ဗန်ဒိုက်အတွက် ကမ္ဘာ့စံချိန်တင်ကြေး သုံးစွဲလိုက်သည့် လီဗာပူး
ဆောက်သမ်တန်ဗဟိုနောက်ခံလူ ဗန်ဒိုက်မှာ ဈေးကွက် ပြန်လည် ဖွင့်လှစ်မည့် ဇန်နဝါရီ ၁ ရက်တွင် လီဗာပူးသို့ ပေါင် ၇၅ သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ရာ ယင်းပမာဏမှာ နောက်ခံကစားသမားတစ်ဦးအတွက် အမြင့်ဆုံး တန်ဖိုးပေးချေရမှုအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။လီဗာပူးအသင်းက ဗန်ဒိုက်အတွက် ပေါင် ၇၅ သန်းအထိ အသုံးပြုခဲ့ရာ ခံစစ်ကစားသမားတစ်ဦးအတွက် ကမ္ဘာ့ တန်ဖိုးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ထားသူ နောက်ခံလူ မန်ဒီ၏ ပေါင် ၅၂ သန်းတန် အပြောင်းအရွှေ့ထက် ပိုမိုတန်ဖိုးကြီးသည့် အပြောင်းအရွှေ့လည်း ဖြစ်လာခဲ့သည်။
ဗန်ဒိုက်မှာ ဆောက်သမ်တန်အသင်းကို လီဗာပူးထံသို့ ပြောင်းရွှေ့ခွင့်ပေးရန် ပြီးခဲ့သည့် နွေဈေးကွက်အတွင်းကပင် တောင်းဆိုခဲ့သူဖြစ်သည်။ သို့သော် လီဗာပူးအသင်းက ဗန်ဒိုက်နှင့် ချိတ်ဆက်မှုတွင် နားလည်မှုလွဲမှားခြင်းများရှိခဲ့သည်ဟု တရားဝင် တောင်းပန်မှုပြုခဲ့အပြီးတွင် အပြောင်းအရွှေ့မှာလည်း အဆုံးသတ်ခဲ့ ခြင်းဖြစ်သည်။ အသက် ၂၅ နှစ် ဗန်ဒိုက်ကို ဥရောပထိပ်တန်းအသင်း များစွာကခေါ်ယူရန် ချိတ်ဆက်ခဲ့သော်လည်း ကာယကံရှင်ကမူ လီဗာပူးကိုသာ ပြောင်းရွှေ့လိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့ဖူးသူ ဖြစ်သည်။
ဗန်ဒိုက်က လီဗာပူးသို့ ပြောင်းရွှေ့ခွင့်ရခြင်းက ဂုဏ်ယူစရာ ကိစ္စရပ်ဖြစ်ပြီး ပြီးခဲ့သည့်လများအတွင်းက စိန့်မေရီ(ဆောက်သမ်တန်)တွင် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ ဗန်ဒိုက်သည် ဆောက်သမ်တန်က စပါးကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်မှာကတည်းက စိန့်မှ ထွက်ခွာ သွားခဲ့သည်။
ဆောက်သမ်တန်က ဗန်ဒိုက်အတွက် ပေါင် ၇၅ သန်းဖြင့် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း ကြေညာအပြီးတွင် အင်္ဂလန် ကစားသမားဟောင်း အလန်ရှီးယားက ဗန်ဒိုက်မှာ ပေါင် ၇၅ သန်း မတန်သည့် ကစားသမားဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ ဗန်ဒိုက်သည် ၂ဝ၁၅ ခုနှစ် စက်တင်ဘာလတွင် ဆဲလ်တစ်မှ ဆောက်သမ်တန်သို့ ပေါင် ၁၃ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်ကပင် ခြောက်နှစ်စာချုပ်ကို ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။
ပြီးခဲ့သည့် နွေဈေးကွက် လီဗာပူးအသင်းသို့ ပြောင်းရွှေ့ရန် တောင်းဆိုခဲ့မှုကြောင့် နည်းပြ ပယ်လီဂရီနိုက သူ့ကိုတစ်ဦးတည်း လေ့ကျင့်စေခြင်းဖြင့် ဖိအားပေးခဲ့သည်။ သို့သော် စက်တင်ဘာလ အတွင်း ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ပထမ အသင်းကြီး၌ ပြန်လည်ပါဝင်လာနိုင်ခဲ့သည်။ ဗန်ဒိုက်၏ ကလပ် အသင်းဟောင်း ဆဲလ်တစ်မှာလည်း အဆိုပါ အပြောင်းအရွှေ့အတွက် ၁ဝ ရာခိုင်နှုန်း အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။ ဗန်ဒိုက်မှာ ဇန်နဝါရီ ၁ရက်ကတည်းက လီဗာပူးနှင့် ပူးပေါင်းမည်ဖြစ်သော်လည်း အပြီးသတ် မှတ်ပုံတင်ခြင်းကိစ္စ မပြီးပြတ်နိုင်သေးသည့်အတွက် ဇန်နဝါရီ ၂ ရက် တွင် ကစားမည့် ဘန်လေနှင့် ပွဲစဉ်အထိ လီဗာပူးအတွက် ပါဝင်ကစား နိုင်ရန် အလားအလာရှိမည် မဟုတ်ပေ။
လီဗာပူးက ဗန်ဒိုက်အနေဖြင့် ကျောနံပါတ် ၄ ဂျာစီကို ဝတ်ဆင် ကစားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ လီဗာပူးသည် ဗန်ဒိုက်အပြင် လိုက်ပ်ဇစ် ကွင်းလယ်လူ နေဘီကီတာကိုလည်း ပေါင် ၄၈ သန်းဖြင့် လာမည့်နွေဈေးကွက်အတွင်း ခေါ်ယူရန် သဘောတူညီချက် ရရှိခဲ့ သည်။
ဂျို့စ်ဖောင်တီ၏ မှတ်ချက်စကား
ဗန်ဒိုက်က လီဗာပူးဂျာစီကို ကိုင်ထားသည့် ပုံကို အင်စတာဂရမ် စာမျက်နှာထက် တင်ခဲ့ရာ ဗန်ဒိုက်၏ အသင်းဖော်ဟောင်း ဂျို့စ်ဖောင်တီ ဝင်ရောက်ရေးသားသော မှတ်ချက်ကြောင့် စိန့်ပရိသတ်များကို ခံရခက် စေခဲ့သည်။ လာမည့် သုံးနှစ်ခွဲကာလအတွင်း ဆောက်သမ်တန် ကစား သမား ခုနစ်ဦးလောက်မှာ စိန့်ကနေ မာဆေးဆိုက်အသင်းကို ပြောင်းရွှေ့နိုင်ပြီး ရွိုင်ယန်ဘားထရန့်မှာ ဗန်ဒိုက်နောက် လီဗာပူး အသင်းသို့ ပြောင်းရွှေ့နိုင်သည့် နောက်ထပ် စိန့်ကစားသမားဖြစ်ကြောင်း ဖောင်တီက ရေးသားခဲ့ခြင်းဖြစ်သည်။ ဖောင်တီသည်လည်း ပြီးခဲ့သည့် ဇန်နဝါရီဈေးကွက်အတွင်းတွင် စိန့်မှ ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့သွား ခဲ့သူဖြစ်ပြီး ဘားထရန့်လည်း အသင်းပြောင်းနိုင်သည်ဟူသော မှတ်ချက်က စိန့်ပရိသတ်များကို ခံရခက်စေခဲ့သည်။
ကမ္ဘာ့တန်ဖိုးအကြီးဆုံး နောက်ခံလူ
အမည် တန်ဖိုး မှ သို့
ဗာဂေးဗန်ဒိုက် ပေါင် ၇၅ သန်း ဆောက်သမ်တန် လီဗာပူး
ဘင်ဂျမင်မန်ဒီ ပေါင် ၅၂ သန်း မိုနာကို မန်စီးတီး
ဝေါ်လ်ကာ ပေါင် ၅ဝ သန်း စပါး မန်စီးတီး
ဒေးဗစ်လုဇ် ပေါင် ၅ဝ သန်း ချယ်လ်ဆီး ပီအက်စ်ဂျီ
ဂျွန်စတုန်း ပေါင် ၅ဝ သန်း အဲဗာတန် မန်စီးတီး
လီဗာပူးအသင်းက ဗန်ဒိုက်ကို ယခုလို ပေါင် ၇၅သန်းဖြင့် ခေါ်ယူခံရခြင်းကြောင့် ပြီးခဲ့သည့်နွေဈေးကွက်က နောက်ခံလူတစ်ဦး အတွက် ကမ္ဘာ့စံချိန်တင်ကြေးအဖြစ် မှတ်တမ်းဝင်ထားသူ မန်ဒီကို နောက်ကောက်ချကာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ခံစစ်ကစားသမားလည်း ဖြစ်လာခဲ့သည်။ မေလဲ့သင်း(ကြေးမှုံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment