Latest News

Thursday, December 7, 2017

ကိုယ့်အလုပ် ကိုယ် မလုပ်နိုင်ကြသော အမေရိကန် ကွန်ဂရက် အမတ်များ


အင်္ဂါနေ့ က အမေရိကန် အောက်လွှတ်တော်တွင် မြန်မာတွင် လူမျိုးရေး မျိုးတုန်းမှု လုပ်နေသည်ဟု စွပ်စွဲကာ နယ်မြေ ကာကွယ်ရေး ဆောင်ရွက်နေကြသော တပ်မတော်ကိုသာမက ဒေါ်အောင်ဆန်းစုကြည်ကိုပါ "ရိုဟင်ဂျာ" ဆိုသူများအပါအ၀င် နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံရန် တောင်းဆိုလိုက်ပါတယ်။ အဆိုပါ အဆိုကို တခဲနက် အတည်ပြုခဲ့ကြပါတယ်။

မြင့်မြတ်လှသော စိတ်ဓါတ်များဟုပင် ဆိုရမည် ဖြစ်ပါတယ်။ သို့သော် ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပျက်နေသည်များကို တစေ့တစောင်း ပြန်ကြည့်ကြဖို့ လိုလာပါတယ်။
သေနတ်သမား၏ လက်ချက်ဖြင့် ၂၀၁၄ တွင် ကယ်လီဖိုနီးယားတွင် ၆ ဦး၊ တောင် ကာရိုလိုင်နားတွင် ၉ ဦး။ အော်ရီဂွန် တွင် ၉ ဦး၊ ၂၀၁၅ တွင် ကယ်လီဖိုနီးယား၌ပင် နောက်ထပ် ၁၄ ဦး၊ ၂၀၁၆ အော်လန်ဒို ရှိ gay nightclub မှာ ၄၉ ဦး၊ လောလောဆယ် လပ်စ် ဗီးဂတ်စ် တွင် ၅၈ ဦး သေ ပြီး ၄၈၉ ဦး ဒဏ်ရာ ရခဲ့မှု တွေ တွေ့နေရပါတယ်။

အမေရိကန်မှာ လူုအစုလိုက် အပြုံလိုက် အပြစ်ခံရမှု mass shooting ကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ လူ လေးဦး နှင့် လေးဦးထက်ကျော်သူများ တချိန်တည်း တနေရာတည်းမှာ အသတ်ခံရခြင်းလို့ ဖြစ်ပါတယ်။ ဒီအတွက် ၂၀၀၀-၁၄ အကြား နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် အဆိုပါ အဓိပ္ပါယ်အရ ပြစ်ခတ်ခံရမှု ပေါင်း ၁၆၆ ကြိမ် ဖြစ်ခဲ့ရာမှာ အမေရိကန် နိုင်ငံထဲမှာပင် ၁၃၃ မှု ရှိခဲ့ပါတယ်။ ဒါတောင်မှ နေ့စဉ် ပျှမ်းမျှ ၉၃ ဦး ခန့်နှုန်း နဲ့ တနှစ်ကို လူ သုံးသောင်းခန့် ကိုယ့်ကိုကိုယ် သတ်သေခြင်း၊ လူသတ်ခံရခြင်းနဲ့ အသက်ဆုံးရှုံးသွားခဲ့ရတာ ထည့်သွင်းခြင်း မရှိသေးပါဘူး။

မိမိတို့ နိုင်ငံသားများ အခုလို ဘေးအန္တရာယ်တွေ ကျရောက်နေတဲ့ အတွက် သေနတ် ၀ယ်ယူခွင့် ဥပဒေကို ဖျက်သိမ်းဖို့ မပြောနဲ့ ပိုမိုတင်းကျပ်စွာ လုပ်ဖို့ကိုတောင် အခု မြန်မာနိုင်ငံအတွက် နိုင်ငံသားများ လုံခြုံရေး အာမခံချက် ပေးဖို့ တောင်းဆိုနေတဲ့ ရီပါတ်ဘလီကင် ထိမ်းချုပ် အောက်လွှတ်တော်က အမတ်တွေ လေသံတောင် မဟရဲ ဖြစ်နေပါတယ်။ တခါက အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ပေါလ် ရိုင်ယန်ကို အဆိုပါ ကိစ္စ ဘယ်လို စီစဉ်မလဲ ဟု သတင်းထောက်များက မရမက မေးတာကိုပင် "ကျွန်တော်အနေနဲ့ ဒီအကြောင်းအစား အခွန်အတုပ်တွေ လျော့ချရေး သာ ပြောလိုပါတယ်" ဟု ဖြေကြားသွားခဲ့ပါတယ်။
အဘယ့်ကြောင့်နည်း၊
ရှင်းပါသည်။
၎င်းတို့ကို မဲပေးနေကြသော ရီပါတ်ဘလီကင် လူထု အနည်းစု (အများအားဖြင့် ကျေးလက်ဒေသနေ လူများ) နှင့် အမျိုးသား ရိုင်ဖယ် အသင်းကြီး ဖြစ်တဲ့ National Rifle Association (NRA) နဲ့ ၎င်းတို့ရဲ့ လောဘီ အဖွဲ့တွေက အပြင်းအထန် ကန့်ကွက်နေကြတဲ့ အတွက် ဖြစ်ပါတယ်။ ကန့်ကွက်သူများက အမေရိကန် နိုင်ငံသားတိုင်း ကိုယ့်ကိုကိုယ် ကာကွယ်ရန် လက်နက်ကိုင်ဆောင်နိုင်ခွင့် ရှိရမယ်လို့ ယုံကြည်နေကြတာကြောင့် ဖြစ်ပါတယ်။ ဒီအတွက်လည်း ၎င်းတို့ ရဲ့ မဲဆန္ဒနယ်မြေက လူထု ငြိုငြင်လာမယ့် အရေး စိုးရွံ့နေကြတာ ဖြစ်ပါတယ်။

ကွန်ဂရက်အနေနဲ့ အနည်းငယ်လေး သာ ပိုမို ထိမ်းချုပ်နိုင်မယ့် ဥပဒေ ပြင်ဆင်ရေး ကို ပြဌာန်းနိုင်မယ်ဆိုရင် လူ အသက် တနှစ် တနှစ်ကို ရာဂဏန်း ထောင်ဂဏန်းလောက်တော့ ကယ်တင်နိုင်ကောင်းရဲ့ လို့ အမေရိကန် ပြည်သူတွေက ငြည်းတွားလာနေကြပြီ ဖြစ်ပါတယ်။ အခုလို လပ်စ်ဗီဂါတ်စ် ကိစ္စလို ဆိုးရွားလှတဲ့ အစုလိုက် အပြုံလိုက် သတ်မှုကြီး ဖြစ်သွားခဲ့တဲ့ အချိန် ပူပူနွေးနွေးမှာတောင် သေနတ် ကိုင်ဆောင်ခွင့် ထိမ်းချုပ်နိုင်မယ့် ဥပဒေတခုခု မပြဌာန်း နိုင်ခဲ့ရင် ဘယ်တော့မှ လုပ်ဖြစ်လိမ့်မယ် မထင်ပါဘူး၊
ထို့အတွက် ကွန်ဂရက်ကို အားကိုးလို့ မရမှန်း သိတဲ့ ပြည်နယ်အချို့က မိမိတို့ ပြည်နယ်အလိုက် သေနတ် ၀ယ်ယူမှု တင်းကျပ်ရေး၊ ထိမ်းချုပ်နိုင်ခွင့် ရရှိရေး ဥပဒေတွေ ပြဌာန်းလာခဲ့ကြပါတယ်။

ထိုကဲ့သို့ မဲဆန္ဒရှင်များရဲ့ ငြိုငြင်မှာကို ကြောက်ဒူးတုန်နေကြတဲ့ ယောက်ျားရင့်မာကြီးများ ဖြစ်ကြတဲ့ အမေရိကန် ကွန်ဂရက် အမတ်များက တနိုင်ငံလုံးရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး "ရိုဟင်ဂျာ" ဆိုသူများကို နိုင်ငံသားပေးရေး၊ စစ်တပ်အပေါ် မိမိမှာရှိတဲ့ moral authority ကို သုံးပြီး ဆန့်ကျင်ရှုတ်ချပေးဖို့ အသက် ၇၀ ကျော် အမျိုးသမီးကြီးအား ဆူညံစွာ တောင်းဆိုလာနေသည့် အဖြစ်က "ရယ်ချင်လိုက်တာ ဖတ်ဖတ်မော" လို့သာ ဆိုလိုက်ချင်ပါတော့တယ်။
လှစိုးဝေ
The Economist (October 7th 2017) တွင် ပါရှိသော "Deadly Silence", "What happened in Vegas"နှင့် "The power of magical thinking" ဆောင်းပါးများမှ အချက်အလက်များ ထုတ်နှုတ်သုံးစွဲ
သည်။

No comments:

Post a Comment