Latest News

Monday, January 29, 2018

ပြောပြချင်တဲ့ စကားတွေ

ပြောပြချင်တဲ့ စကားတွေ

မခင်ဦး။
(၅၅၀)

ဒီကနေ့ဟာ နိုင်ငံသားလူတော်တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တဦးလဲ ဖြစ်တဲ့ ဆရာဦးကိုနီနဲ့ တက္ကစီယာဉ်မောင်းဦးနေ၀င်းတို့ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ မသမာသူလူတစုရဲ့ယုတ်မာရက်စက်ရမ်းကားမှုကြောင့် ကျဆုံးကွယ်လွန်ကွယ်လွန်ခဲ့ရတဲ့ နှစ်ပတ်လည်နေ့ဖြစ်တယ်။

( သူတို့ နှစ်ဦးကျဆုံးကွယ်လွန်ခဲ့ခြင်းကား တိုင်းပြည်၏နိုင်ငံသားကောင်းနှစ်ဦး နစ်နာဆုံးရှုံးလိုက် ရသော၊ မြန်မာပြည်ရဲ့အကျည်းတန်လွန်းလှသော ကြေကွဲဝမ်းနည်းဖွယ်ရာကိစ္စဆိုးတခုဟုသာ သတ်မှတ်ရပေတော့မည်။ )

မနှစ်က ဒီလိုနေ့ ဒီလိုအချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဒီလိုလုပ်ကြံသတ်ဖြတ်မှုအဖြစ်ဆိုးကြီးကို လူတိုင်းသိပြီးသားပါလေ။
 မြန်မာပြည်ရဲ့ အထင်ကရ လေဆိပ်လိုနေရာမျိုးမှာ မဖြစ်စဘူး သွေထွက်သံယို လုပ်ကြံသတ်ဖြတ်မှုကြီး တခုဖြစ်သွားခဲ့တယ်ဆိုတာ ဘယ်လောက်များ ဆိုးရွားလှတဲ့ အခြေအနေပါလဲ။

လူကို ခွေးကိုက်လေခြင်းဆိုတဲ့ စကားရပ်ဟာ ဒီအဖြစ်မျိုးကိုဆိုလိုတာလို့ ကျွန်မနားလည်တယ်။
အဲဒီလိုပြောရင် ရိုင်းရာကျမယ်။ ရိုင်းပေမဲ့ တကယ်တော့ ဒီစကားပုံဟာ ပါးစပ်ပြောအရိုင်း သက်သက်မျှသာ။ လက်တွေ့မှာ တကယ်ကိုကာယကံ၊ ၀ဇီကံ၊ မနောကံ ကံသုံးပါးလုံးနဲ့ သွေးထွက်သံယို ရက်စက်မှုကြီးတခုကို ရိုင်းပြစွာ ပြုမူသွားခဲ့တာက ဘယ်သူတွေလဲ။

ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ အာဏာမက်မောတွယ်တာလွန်းမှုကြောင့် အတုအယောင် အမျိုးသားရေးကြွေးကြော်သံတွေ ၊ သွေးခွဲမှုတွေ ၊ နိုင်ငံရေး ရက်စက်မှုတွေ ၊ လိမ်လည်လှည့်ဖြားမှုတွေကို လက်သားကျအောင်ဆုပ်ကိုင်ထားတဲ့ လက်မဲကြီးတွေ ရှိနေတယ်ဆိုတာ ဦးနှောက်ရှိတဲ့ နိုင်ငံတိုင်းသိနေတဲ့ကိစ္စတခုပါ။

တိုင်းသူပြည်သားတွေက လူအ ၊ လူနုံ လူတုံးတွေမှ မဟုတ်တာ။

၂၀၁၅ခုရွေးကောက်ပွဲအနိုင်ရပြီးစ ပါတီကြီးတခုရဲ့ဥပဒေအကြံပေးပုဂ္ဂိုလ်တယောက်က ပါတီက ပေးတဲ့ တာဝန်ကိုထမ်းဆောင်ပြီးနိုင်ငံရပ်ခြားက ပြန်လာချိန်ကို အချိန်အတိအကျနဲ့ အများပြည်သူလုထုရဲ့ရှေ့မှောက်လူစည်ကားရာဖြစ်တဲ့ လေဆိပ်လိုနေရာမျိုးမှာ ရည်ရွယ်ချက်ရှိရှိနဲ့ လူအုပ်စုလိုက်ရောက်နေပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လုပ်ကြံမှုကြီးတခုကိုကျူးလွန် ခဲ့ကြတယ်ဆိုတာ ကြားသိရချိန် ကိုယ့်နားကိုယ်တောင် မယုံနိုင်အောင် ဖြစ်ရတယ်။ နိုင်ငံသား အားလုံးလဲ ကျွန်မလိုဘဲ ဖြစ်ခဲ့မယ်ဆိုတာ ယုံမှားသံသယမရှိပါဘူး။

တကယ်တော့ ဒီလုပ်ရပ်မျိုးက ဦးကိုနီဆိုတဲ့ နိုင်ငံသားတဦးကို လုပ်ကြံတာ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဥပဒေအကြံပေးဥပဒေပညာရှင်တယောက်ကို လုပ်ကြံတာ၊ ၂၀၀၈ခုအခြေခံဥပဒေရဲ့အားနည်းချက် ပျော့ကွက် ၊ ဟာကွက်၊  ပြည်သူတွေဘက်က နစ်နာချက်၊ တိုင်းပြည်အတွက် အကျိုးမဲ့စေနိုင်တဲ့ ဥပဒေပုဒ်မတွေကို ဥပဒေပညာရှင်ပီပီသသ ထောက်ပြဝေဖန်နေသူတယောက်ကိုလုပ်ကြံသတ်ဖြတ်လိုက်တယ်ဆိုတာထက် ပိုတယ်လို့ထင်မိတယ်။  တကယ်တော့ ဒီလုပ်ရပ်ဟာ တိုင်းသူပြည်သားအားလုံးကို စော်ကားလိုက်တဲ့ ရိုင်းပြမှုကြီးပါဘဲ။

ဒီထက်ပိုဆိုးတာကိုပြောချင်သေးတယ်။

ကျွန်မတို့ တွေ့မြင်ရတဲ့ လုပ်ကြံမှုမြင်ကွင်းဗွီဒီယိုဖိုင်တွေထဲမှာ ဆရာဦးကိုနီဟာ မြေးဖြစ်သူ အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို ချီထားတယ်ဗျ။

ရက်အတန်ကြာခွဲခွာရလို့ အဖိုးဖြစ်သူကို လွမ်းဆွတ်နေမဲ့ကလေးငယ်တယောက်က သူ.အဖိုးကို ၀မ်းသာအားရကြည်ကြည်နူးနူး အားကိုးတကြီးဖက်ထားချိန် အဖိုးရဲ့ နောက်ကျောက အဖိုးရဲ့ဦးခေါင်းတဲ့တဲ့တဲ့ကို သေနတ်နဲ့ပစ်တဲ့ လူသတ်သမားရောက်လာတယ်။ ပစ်ထဲ့လိုက်တယ်။ အဖိုးလဲ ကျသွားတယ်။ သွေးတွေ မြင်မကောင်းအောင် ထွက်လာတယ်။ ကလေးတယောက် အနေနဲ့ ဘယ်မျှ ထိတ်လန့်တုန်လှုပ်လိုက်လေမလဲ။

ကျွန်မပြောမယ်။ လူကြီးအချင်းချင်း မုန်းစမ်း။ အာဏာအတွက်မုန်းမုန်း၊ ငွေအတွက်မုန်းမုန်း၊ အချစ်အတွက်မုန်းမုန်း သတ္တိရှိရင် လူကြီးအချင်းချင်း စိန်ခေါ်လိုက်။ သူသေနတ် ကိုယ်သေနတ် ချမလား။ ဓားကိုဓားခြင်း လှံကိုလှံခြင်း၊ တုတ်ကိုတုတ်ခြင်းချကြစမ်း။ ရတယ်ထားဦးတော့။

ကလေးတယောက်ရှေ့မှာ လူသတ်ခြင်းဆိုတဲ့ မဖွယ်မရာ အပြုအမူမျိုးကိုတော့ လူသားမှန်ရင် မလုပ်သင့်တဲ့ ကိစ္စကြီးနော်။ ရှက်စရာပါ။ ရှက်တတ်မယ်ဆိုရင် တရားရုံးတွေ ဥပဒေတွေနဲ့ မပတ်သက်ဘဲ ကိုယ့်အဆိပ်ခွက်ကိုယ်သောက်ပြီး သေပစ်လောက်အောင် ရှက်ဖွယ်လိလိ လုပ်ရပ်လို့ဆိုချင်တယ်။

ပြောရရင်တော့ ဒီဖြစ်ရပ်ဟာ နိုင်ငံရေးကိုအခြေခံတယ်။ အာဏာမင်မောမှုကို အခြေခံပြီး ဖြစ်လာတဲ့ လုပ်ကြံမှုပါဘဲ။

ဒီခေတ်မှာ ဒီလို တဖက်က နိုင်ငံရေးပြိုင်ဘက်တွေကို လုပ်ကြံသတ်ဖြတ်ပြီး ပြသနာဖြေရှင်းတယ် ဆိုတာမျိုး မရှိသင့်တော့တာအမှန်ပါ။

တကယ်တော့ တိုင်းပြည်တခုရဲ့ ပြသနာကို ဒီလို သတ်ဖြတ်လုပ်ကြံဖြေရှင်းတဲ့ နည်းလမ်းတွေဟာ အောင်မြင်ဘို့ထက် ကျဆုံးတာများပါတယ်။ လုပ်ကြံသတ်ဖြတ်ဖြေရှင်းတတ်သူတွေဟာလဲ လူ့ အသိုင်းအ၀န်းကြားမှာ လူဆန်ဆန်နေသွားနိုင်ဘို့ထက်လူ့အသိုင်းအ၀ိုင်းကနေ မျိုးဆက်နဲ့ချီပြီး မျက်စေ့သူငယ်နားသူငယ်နဲ့ နေသွားကြရဘို့သာများပါတယ်။

တခြားနိုင်ငံတွေကို အသာထား။

မြန်မာပြည်သမိုင်းမှာတော့ လုပ်ကြံသတ်ဖြတ်ပြီး အာဏာယူလိုသူ အာဏာယူတတ်သူတွေကို ပြည်သူက မထောက်ခံဘူး။ ရွံရှာစက်ဆုတ်သွားကြတာဘဲ။

ပုဂံခေတ်က နရသူကို ကြည့်။ အဖေဖြစ်သူ အလောင်းစည်သူမင်းကြီးကိုသတ်၊ အကိုကိုသတ်၊ မိဖုရားကို သတ်ပြီးထီးနန်းအာဏာရယူတယ်။ အဲဒီအတွက် သီဟိုကျွန်းက စစ်လာတိုက်ပြီး နန်းချသွားခြင်းခံရတယ်။ သီဟိုက လာတိုက်ချိန် ဘယ်တိုင်းသူပြည်သားကိုမှ ဆိုးညစ်တဲ့ ဘုရင်ကို ကာကွယ်ပြီး မတိုက်လို့သာ နန်းတော်ထဲအထိ ၀င်ပြီး နန်းကို အသာလေးချသွားတာပေါ့။

ကုန်းဘောင်ခေတ်မှာ မြင်ကွန်း မြင်းခုံတိုင်ညီအကိုက မင်းတုန်းမင်းနဲ့ ကနောင်မင်းသားကြီးကို လုပ်ကြံတယ်။ သူတို့ ထွက်ပြေးရတာဘဲ။ မြန်မာ့လူ့အသိုင်းအ၀န်းပြင်ပရောက်သွားတာဘဲ။

သီပေါမင်းကရော။ သီပေါဘုရင်နန်းတက်ဘို့ မင်းညီမင်းသား ၄၀နဲ့ နောက်လိုက်နောက်ပါတွေ ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခံရတယ်။ အဲဒီမှာ နယ်ချဲ့နဲ့ စစ်တိုက်ချိန် တိုင်းပြည်ကို ကာကွယ်ဘို့ အင်အားပျော့သွားပြီး သီပေါမင်းကို အင်္ဂလိပ်နယ်ချဲ့က ကြက်ကလေး ငှက်ကလေးဖမ်းသလို အဖမ်းခံရပြီး သူတပါးတိုင်းပြည်မှာ ဘ၀နိဂုံးချုပ်ရတယ်။

အင်္ဂလိပ်နယ်ချဲ့ ခေတ်မှာတော့ ဂဠုန်စောရဲ့ အဖြစ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့လုပ်ဖေါ်ကိုင်ဖက်တွေကို လုပ်ကြံသတ်ဖြတ်မှုကြောင့် ကြိုးပေးခံရတယ်။ လုပ်ကြံသူအုပ်စုရဲ့ အဆွေအမျိုးတွေဆိုလဲ တောက်ပိုင်းမှာ တိုင်းသူပြည်သားလူအများက ဆက်ဆံရမှာ ၀န်လေးကြတယ်။

လုပ်ကြံမှုဆိုတာရဲ နောက်ဆုံးရလဒ်က ဒါပါဘဲ။

နောက်တချက်က ဦးကိုနီနဲ့ ဦးနေ၀င်းတို့ကို ကာယကံမြောက်သတ်သွားတဲ့ တရားခံဟာ ကြည်လင်းဆိုတဲ့ စာမတတ်၊ ပေမတတ် ၊ ဘုရားခိုးဂုဏ်းက လူမိုက်တဦးဆိုပေမဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်သူတွေက မြန်မာ့ တပ်မတော်က အရာရှိလူထွက်တွေ ဖြစ်နေတာကလဲ စိတ်မကောင်းစရာပါ။

ကျွန်မတို့ တတွေ ၁၉၈၈ခု အရေးတော်ပုံကြီးတုံးက အော်ဟစ်ခဲ့ကြတယ်။ ( ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဘို.မဟုတ်ဘူး) ဆိုတာကို အသံကုန်အော်ခဲ့ကြတယ်။

အခုအဖြစ်တွေက မြန်မာတပ်မတော် လူထွက်တွေက လူကို သတ်တယ်။ လူ့ တန်ဘိုးကို သတ်တယ်။ ပြည်သူ့တန်ဘိုးကို သတ်နေတာဗျ။ တကယ်ကိုဝမ်းနည်းစရာပါဘဲ။

ဒီနေရာမှာ ကိုမင်းကိုနိုင်စကားလေးကိုးကားပြောချင်တယ်။

( သေနတ်က လူကိုသတ်နိုင်တယ်။ လူ့တန်ဘိုးကိုတော့ ကျည်မတိုးဘူး။)တဲ့။

မှန်တယ်ရှင်။ ထောက်ခံတယ်ရှင်။

ဆရာဦးကိုနီတယောက် အသတ်မခံရခင်က ဟောနေ ပြောနေပေမဲ့ လူတိုင်းသတိမပြုမိဘူး။ အသတ်ခံလိုက်ရမှ သူဘာတွေ ပြောခဲ့တယ်။ ဟောခဲ့တယ်။ ဥပဒေကို ဘယ်လို မျှတစွာ စီရင်သင့်တယ်။ ပြဌာန်းသင့်တယ်လို့ ထောက်ပြဝေဖန်မှုတွေကို လူတွေက ပိုပြီးလေ့လာဖြစ်တယ်။ မှတ်သားဖြစ်တယ်။ နာယူဖြစ်တယ်။ လေ့လာဖြစ်တယ်။ သင်ယူဖြစ်တယ်။

အဲဒါ လူ့ တန်ဘိုး တက်သွားတာရှင့်။ အသတ်ခံရလို့ သေသွားမှ သူဟာလွတ်လပ်ရေးခေတ်က ဦးရာဇတ်လို အာဇာနည်လူသားတဦးဆိုတာ ပိုပြီးထင်ရှားလာတယ်။

နောက်တယောက်။
ဆရာဦးကိုနီကို လူသတ်သမားကသတ်အပြီး လူထုထဲကလူထုဖြစ်တဲ့ တက္ကစီယာဉ်မောင်းတွေက လူသတ်သမားကိုဖမ်းဘို့ ၀ိုင်းလိုက်ကြတယ်။ လူသတ်သမားဟေ့ ဖမ်းကြ-ဖမ်းကြဆိုတဲ့ကြားက ရရာလက်နက် အုတ်ခဲကျိုးကိုင်ပြီး ၀ိုင်းလိုက်ကြတာ။

ဦးနေ၀င်းဟာ ( ကိုနေ၀င်း သူ့မှာ သေနတ်ပါတယ်၊ အနားသိပ်မကပ်နဲ့ )ဆိုတဲ့ သတိပေးသံတွေအကြားက လူသတ်သမားကို မမိမှာစိုးလို့ လူသတ်သမားနဲ့အနီးဆုံးကပ်သွားပြီး ဖမ်းဆီးဘို့ကြိုးစားရာက သေနတ်သမား လက်ချက်နဲ့ ကျဆုံးသွားရရှာတာ။

မတရားတာကိုမခံချင်တဲ့ ဦးနေ၀င်းရဲ့ စိတ်ဓါတ်၊ နိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုအားပျော့ချက် တွေအကြား ရဲဝန်ထမ်းများတောင် မလုပ်ရဲတဲ့ စွန့်စားမှုတခုနဲ့ သတ္တိပြောင်ပြောင်၊ ရဲရဲဝံ့ဝံ့ အသက်ပေးဖမ်းဆီးသွားခဲ့တာ။

ကျေးဇူးတင်တယ်။ ဂုဏ်ယူတယ်။ ဂုဏ်ပြုထိုက်တယ်။ လေးစားတယ်။

ပြောရရင်ဗျာ၊ သတ်သ၊ူ သေသူ ဤနှစ်လူမှုာ သေသူတွေရဲ့တန်ဘိုးကသာ အဖိုးမဖြတ်နိုင်တဲ့ တန်ဘိုးကို မြင်ရတယ်။

ဒီလို တန်ဘိုးရှိတဲ့ နိုင်ငံသားနှစ်ဦးကျဆုံးသွားရခြင်းကတော့ တိုင်းပြည်မှာမလိုလားအပ်တဲ့ တရားဥပဒေကိုမထေမဲ့မြင်ပြုနေတဲ့ လူတစု ရှိနေတယ်ဆိုတာ သေချာနေတာပါဘဲ။ အဲဒီလူတစုကို အခုထိလဲ တိတိကျကျ အရေးမယူနိုင်သေးတာက ၀မ်းနည်းစရာ၊။

ဒီအချက်ကို ထောက်ရှုရင် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး။ တရားဥပဒေစိုးမိုးရေးအားနည်း ချက်တွေကို အခြေခံနေတယ်ဆိုတာ ပြောစရာလိုမယ်မထင်မိပါ။

နောက်နောင် ဒီလိုအဖြစ်မျိုးတွေ မကြုံဆုံစေချင်တာလဲ ရင်ထဲက အမှန်တရားသစ္စာပါဘဲ။

အခုကစပြီး ဒီမြန်မာပြည်မှာ မလိုလားအပ်တဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ မတွေ့ချင်ဘူး။ မမြင်ချင်ဘူး၊ မကြားချင်ဘူး။ မသိချင်ဘူး။ မဖြစ်စေချင်ဘူး။

တိုင်းပြည်ကို အမှောင်မကျစေချင်ဘူး။ လင်းစေချင်တယ်။ မညစ်ထေးစေချင်ဘူး။ သန့်စင်ချင်တယ်။ သွေးညှိနံ့တွေ မစွန်းထင်းစေချင်ဘူး။ ဓမ္မရနံ့တွေ သင်းပျံ့စေချင်တယ်။
စည်းမဲ့ကမ်းမဲ့ တရားဥပဒေမဲ့ မဖြစ်စေချင်ဘူး။ တရားဥပဒေခိုင်မာစေချင်တယ်။ တရားဥပဒေဟာ လူတစုထင်သလိုလုပ်ခွင့်ထဲ့ ဘေးရောက်မနေစေချင်ဘူး။  တိုင်းသူပြည်သားတိုင်းရဲ့ တန်ဘိုးတွေကို အကာအကွယ်လုံခြုံမှုပေးနိုင်တဲ့ မျှတတဲ့အရာဖြစ်စေချင်တယ်။

တောင်းဆိုတယ်။ ရင်ထဲက တောင်းဆိုတယ်။

မြန်မာပြည်ကြီးမှာ လူမိုက်လူရမ်းကားမွေးပြီး ရက်စက်မှုတွေထင်တိုင်းကျဲတာတွေ ရပ်တန့်စေဘို့
တရားဥပဒေခိုင်မာအောင်၊ တရားစီရင်ရေးခိုင်းမာအောင် လုပ်ဆောင်ကြပါ။

ထောင်ထဲကနေ ပြည်သူတွေကို ( ထမင်းဝအောင်စားထား)ဆိုတာမျိုး ခြိမ်းခြောက်မခံပါရစေနဲ့။
ဒါကလဲ တိုင်းပြည်မျက်နှာစာမှာ လူမြင်သူမြင်လူကြီးနေရာယူထားသူတိုင်း တိုင်းပြည်ကို စေတနာ၊ မေတ္တာထား လုပ်မှရမှာပါ။

ပြည်သူတွေကတော့ --ပြောရဲတယ်။ သေချာတယ်။

သေနတ်သံတိတ်ရင် ပြည်သူ့ပါးစပ်က ဝေဖန်သံတွေပိတ်မယ်။

သေနတ်ပြောင်းတွေပျောက်ရင် ပြည်သူတွေလဲ အုတ်ခဲ မကောက်ပါဘူး။

အဲ အဲ -ဆက်ပြီး ထောင်ထဲကတောင် ခြိမ်းခြောက်နေနိုင်ဦးမယ်ဆိုရင်တော့

ပြည်သူတွေဘက်ကလဲ ---

( အုတ်ခဲဘဲ )လို့ ။

မခင်ဦး
၂၉-၁-၁၈
တနင်္လာနေ့။

No comments:

Post a Comment