်ကြီးသည်ကို သူမ မသိလေရော့သလား..။

သူမ၏အတွေးက တစ်မျိုး...။

သူမ၏ယောက်ျားနှင့် ရုပ်ရှင်မင်းသမီးမှာ ရည်းစားအခြေအနေ မဟုတ်... မင်းသမီးက သူမ ယောက်ျားကို နွားနို့ဆေးလိုချင်၍ ဖျားယောင်းသွေးဆောင်ရာမှ ထိုအမှုဖြစ်သွားသည်ဟု ယူဆသည်။

သူမယောက်ျား ထိုကဲ့သို့ အိမ်ထောင်ရေးဖောက်ပြန်သည့်သူ တစ်ဦးမဟုတ်ကြောင်း တနိုင်ငံလုံးကို ပြောပြလိုသည်။

**************************************

ပြီးသွားသော အမှုကို အစကပြန်စ၍ SBS TV မှ စုံစမ်းမှုများကို ပြုကြတော့သည်။

သူနာပြုဆရာမကို စစ်ဆေးသည့်အခါ သည်လိုပြောသည်။

၂၀၁၁ ခုနှစ် ၆ လပိုင်းလောက်ကပေါ့...ရုပ်ရှင်မင်းသမီးက ဒေါက်တာ့ဆီမှာ သားအိမ်နဲ့ ပတ်သက်ပြီးခွဲစိတ်ကုသတယ်။

နေကောင်းသွားတော့ ကျေးဇူးတင်တဲ့ အနေနဲ့ ရုပ်ရှင်မင်းသမီးက ဒေါက်တာနဲ့ ကျွန်မတို့ သူနာပြုအားလုံးကို ထမင်းစားဖိတ်တယ်။

ရုပ်ရှင်မင်းသမီးက ထပ်ဆက်သွယ်တယ်။
ဒေါက်တာက ကျွန်မတို့ကိုတောင်နောက်ပြောင်ပြီး ကြွားနေသေးတယ်။ ပထမတော့ ဒေါက်တာ့စိတ်ထဲမှာ ဘာမှရှိပုံမရဘူး။

အရက်အတူသောက်ကြ ..တွေ့ဖန်များလာတော့ အတူအိပ်ဖြစ်ကြတယ်လို့ထင်ပါတယ်။
ကျွန်မ အထင်ပါ..။

ရုပ်ရှင်မင်းသမီးက နွားနို့ဆေးရည်ထိုးချင်လို့ ဒေါက်တာ့ကို ကပ်ပုံရပါတယ်။

**************************************

ရုပ်ရှင် အသိုင်းအဝိုင်းတွင်တော့ သူမသည် "တန်းဖုရို မှ အမျိုးသမီး" ဟုတိုးတိုးတိတ်တိတ် သတင်းထွက်လာသည်။

တန်းဖုရို ဟူသည် မည်သည့်အရာနည်း?(ဗဟုသုတ အနေဖြင့် ဖော်ပြလိုက်ပါသည်။)
မြန်မာလို ၁၀% ဟု အဓိပ္ပါယ်ရသည်။

တောင်ကိုရီးယားနိုင်ငံ၏ အလွန်ချမ်းသာ အထက်တန်းစားများပင် ထိုနေရာကို သွားခွင့်ရရန်ခဲယှဉ်းသည်။

လူချမ်းသာများ၏ ၁၀% မျှသာသွားရောက်ခွင့်ရှိသောနေရာ...ဟုဆိုလိုသည်။

လှို့ဝှက် ထိတ်တန်း အပန်းဖြေသောနေရာတစ်ခုဖြစ်သည်...၊

ထိုနေရာရှိ အဖျော်ဖြေခံ အမျိုးသမီးများ ကိုယ်တိုင် အထက်တန်းစား လူချမ်းသာမိန်းမ များဖြစ်ကြသည်။

ရုပ်ရည် အလွန်ချောမောလှပသော်လည်း သရုပ်ဆောင်မတော်၍ ရုပ်ရှင်မင်းသမီးမဖြစ်ရသော အမျိုးသမီးများမှ စ၍ နာမည်ကြီးရာမှ အကြောင်းအမျိုးမျိုးကြောင့် နာမည်ကျသွားသော ရုပ်ရှင်မင်းသမီးများအထိ..၊ အလွန်ချောမောလှပသူ မော်ဒယ်များ ၊ အလှမယ်များ...စသည့် ချော့ပေ့ဆိုသည် မိန်းမလှများရှိသည့်နေရာ..။

လက်ရှိရုပ်ရှင်မင်းသမီးများထက်ပင် ချောမောလှပကြသည်ဟုဆိုသည်။

ထိုသို့ ရုပ်ရည်ချောမောသူများသာ ၁၀% ဆိုသော လှို့ဝှက်နေရာတွင်ရှိပါသလား..?

မဟုတ်ပါ...ဆရာဝန်မချောချောများ..၊ အင်ဂျင်နီယာမများ ..စသည့် ပညာတတ်မိန်းမများလည်းပါဝင်သည်။

ထို့ကြောင့် အလွန်ဈေးကြီးပေး၍ ပျော်ပါးရသောနေရာမျိုးဖြစ်သည်။ ထိုအမျိုးသမီးများသည် အလွန်ပါးစပ်လုံသည်။

လျို့ဝှက်ချက်မပေါက်ကြားသဖြင့် တောင်ကိုရီးယားနိုင်ငံရှိ အရေးပါသော နိုင်ငံရေးသမားများ၊ အလွန်ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်များ ၊ နာမည်ကြီး ပုဂ္ဂိုလ်များ (ရုပ်ရှင်မင်းသား၊ စာရေးဆရာ၊ စသည်..) အပန်းဖြေသော နေရာဖြစ်သည်။

သေဆုံးသွားသော ထိုရုပ်ရှင်မင်းသမီးသည်လည်း ဖျော်ဖြေသော ဂန်နမ်းရပ်ကွက်ရှိ ၁၀% နေရာမှ အမျိုးသမီးချောတစ်ဦးဖြစ်သည်ဟု သတင်းထွက်သည်။

၁၀% ဟုအမည်ပေးထားသော ထိုနေရာများတွင် ဂန်နမ်း ၁၀% သည် အခြားနေရာထက်ပိုဈေးကြီးသည်။

ထိုအမျိုးသမီးများသည် ပထမပိုင်း၌ အပန်းဖြေလာသူအမျိုးသားတို့နှင့် ၁၀% လှို့ဝှက်နေရာတွင် အရက်သောက် သီချင်းဆိုကြသည်။

ထိုမှတဆင့် မိမိနှစ်သက်သော မိန်းမလှနှင့် အဆင်ပြေလျှင် အဆင့်မြင့်ဟိုတယ်ကြီးများသို့ခေါ်ဆောင်သွားခွင့်ရှိသည်။

**************************************

ရုပ်ရှင်မင်းသမီး၏ ခန္ဓာကိုယ်ရှိ သွေးများကို ဓာတ်ခွဲခန်းတွင် သိမ်းဆည်းထားသေးသဖြင့် အသေးစိတ် စစ်ဆေးရာ ဆေးအမျိုးပေါင်း ၁၃ မျိုး သွေးထဲတွင်ရှိနေလေသည်။

တွေ့ရာဘေးနားရှိဆေးများကို အကုန်ထည့်ထားခြင်းဖြစ်သည်။

ဆေးအချို့မှာ သားဖွားမီးယပ်နှင့်ပင်မဆိုင်သော ဆေးများ..။

ထိုအထဲတွင် Vecaron Injection လည်းပါတယ်။ Vecaron Injection 4 mg သည် လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလျှင် ခန္ဓာကိုယ်ရှိကြွက်သားများ ထုံကျဉ်၍ ဆိုင်းကုန်သည်။

မျက်လုံးလည်းမဖွင့်နိုင် အသက်မရှုနိုင် မလှုပ်ရှားနိုင်၍ အောက်ဆီဂျင်ပေးထားသော လူနာများကိုသာ ပေးရသည့်ဆေးဖြစ်သည်။

Vecaron Injection နှင့် Midazolam Injection ပေါင်းစပ်သောအခါ ပိုဆိုး၍ အဆိပ်ဖြစ်သွားသည်။

ထိုကြောင့် ရုပ်ရှင်မင်းသမီး သေဆုံးသွားခြင်းဖြစ်သည်။

ထိုအကြောင်းကို ဆေးကျောင်း စတုတ္ထနှစ်တွင် အကုန်သင်ရသည်။ ထို ဆရာဝန်က မသိပါဘူးဆိုသည်မှာ ထူးဆန်းနေသည်။

ဆရာဝန်တို့သည် ထိုဆေးကို မိမိကိုယ် မိမိသတ်သေသည့်အခါ အသုံးပြုကြသည်။
ဆရာဝန်မှန်သမျှ မသိသူမရှိ..။

**************************************

သည်လို တွေ့ကရာဆေးများပေါင်းစပ်ဓာတ်ပြုပြီး ကိုယ်ခန္ဓာထဲသို့ သွင်းလျှင် သေနိုင်သည်ကို သာမာန်လူပင်သိနိုင်သည်မဟုတ်ပါလား..?

မသိဘူးပဲထား....ထိုဆရာဝန်ရိုးသားလျှင် အလောင်းသယ်၍ ဟိုပြေးဒီပြေးလုပ်စရာမလို...။

**************************************

ဆရာဝန်၏ မိန်းမ "စော" သည် အမှန်တရားကိုသိလို၍ ထောက်လှမ်းရေးတို့အား အရာအားလုံးကို အမှန်အတိုင်းပြောတော့သည်။

မောင်က ကျွန်မကို တရားရုံးမှာ အချိန်တွေကို လိမ်ခိုင်းတယ်..။

အင်း... နောက်တစ်ခု မရိုးသားတာရှိသေးတယ်..။

အဲဒီညက သေသွားတဲ့ ရုပ်ရှင်မင်းသမီးရဲ့ အဖြူရောင် ကားပေါ်ကလက်ဗွေရာ တွေသေသေချာချာ အဝတ်နဲ့တိုက်ပြီး ဖျောက်ဖျက်နေခဲ့တာ ကျွန်မတွေ့တယ်ရှင့်...။

**************************************

နောက်ဆုံးတွင် သေဆုံးသွားသည့် ညီမဖြစ်သူ ရုပ်ရှင်မင်းသမီး သိက္ခာကျမည်စိုး၍ အတွေ့မခံခဲ့သော မင်းသမီး၏ အစ်မဖြစ်သူနှင့် တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သည်။

အစ်မဖြစ်သူက သည်လိုပြောသည်။

အဲဒီနေ့က ည ၇ နာရီလောက် ရဲတွေက အမေ့ဆီဖုန်းဆက်တယ်။

" ရုပ်ရှင်မင်းသမီး ရီ-- သေဆုံးသွားပြီ.." တဲ့

ညီမလေးဟာ အိပ်နေတဲ့ အတိုင်းပဲ ...။ သေတယ်လို့တောင် မထင်ရဘူး...။

ညီမလေးဟာ ရုပ်ရှင်ရိုက်ရင်း စိတ်ဓာတ်ကျစရာတွေများခဲ့ပါတယ်..။

ရုပ်ရှင်မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း မျက်နှာခွဲစိတ်ကုသမှုတွေကို ခံယူရင်း နွားနို့ ဆေးရည်ကို စပြီးသိခဲ့တယ်..။

ဆရာဝန်တွေက မျက်နှာခွဲစိတ်မှုအတွက် နွားနို့ဆေးရည်ကိုပေးပါတယ်...။
အဲဒီကစပြီး စွဲလန်းခဲ့တာပါ..။

အဲဒီနွားနို့ဆေးရည်က စိတ်ကြည်လင်ပြီး အိမ်မက်ကောင်းကောင်းမက်တယ်လို့ပြောပါတယ်။

နောက်ပိုင်း သားအိမ်မှာ အတက်တစ်ခုရှိလို့ ခွဲစိတ်ကုသရင်း ဒေါက်တာကင်မ်နဲ့တွေ့ခဲ့တာပါ..။

ပထမတော့ ဒေါက်တာ ကင်မ်က ပိုက်ဆံယူပြီး ညီမလေး နဲ့ ညီမ သူငယ်ချင်း ၂ ယောက်ကို အိမ်ကို ဆေးလာထိုးပေးပါတယ်..။

**************************************

ညီမလေးနဲ့ ဒေါက်တာကင်မ် ဘာမှ မပတ်သက်ပါဘူး..။

ညီမလေးက သူ့သူငယ်ချင်းကိုပြောဖူးတယ်..

" ဆရာဝန်ကြီးက နှာဘူးကြီးလိုပဲ...ငါ့ကိုကြည့်တာ ဝါးစားမတတ်... ရွံစရာကြီး .. ငါ မသွားချင်ဘူး.."

"နင်ကလဲ ကိုယ့်ကို နွားနို့ဆေး ထိုးပေးတဲ့ ကျေးဇူးရှင်ပဲဟာ..မသိချင်ယောင်ဆောင်ရမှာပေါ့..။ ဒါမျိုး ပိုက်ဆံပေးဝယ်ဖို့တောင် ခက်တာ.. သူကူညီလို့..."

**************************************

ပြီးတော့ ညီမလေးမှာ ချစ်သူရှိတယ်။
အဲဒီနေ့က တနေ့လုံး ညီမလေးဟာ ချစ်သူနဲ့လျှောက်လည်နေတယ်..။

ညီမလေး ရည်းစားနဲ့ ကျွန်မတို့မိသားစု ညစာအတူစားခဲ့သေးတယ်။

ညီမလေးဟာ ချစ်သူနဲ့အတူ ဆရာဝန်ဆီ မသွားခင်အထိ ရှိနေခဲ့တယ်...။

ညီမလေး မုဒိမ်းကျင့်ခံခဲ့ရတာပါ..။
ဒေါက်တာကင်မ်က Midazolam Injection ကို ပထမအနေနဲ့ ထိုးပေးပြီး အိပ်ပျော်သွားတဲ့ ညီမလေးကို မုဒိမ်းကျင့်ခဲ့တာ..။

ဒီဆေး စ,ဝင်သွားရင် ချက်ချင်း ဆေးမူးပြီး အိပ်ပျော်သွားတာ..။ ကိုယ့်လက်တောင် ကိုယ်မသယ်နိုင်တဲ့ အခြေအနေမို့ သူတို့ အိမ်မှာ အမြဲထိုးနေကျ...။

ညီမလေးက ကာမဆက်ဆံဖို့ စ ပြောတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာ..။
စကားတောင် မပြောနိုင်ဘူးတဲ့..။

ဆေးအတူထိုးဘူးတဲ့ ညီမလေး သူငယ်ချင်းကပြောပြတယ်။

**************************************

ဆေးကြောင့် အိပ်ပျော်နေတဲ့ ညီမလေးကို ကာမဆက်ဆံပြီးတော့ နိုးလာတော့ ရိပ်မိမှာစိုးလို့ အကြောပြေ အိပ်ဆေးနဲ့ ဗီတာမင်ဆေးအိပ်ကို သွေးကြောထဲ တစက်ချင်းချ ချိတ်ပေးခဲ့တာပါ။ ညီမလေးက ထပ်အိပ်ပျော်သွားရင်း ပြန်မနိုးလာနိုင်တော့ပဲ သေဆုံးသွားတာဖြစ်မယ်...။

ဒါဟာ သူ မုဒိမ်းကျင့်တာပါ...။
လူပြိန်းတောင်သိပါတယ်..။

ညီမလေးက လှတယ် ..ချမ်းသာလဲချမ်းသာတယ်.. ဒီဆရာဝန်ရဲ့ငွေလောက်ကို ဂရုစိုက်တာမဟုတ်ဘူး..အချစ်လို့ပြောရအောင်..? ကျွန်မ အော်သာရယ်ပစ်ချင်တော့တယ်.. ။

ညီမလေး ရည်းစားဓာတ်ပုံကြည့်ပါ ..ဒီလိုချောပါတယ်..။

သူ့လို ဆရာဝန် ဝ တုတ်ကြီးက ဘယ်လိုရည်းစားဖြစ်မှာလဲ? နွားနို့ဆေးအတွက်ဆိုလဲ အတူအိပ်မှ ရတာမဟုတ်ပါဘူး..။

ညီမလေးအသိ အခြားဆရာဝန်တွေရှိပါတယ်..။

ညီမလေးက သူများတွေ ပြန်ပြောမှာစိုးလို့ နှုတ်ပိတ် သတ်ပစ်လိုက်တာပါ။

ရည်းစားတွေဆို မိုတယ်/ ဟိုတယ် မှာ ကာမဆက်ဆံပြီးမှ နွားနို့ ဆေးထိုးကြမှာပေါ့..။

ဆေးထိုးပြီးရင် နှစ်ဦးသဘောတူ ကာမဆက်ဆံလို့မှမရတာ..။

ပြီးတော့ ညီမလေးက ဆေးရုံမှာ ဆေးထိုးပြီးအိမ်ပြန်လာမယ်ဆိုပြီး ပြောသွားခဲ့တာ..။

**************************************

၂၀၀၈ ခုနှစ် ၂ လပိုင်း ၇ ရက်နေ့ သတင်း မှ အခြားဆရာဝန်တစ်ယောက်၏ နာမည်ကြီး နွားနို့ဆေးရည် အမှုတစ်ခု ကိုသတိရမိပါသည်။

အတော့်ကိုဆင်တူနေသည်။

နေရာကား အတူတူပင်ဖြစ်သည်။
တောင်ကိုးရီးယား -ဂန်နမ်းမြို့။

Colonoscopy ဆိုသော အူအတွင်း၌ ကင်မရာထည့်၍ စစ်ဆေးသော စမ်းသပ်မှုများကို တောင်ကိုရီးယား၌ နှစ်စဉ် ပြုလုပ်ကြသည်။

ထိုဆရာဝန်က ထိုလူနာမိန်းကလေးများကို နွားနို့ဆေးရည်ပေးရသည်။ ထိုမိန်းကလေးတို့ အိပ်ယာမှ မနိုးခင် ဆရာဝန်က ကာမဆက်ဆံသည်ဟူသော သတင်းဖြစ်သည်။

ထိုသူများအထဲမှ မိန်းကလေးတစ်ယောက်က အူစစ်တာ ဘာကြောင့် မိန်းမအင်္ဂါနာကျင်နေရပါသလဲဟု စစ်ဆေးရာ မုဒိမ်းကျင့်ခံထားရကြောင်း သိရှိရတော့သည်။

သူနာပြုဆရာမတို့ က ထိုအမှုဖြစ်မှ ဆရာဝန်၏ လုပ်ရပ်များကို ရိပ်မိတော့သည်။ ဆရာဝန်သည် နေ့တိုင်း နေ့တိုင်း မိန်းကလေး ၃ ယောက် မှ ၅ ယောက်အထိ မုဒိမ်းကျင့်ခဲ့ပုံရသည်။

သို့သော် သက်သေမှာ မိန်းကလေးတစ်ယောက်ပဲပြနိုင်၍ ထောင် ၅ နှစ်သာကျခဲ့သည်။

ထိုဆရာဝန် ထောင်မှထွက်လာသောအခါ အထက်ပါနည်းအတိုင်းထပ်၍ မုဒိမ်းကျင့်ပြန်သောကြောင့် အဖမ်းခံရပြန်သည်။

ကျွန်မတို့ လေးစားရသူများဖြစ်ကြသော

ပရဟိတလုပ်ငန်းများလုပ်သူဖြစ်၍ ...
ပညာတတ်သူဖြစ်၍..
ငွေကြေးချမ်းသာသူဖြစ်၍...
ကျောင်းဆရာများဖြစ်၍...
ဘာသာရေး ကိုင်းရှိုင်းသူများဖြစ်၍...

ရှက်ဖို့ကောင်းသောအလုပ်..မလုပ်သင့်သောအလုပ်များကို ရှောင်ကြဉ်မည်ဟုမထင်ပါနဲ့..။

ကျွန်မ မိန်းကလေးတို့အား အန္တရာယ်ပေးနိုင်သူသည် ပတ်ဝန်းကျင်ရှိ မည်သူမဆိုဖြစ်နိုင်ပါသည်။

မိန်းကလေးများ အထူးသတိထားစေလိုပါသည်။

**************************************

🌟နိဂုံး

အမှန်တရားကို သိခဲ့သော်လည်း...ပြီးခဲ့သောအမှုတစ်ခုကို သက်သေ အထောက်အထား အသစ်မရှိပဲ ထပ်၍ ဖွင့်၍မရတော့ပါ..။

မင်းသမီးနှင့် ဆရာဝန်တို့ ကာမဆက်ဆံခဲ့သော နေရာတွင် CCTV မရှိ၍ ဆရာဝန်ပြောသမျှ သက်သေဖြစ်ခဲ့သည်..။ ရှေ့နေက တော်သည်။

**************************************

ကျွန်မ အခုတော့ သိပါပြီ... မောင်ဟာ မျက်နှာနှစ်ခုနဲ့လူ ဆိုတာ...။

မောင်ဟာ မုဒိမ်းကောင်...။
မောင်ဟာ လူသတ်သမား..။
စိတ်ဓာတ်ယုတ်ညံ့သူ..။
အောက်တန်းကျသူ....။

သူတော်ကောင်းယောင်ဆောင်တဲ့ လူယုတ်မာဟာ ပိုကြောက်ဖို့ကောင်းပါလားမောင်...။

ကျွန်မ မောင့်ဖက်က ဒီလိုတွေးကြည့်သေးပါတယ်။

မောင်ဟာ ရုပ်ရှင်မင်းသမီးကို လှလွန်းလို့ မုဒိမ်းကျင့်ပြီး ရှက်လို့ သူ့ကိုယ်သူ သတ်သေဖို့ ဒီဆေးတွေကို ရောစပ်ခဲ့တာများလား..?

သူ့ကိုယ်သူ မသတ်သေရဲတော့ ရုပ်ရှင်မင်းသမီးကို သတ်ခဲ့တာလား..?

အဲဒီညက လူနာ သေသွားပြီလို့ တုန်လှုပ်ပြီး ဘာလုပ်ရမှန်းမသိတဲ့ပုံရတော့ ကြိုတင်ကြံစည်ခဲ့ပုံတော့ မပေါက်ပါဘူး..။

ယုံလွယ်တတ်တဲ့ မိန်းမတွေထဲ ကျွန်မလဲအပါအဝင်မို့ မောင့်ကို ခွင့်လွှတ်နိုင်ဘို့ ရှာကြံတွေးခဲ့ပါသေးတယ်..။

အို.. တော်ပါပြီ..။
ဘာမှ ဆက်မတွေးချင်တော့ပါ...။

နေရစ်ခဲ့တော့မောင်...။
ကျွန်မ မောင့်ကို ကွာရှင်းခဲ့ပါပြီ..။

ကျွန်မ မောင့်ထက် အဆပေါင်းများစွာချမ်းသာပါတယ်။
ကျွန်မဘဝမှာ ငွေမလိုဘူး..။
မောင် ဝ တုတ်ကြီးပဲဖြစ်ဖြစ်သွားပါစေ ရုပ်ဆိုးကြီးပဲဖြစ်သွားပါစေ ကျွန်မ ဂရုမစိုက်ပါဘူး..။
ကျွန်မ မောင့်စိတ်ဓာတ်လေးကိုချစ်ခဲ့တာလေ..။

အခုတော့ နာကျည်းမှု ဝမ်းနည်းမှုများနဲ့ ကျွန်မမျက်ရည်ကျမိတယ်..။

မောင်ဆိုတဲ့လူသား ကျွန်မဘဝမှာ အစကထဲက မရှိခဲ့ရင် သိပ်ကောင်းမှာပဲလို့ ....။

မရွှေမိုး ( ကိုရီးယား )
January 28th, 2018.

References

그것이알고싶다
“우유주사 맞을래요?” 시신유기 의사 마지막 문자 의미 ‘성관계 vs 프로포폴’
2012-08-09 15:32
글자크기 조절





No comments:

Post a Comment