Latest News

Wednesday, December 27, 2017

သမိုင်းရှိတဲ့အိမ်မဲမြေ(သို့)နောင်ရိုးဆိုတဲ့မြေ


~~~~~~~~~~~~~~~~~~~~~
အို..ပမ္မ၀တီ
သင့်တေးသံနဲ့ ဆက်စီးပါလေ။
တခါက
ရဲရဲနီစွေး “နောင်ရိုး တိုက်ပွဲ”က သွေးတွေ လည်း
သင့် ရင်ခွင်ထဲ စီးခဲ့ဖူးတယ်။
လေးသံ မြှားသံဓါးချင်းခတ်သံ
စစ်မောင်းသံ ကြွေးကြော်သံ ကြုံးဝါးသံတွေနဲ့
သင့် ကျောပေါ် တိုက်ဆင်တွေ စစ်မြင်းတွေ ဖြတ်ခဲ့ဖူးတယ်။
အို..အိပ်မက်ဆိုသော အရပ်က ပန်းမ၀တီငဲ့
ကျော်ထင်နော်ရထာက ဖေါင်တွေကို မီးတိုက်
နောက်ပြန် မလှည့်ကြေးဆိုတဲသူရဲကောင်းတို့ရဲ့ သီချင်း မှာ
ဝါးပိုးပင်ကြီးတွေယိမ်းနွဲ့ ကခုန်
မြစ်ကလည်းသံပြိုင် စည်းချက်ညီခဲ့တယ်မဟုတ်လား။
ကျော်ထင်နော်ရထာရဲ့
အောင်လျှင် အသက်ရှင်မည်မအောင်လျှင်သေမည်ဆိုတဲ့
ကြွေးကြော်သံကို သင်နာခံခဲ့တယ် မဟုတ်လား
တပင်ရွှေထီး က ပေးတဲ့ ဘုရင့်နောင် ဘွဲ့
သင့်နုတ်ခမ်းသားပေါ်မှာအောင်စည် အောင်မောင်းတွေနဲ့
ကျော်ထင်နော်ရထာကိုဂုဏ်ပြုပွဲ သူတို့ ဆင်နွဲခဲ့တာပဲ။
အိုပမ္မ၀တီ
အစကတော့ သင့်ကို ပန်းမထီးလို့ခေါ်ကြ
သင့်ကလည်း အိမ်မဲချောင်းထဲ စီးဝင် ပျော်ပါးခဲ့တာပဲ မဟုတ်လား
သင့်ရဲ့ အသိအကျွမ်း ဒါးက မြစ်နဲ့ မင်းမနိုင်ချောင်း
သုရှင်တကာရွတ်ပိရဲ့ ကြောက်စိတ်ကို သင်တို့ ပြက်ရယ်ပြုခဲ့ကြ
မြောင်းမြ ချောင်းလည်း သိတယ်
ပြာမလော့ မြစ်လည်းသိမယ်
အိမ်မဲမြို့လည်းသိမယ်။
စစ်တလင်းမြေမှာ ဖေါင်ဖျက်တိုက်တဲ့
သူရဲကောင်းတို့ရဲ အရိုးတွန်သံကို သင်ကြားပါစ
ဒါ ဘုရင့်နောင်ရဲ့ အောင်မြေ
ဒါ .သူရဲကောင်းတို့မြေ
သင်ကြွေးကြော်ရင်း ဆက်စီးပါ
သင်ဂုဏ်ယူရင်း ဆက်စီးလိုက်ပါ။
သမိုင်းဆိုတာ ကြမ်းချင်လည်းကြမ်းမယ်
လွမ်းချင်လည်းလွမ်းမယ်
ဒါပေမယ့်ရမ်းလို့မရဘူး
မငြင်းလေနဲ့
ဒါ အိမ်မဲသားတို့ရဲ့ဝီရတေးသီတဲ့ နေရာ။ ။
ထက်ဝေး
(ပေဖူးလွှာ မဂ္ဂဇင်း သြဂုတ်လထုတ် )

No comments:

Post a Comment