Latest News

Thursday, December 28, 2017

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးကို ရုံးထုတ်၊ ဒုတိယအကြိမ် ချုပ်ရက်ယူ

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးကို ရုံးထုတ်၊ ဒုတိယအကြိမ် ချုပ်ရက်ယူ

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဖမ်းဆီးခံရသော ရန်ကုန်အခြေစိုက်   ရိုက်တာသတင်းဌာနမှ   သတင်းထောက် နှစ်ဦးကို   ယနေ့နံနက်ပိုင်းက   ရန်ကုန်တိုင်းဒေသကြီး   မင်္ဂလာဒုံ မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး  ဒုတိယအကြိမ် ချုပ်ရက် (ရမန်) ယူခဲ့ကြောင်း အဆိုပါတရားရုံးမှ သိရသည်။

တရားစွဲဆိုတဲ့အဆင့်ကို မရောက်သေး
''ဒီနေ့မှာတော့      ရဲလုပ်ငန်းအရ     အမှုတည်ဆောက်ဖို့ အတွက်  ဒုတိယအကြိမ်  ချုပ်ရက်ယူတာပါ၊  ချုပ်ရက်ယူထားတဲ့ ကာလမှာ အင်းစိန် အကျဉ်းထောင်မှာ ချုပ်မိန့်ပေးထားပါတယ်၊ လတ်တလောမှာတော့ တရားစွဲဆိုတဲ့အဆင့်ကို မရောက်သေး ပါဘူး၊ တရားစွဲဆိုနိုင်ဖို့ ရဲတပ်ဖွဲ့က စစ်ဆေးနေတဲ့ကာလပဲ ဖြစ်ပါ တယ်''ဟု မင်္ဂလာဒုံမြို့နယ် တရားသူကြီးက မြန်မာ့သတင်းစဉ်၏မေးမြန်းမှု အပေါ်ဖြေကြားသည်။

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံး(ခေါ်)သက်ဦးမောင်မောင်နှင့်     ကိုကျော်စိုးဦး(ခေါ်)မိုးအောင်တို့နှစ်ဦးအား ထောက်ကြန့် နယ်မြေရဲစခန်းက (ပ) ၁၂၉၈/ ၂ဝ၁၇ ၊ ၁၉၂၃ ခုနှစ်  မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) တို့ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ အမှုကို ဒုတိယရဲမှူးကြီး ယုနိုင်က တရားလိုအဖြစ် အမှုဖွင့်လှစ်ခဲ့ပြီး အမှုနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၃ ရက်တွင် မင်္ဂလာဒုံမြို့နယ် တရားရုံး၌ ပထမအကြိမ်ချုပ်ရက် (ရမန်) ရယူခဲ့ ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက  တရားရုံး၌   ဒုတိယအကြိမ်  ချုပ်ရက် (ရမန်) ရယူရာတွင် ဖမ်းဆီးခံရသူ နှစ်ဦးကို တရားရုံးသို့ သီးသန့် မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ကာ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရသည်။

အမှုနှင့်  ပတ်သက်၍  ဖမ်းဆီးခံရသူနှစ်ဦးဘက်မှ  လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော် အောင်က ''သူတို့နှစ်ဦးကို အင်းစိန်ထောင်ကို တန်းပို့မယ်လို့ သိရပါတယ်၊ သူတို့ကို  ဒီဥပဒေနဲ့  မစွဲသင့်ပါဘူး၊  အဓိက  ကတော့ သတင်းသမားက   သတင်းအချက်အလက်    ကောက်ခံတယ်၊ သတင်းရေးဖို့ လုပ်ဆောင်ရင်းနဲ့ အချက် အလက်တွေကို မိသွား တယ်၊ သူတို့အနေနဲ့ သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ သတင်း ကိစ္စတွေကို ထမ်းဆောင်ရင်းနဲ့ ဒီလိုမျိုးပုဒ်မတွေနဲ့ စွပ်စွဲခံရတာ က သတင်းသမားတွေအတွက် အလွန်နစ်နာပါတယ်၊ ပြည်သူ တွေအတွက်လည်း   သိပိုင်ခွင့်တွေ     ဆုံးရှုံးပါတယ်၊    လာမယ့် တရားခွင်မှာ   ကျွန်တော်တို့ဆက်ပြီး   ရင်ဆိုင်သွားမှာပါ''   ဟု မီဒီယာများကို ပြောသည်။

ထပ်မံချိန်းဆို
အဆိုပါ အမှု၏ ဒုတိယအကြိမ် ချုပ်ရက်(ရမန်)ကာလမှာ လာမည့်ဇန်နဝါရီ   ၁ဝ   ရက်နေ့တွင်   ပြည့်မြောက်ပြီဖြစ်သဖြင့် တရားရုံးက  ယင်းနေ့သို့   ထပ်မံချိန်းဆိုလိုက်ကြောင်း  သိရ သည်။                                    
သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး

No comments:

Post a Comment