Latest News

Wednesday, December 13, 2017

လူရှစ်ဦး သေဆုံးခဲ့သည့် အံစာတုံးကား မီးလောင်မှု စွဲချက်တင် မတင် အမိန့်ချမည်

လူရှစ်ဦး သေဆုံးခဲ့သည့် အံစာတုံးကား မီးလောင်မှု စွဲချက်တင် မတင် အမိန့်ချမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဟိုက်အေ့စ် (အံစာတုံး) ယာဉ်တစ်စီး မီးလောင်ရာမှ ယာဉ်ပေါ်ပါရှစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ တရားစွဲဆိုထားသူ အမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ( ပေါ့လျော့ခြင်းဖြင့် သေစေမှု) ဖြင့် စွဲချက်တင်သင့် မတင်သင့်ကို လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း လှည်းကူးမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအမှုဖြစ်စဉ်မှာ ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ပုဂံ-ညောင်ဦး ဘုရားဖူးခရီးမှ ရန်ကုန်သို့ အမြန်လမ်းအတိုင်း ပြန်လာသည့် ဟိုက်အေ့စ်ယာဉ်မှာ မိုင်တိုင် အမှတ် ၄/၂  အနီးအရောက် ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းလယ်ကျွန်းရှိ Guard Rail ကို ဝင်တိုက်မိပြီး ယာဉ်မီးလောင်ခဲ့သည်။

ယာဉ်မီးလောင်မှုကြောင့် ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ အပါအဝင် ဝန်ထမ်းများ သေဆုံးခဲ့ပြီး ယာဉ်မောင်း အောင်ခန့်တစ်ဦးသာ အသက်ရှင် လွတ်မြောက်ခဲ့သောကြောင့် ယင်းအမှုကို စီအိုင်ဒီက ကိုင်တွယ် စစ်ဆေးခဲ့သည်။

“ဒီအမှုမှာ တရားလိုနဲ့ လိုပြသက်သေ ၁၉ ဦးကို စစ်ဆေးပြီးပြီ။ ဒါကြောင့် လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့ကျရင် တရားစွဲဆိုခံရသူ ယာဉ်မောင်း အောင်ခန့်ကို အမှုနဲ့ပတ်သက်ပြီး စွဲချက်တင်သင့် မတင်သင့် အမိန့်ချမယ်”ဟု စီအိုင်ဒီမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အသက်ရှင်လွတ်မြောက်ခဲ့သူ အောင်ခန့်မှာ မီးလောင်ခဲ့သည့် ဟိုက်အေ့စ်ယာဉ်ကို ၎င်းကိုယ်တိုင် မောင်းနှင်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားပြီး ယာဉ်မီးလောင်ချိန် အောင်ခန့်နှင့်အတူ ယာဉ်ပေါ်မှ ဆင်းလာသူဟု စွပ်စွဲခံရသူကိုလည်း စီအိုင်ဒီက ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ရာ ၎င်းမှာ ဝင်ရောက် အကူအညီပေးသူဖြစ်ကြောင်း သိရှိခဲ့ပြီး အမှတ် (၃) အမြန်လမ်းမကြီး ရဲစခန်းတွင် အောင်ခန့်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇/၂၈၅ တို့ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ပုဒ်မ သုံးခုဖြင့် အရေးယူခဲ့သော်လည်း ဥပဒေအကြံပြုချက်အရ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က လှည်းကူးမြို့နယ် တရားရုံးတွင် အောင်ခန့်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့်သာ တရားစွဲတင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

No comments:

Post a Comment