နေအိမ်ဝင်းအတွင်း မိသားစုကို ဓားဖြင့်ဝင်ခုတ်၊ ၁ ဦး သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ရေကန်စုကျေးရွာမှာ နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်လောက်က နေအိမ်ဝင်းအတွင်း မိသားစုကို လူငယ်တစ်ဦးက ဓားနဲ့ ၀င်ခုတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့တယ်လို့ မုံရွာနယ်မြေ ရဲစခန်းက ပြောပါတယ်။
မုံရွာမြို့နယ် ရေကန်စုကျေးရွာနေ အသက် ၃၂ အရွယ် ကိုတင်အောင်ကျော်မှာ တောမှ ပြန်လာပြီး နေအိမ်ဝန်းတွင်း တန်းလျားခုံပေါ်မှာ မိခင် ဒေါ်အေး၊ ညီမ မတင်နီလာဝင်း တို့နဲ့ အမောဖြေအနားယူနေစဉ် တရွာတည်းနေ လူငယ်တဦးက ရန်ငြိုးမရှိဘဲ အိမ်ဝန်းအတွင်း ဓားနဲ့ဝင်ခုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုတင်အောင်ကျော်ရဲ့ ယာဘက် လည်ပင်းနေရာမှာ ပြတ်ရှဓားဒဏ်ရာ ၃ ချက်၊ ယာလက်ဖျံနေရာမှာ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာဘက် တတောင်ဆစ်နေရာမှာ ပြတ်ရှ ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး မုံရွာပြည်သူ့ဆေးရုံပို့ဆောင်ခဲ့ရာ ညနေ ၆ နာရီ ၂၀ မိနစ်မှာ သေဆုံးခဲ့ပါတယ်။ မိခင် ဒေါ်အေးနဲ့ ညီမဖြစ်သူ မတင်နီလာဝင်းတို့ရဲ့လက်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး အဖွဲ့နဲ့ ရေကန်စုကျေးရွာ အုပ်ချုပ်ရေးမှူးတို့ဟာ ဓားနဲ့ခုတ်သူကို ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ည ၈ နာရီ ၂၀ မိနစ်အချိန်မှာ တရားခံကို သက်သေခံဓား၊ တုတ်နဲ့အတူ လက်ရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မုံရွာမြို့နယ် ရဲစခန်းမှူး ရဲအုပ်ဆန်းလင်းက “ဓားခုတ်မှုကျူးလွန်းသူက နိုင်လင်းထွန်း အသက် ၂၉ နှစ်ဆိုသူဖြစ်ပါတယ်။ ဖမ်းဆီးရရှိပြီး ဖြစ်ပါတယ်။ အမှုဖွင့်အရေးယူ ဆောင်ရွက်နေ ပါတယ်”လို့ ပြောပါတယ်။
လူသတ်မှုနဲ့ ပတ်သက်ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ သေဆုံးသူရဲ့ ဖခင်ဖြစ်သူ ဦးချစ်ရွှေက မုံရွာနယ်မြေရဲစခန်းမှာ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက ပထမ သတင်းပေးတိုင်တန်းချက် အမှတ်(ပ) ၇၅၂/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ မှ ပုဒ်မ ၃၀၂ သို့ပြောင်းလဲ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Credit သတင်း – ကိုတိုးကြီး (မုံရွာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment