ယခုရက်ပိုင်းတွင်း သတ်မှတ်ပေါက်ဈေးထက် နိမ့် သည့် လျှော့ဈေးဖြင့် ရောင်းချသော မော်တော် ကားများ ဆက်တိုက်အရောင်းအဝယ်ဖြစ်နေပြီး ယခု ကဲ့သို့ ပေါက်ဈေးကို လျှော့ပေါ့ကာ ရောင်းချရခြင်းများ လာမည့် သီတင်းပတ်အတွင်းလည်း ဆက်လက်ဖြစ်ပေါ် နေမည်ဖြစ်ပြီး ဈေးနှုန်းများမှာလည်း လျှော့ဈေး ရောင်းချမှု များပြားလာပါက ကျဆင်းလာဖွယ်ရှိနေ ကြောင်း ကားဈေးကွက်အတွင်းမှ သိရှိရသည်။
လက်ရှိဈေးကွက်အတွင်း ဝယ်ရောင်းအများစုမှာ မော်တော်ကား လက်ဝယ်ထားရှိမှုတွင် အမြတ်အစွန်း နည်းပါးဆုံးသော ကားများကို ထုတ်ရောင်းလာကြပြီး ဈေးလျှော့ရောင်းသဖြင့် အရောင်းအဝယ် ပြန်ဖြစ်လာ နေသည်ကို တွေ့ရသည်။ ဈေးနှုန်းမြင့်မားခြင်းကြောင့် မော်တော်ကား လက်ဝယ် ကိုင်ဆောင်ထားလိုကြသော် လည်း အဝယ်မလိုက်မှု ကြာရှည်လာသဖြင့် ငွေလည်ပတ် ရန်အတွက် ယခုလို ရောင်းချနေကြခြင်း ဖြစ်သည်။ ''ကျွန်တော် ကားငါးစီး ကိုင်ထားတယ်။ ဈေးက မြင့်လို့ မြတ်နေတယ်လို့ ပြောရင်ရပေမယ့် ငွေက ကားတွေထဲမှာ အိပ်နေတယ်၊ မလည်ပတ်နိုင်တော့ဘူး၊ အတိုးတွက်နဲ့ တွက်မယ်ဆိုရင် အရှုံးပေါ်သလို ဖြစ်နေတဲ့အတွက် ကား နှစ်စီးကို ထုတ်ရောင်းလိုက်ရတယ်၊ ပေါက်ဈေးထက် ခုနစ်သိန်းကျော် လျှော့ရောင်းပေးတော့ ချက်ချင်း ထွက်တယ်၊ လက်ရှိ ကားဈေးကွက်မှာက ငွေပေါ်ချင်ရင် ကားရောင်းထုတ်ဖို့က လွယ်ပါတယ်၊ ဈေးသာလျှော့ပေး အရောင်းအဝယ်က ချက်ချင်းဖြစ်တယ်၊ ဒါပေမယ့် ရောင်းလို့ ရတဲ့ငွေနဲ့ ကားတစ်စီး ပြန်ဆွဲမယ်ဆိုရင်တော့ မလွယ်ဘူး'' ဟု ကားဝယ်ရောင်း ကိုကျော်စွာဦးက ပြောသည်။
သို့သော် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီမှ ၂ဝဝဝ စီစီ အကြား မော်တော်ကားများသာ အရောင်းအဝယ် ဖြစ်နေ ပြီး ဈေးနှုန်းမြင့်၊ အင်ဂျင်ပါဝါမြင့် ကားများမှာမူ တက်ဈေး ဖြင့် အရောင်းအဝယ်မရှိ ရပ်တန့်နေသည်။ ကား အရောင်းစင်တာများတွင်လည်း နှစ်ကုန်ပိုင်းဖြစ်လာပြီး အပျော်အပါး ခရီးသွားရန်အတွက် အားခဲနေရချိန်မို့ အရောင်းအဝယ်မဖြစ်ဟု သိရသည်။ ထို့ပြင် ၂ဝ၁၈ နှစ်ဆန်းပိုင်း မူဝါဒသစ်ဖြင့် ကားတင်သွင်းမည့် လူများ ကလည်း ကားသစ်တင်သွင်းရန်ကိုသာ စိတ်ဝင်စားကြပြီး ကားဟောင်းများဖြင့် ဈေးကစားခြင်းကို အားလျော့နေ ကြပြီဖြစ်သည်။ ထို့ပြင် နှစ်ပတ်တာအတွင်း စလစ် လျှောက်ထားကာ မူဝါဒဟောင်းဖြင့် နောက်ဆုံးပိတ် ကားတင်သွင်းရန် အာရုံကျသူများလည်း ရှိသဖြင့် လက်ရှိ ရန်ကုန်ကားဈေးကွက် တစ်ခုလုံး အေးစက် ငြိမ်သက်လျက်သာရှိနေကြောင်း ကားလောကသား များထံက သိရသည်။
ထို့ပြင် ယခုရက်ပိုင်း ရန်ကုန်မြို့တွင်းနေ နယ်လိုင်စင် ကားအများစုမှာလည်း မြို့ဝင်ကြေး ပေးဆောင်ရခြင်း အပါအဝင် အခြားသော ကောလာဟလ သတင်းမျိုးစုံ တို့ကြောင့် ပြန်လည်ရောင်းချလိုကြသော်လည်း ဝယ်ရင်း ဈေး၊ ပေါက်ဈေးများနှင့် လက်ရှိအရောင်းအဝယ် အခြေအနေများ ကွာဟမှုကြောင့် စောင့်ကြည့်နေရသည့် အနေအထား ဖြစ်နေကြောင်း၊ အသည်းအသန် ရောင်းချခြင်း မရှိကြသေးသဖြင့် နယ်လိုင်စင်ကား ဈေးကွက် ဈေးထိုးကျဆင်းမှုတော့ မရှိသေးကြောင်း ကားပွဲစားများက မှတ်ချက်ပြုသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင် အကောက်ခွန် ဒဏ်ကြေးများကို ပြင်ဆင်ရန်ရှိပြီး အချို့ဒဏ်ကြေးများ ကိုလည်း လျှော့ပေါ့နိုင်ရန် စဉ်းစားပေးနေကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက် ထွက်ပေါ်ခဲ့သည်။ ယခုအခါ ဈေးကွက်အတွင်း ရန်ကုန် လိုင်စင်ကားသစ်များ နည်းပါးနေသဖြင့် ကားအရောင်း စင်တာအများစုမှာလည်း အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ကား များကိုပင် ငွေကျပ် သိန်း ၂၉ဝ မှ ၃၃ဝ အထိ ဈေးခေါ် နေကြသည်ကိုလည်း မြင်တွေ့ရသည်။ စလစ်ဈေးနှုန်းများ မှာလည်း လက်ရှိတွင် ငြိမ်သက်နေသည်ကို မြင်တွေ့ရ သည်။ သက်တမ်း နှစ်၂ဝ စလစ်တစ်စောင် ဈေးနှုန်းမှာ ငွေကျပ် သိန်း ၁၃ဝ အောက်တွင် ဈေးတန့်နေကြောင်း သိရသည်။
မင်းသော်
No comments:
Post a Comment