ကနီ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် အလောင်း တော်ကဿပ အမျိုးသားဥယျာဉ်အတွင်းတည်ရှိသော အလောင်းတော်ကဿပစံကျောင်းတော်နှင့် ရုပ်ကလာပ်တော် တည်ရှိရာ ဥမင်လိုဏ်ဂူတော်သို့ တပို့တွဲလဆန်း ၁၄ နေ့တွင် ညအိပ်လာရောက်ဖူးမြော်သည့် ဘုရားဖူးဧည့်သည်များနှင့် စည်ကားလျက်ရှိသည်။
တပို့တွဲလပြည့်နေ့သည် အလောင်းတော်ကဿပဘုရား ပရိနိဗ္ဗာန်စံတော်မှုသည့် နေ့ဖြစ်သည့်အတွက် ညအိပ်လာ ရောက်သည့် ဘုရားဖူးများ စည်ကားလျက်ရှိသည်။ ယင်းသို့ ဘုရားဖူးမြော်သူများ စည်ကားလျက်ရှိသည့် တပို့တွဲလဆန်း ၁၄ ရက်နေ့ ည ၈ နာရီ ၄ မိနစ်မှ စတင်၍ ၁ဝ မိနစ်ကျော်ခန့် ဥမင်လိုဏ်ဂူတော်မှာ အနည်းငယ်ပွင့်ဟသွားခဲ့သည်ကို ဥမင် လိုဏ်ဂူတော်အတွင်း ဘုရားဖူးရောက်ရှိနေသော လက်တွေ့ ဖူးမြော်ခွင့်ရရှိသူများထံမှ သိရသည်။
ယင်းသို့ ဥမင်လိုဏ်ဂူတော်ပွင့်နေစဉ်တွင် ဥမင်လိုဏ်ဂူ တော်အတွင်းရောက်ရှိနေသော ဘုရားဖူးများက မိမိတို့တွင်ပါ သော ရွှေ၊ ငွေ ပစ္စည်းများကို ဥမင်လိုဏ်ဂူတော်အတွင်း ထည့်သွင်းလှူဒါန်းခဲ့ကြကြောင်းလည်း သိရသည်။
''ကျွန်တော်တို့ ဒီတပို့တွဲလဆန်း ၁၄ ရက်နေ့နဲ့ တပေါင်း လပြည့်နေ့ဆိုရင် အနယ်နယ်အရပ်ရပ်မှ ညအိပ်ဘုရားဖူး လာရောက်တဲ့ ဘုရားဖူးဧည့်သည်တွေ အလွန်များပြားပါတယ်၊ ဒီညမှာဆိုရင် ညအိပ်လာရောက် ဖူးမြော်သူတွေများပြားလို့ လူ ၂ဝဝ ခန့် တည်းနိုင်တဲ့ တည်းခိုဆောင် ၂ဝ ကျော်မှာ ဘုရားဖူးတွေပြည့်ကျပ်လို့ အချို့ဆိုရင် မိုးကာတဲတွေထိုးပြီး အိပ်နေကြတာတွေကိုလည်း တွေ့ရပါတယ်''ဟု အလောင်းတော် ကဿပဘုရား လေးမြို့နယ်ဂေါပကဥက္ကဋ္ဌ ဦးခင်မောင်ချိုက ပြောပြသည်။
ယင်းသို့ ဘုရားဖူးဧည့်သည်များ ပေါများသည့်အတွက် အချို့မှာ အလောင်းတော်ကဿပဘုရား စံကျောင်းတော်အတွင်း ညအိပ်ရသူအိပ်နှင့် ဥမင်လိုဏ်ဂူတော်အတွင်း ဥမင်လိုဏ် ဂူတော်နောက်တစ်ထပ်ပွင့်လျှင် ဖူးမြော်နိုင်ရန် စောင့်ဆိုင်း၍ ညလုံးပေါက်မအိပ်ဘဲ ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။ သန်းဌေးအောင်(ကနီ)မြန်မာ့အလင်း
No comments:
Post a Comment