အင်းလေးဖောင်တော်ဦး ဘုရား၌ ရောင်းချသော ရွှေဆိုင်းတချို့တွင် ရွှေမပါ၍ တိုင်ကြားမှုများ ရှိနေ
ညောင်ရွှေ ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ဘုရားဝင်းအတွင်း ပြင်ပမှ လာရောက်ရောင်းချနေသော ရွှေဆိုင်းသည်တချို့မှာ အိတ်အတွင်း၌ ရွှေဆိုင်းများ အမှန်တကယ် ထည့်သွင်းထားခြင်း မရှိသောကြောင့် ယင်းရွှေဆိုင်းကို ဝယ်ယူမိသည့် ဘုရားဖူးခရီးသည်များက ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ထံ လာရောက်တိုင်ကြားမှုများ ရှိနေကြောင်း အင်းလေးဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ထံမှ သိရသည်။
''ရွှေဆိုင်းရောင်းချတဲ့သူတချို့က အပြင်ကနေ ယူရောင်းတာဆိုတော့ ရွှေသားပါရင်လည်း အညံ့တွေပဲပါတာ။ အဲဒါကြောင့် ဘုရားကို ရွှေဆိုင်းကပ်တဲ့အခါ အစစ်လိုတော့ အရောင်မကောင်းတော့ ဘူးပေါ့။ မရောင်းဖို့ကို စာနဲ့ရေးပြီး ချိတ်ထားပါတယ်။
အခုနောက်ပိုင်း ပိုဆိုးလာတာက သူတို့ရောင်းတဲ့ ရွှေဆိုင်းတွေမှာ ရွှေမပါလာဘူးဆိုပြီး ဘုရားဖူးခရီးသည်တွေ လာတိုင်တာတွေရှိလာပါတယ်'' ဟု ဦးထွန်းအောင်ကပြောသည်။ ဘုရားဂေါပကအဖွဲ့မှ တရားဝင်ရောင်းချသော ရွှေဆိုင်းများသည် နှစ်လက်မအပြည့် ငါးရွက်ပါ ရွှေဆိုင်းတစ်ထုပ်လျှင် ငွေကျပ် ၃ဝဝဝ ရှိပြီး တစ်လက်မခွဲထုပ် တစ်ထုပ်လျှင် ငွေကျပ် ၂ဝဝဝ ဖြစ်ကြောင်း၊ ပြင်ပမှ လာရောက်ရောင်းချသည့် ရွှေဆိုင်းထုပ်များအတွင်း လက်သည်းခွံခန့်သာ ရွှေဆိုင်းပါဝင်ပြီး အနိမ့်ဆုံး ငွေကျပ် ၁ဝဝဝ မှ စတင် ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ပြင်ပရွှေဆိုင်း ရောင်းချခြင်းများနှင့် ပတ်သက်၍ ဘုရားဂေါပကအဖွဲ့မှ သတိပေး တားမြစ်ထားသော်လည်း တချို့မှာ လိုက်နာခြင်းမရှိဘဲ ဆက်လက် ရောင်းချနေကြောင်း သိရသည်။
ယခင်က ဖောင်တော်ဦးဘုရား၌ ရွှေဆိုင်း ရောင်းချခြင်းကို ကန်ထရိုက်စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ယင်းကန်ထရိုက်မှ တစ်နှစ်လျှင် ဘုရား ရန်ပုံငွေ ငွေကျပ် သိန်းပေါင်း ၁၂၆ဝ ပေးသွင်းရကြောင်း၊ ထို့နောက် ကန်ထရိုက်စနစ်ကို ဖျက်သိမ်းပြီး ရွှေဆိုင်းရောင်းရငွေ၏ ၆ဝ ရာခိုင်နှုန်းကို ဘုရားရန်ပုံငွေနှင့် ၄ဝ ရာခိုင်နှုန်းကို ဝန်ထမ်းများအတွက် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(MWD)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment