အမေရိကန်၏ အခွန်ကောက်ခံရေး မူကြမ်းကို လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် ဒေါ်လာငွေ လဲလှယ်နှုန်းကျဆင်း
အမေရိကန် အထက်လွှတ်တော်က နိုင်ငံ၏ အခွန်ကောက်ခံမှုစနစ် ပြန်လည်ရေးဆွဲမည့် အခွန်ကောက်ခံရေး မူကြမ်းကို အတည်ပြုလိုက်ပြီးနောက် ဒေါ်လာငွေကြေး လဲလှယ်နှုန်း ကျဆင်းလာသည်။
အဆိုပါ မူကြမ်းကို အတည်ပြုပြီးနောက်ပိုင်း ယူရို၊ ဗြိတိန်ပေါင် အပါအဝင် ကမ္ဘာပေါ်ရှိ အဓိကငွေကြေး ခြောက်မျိုးနှင့် နှိုင်းယှဉ်ပါက ဒေါ်လာငွေကြေး လဲလှယ်နှုန်းမှာ သုည ဒသမ ၁၄ ရာခိုင်နှုန်း ကျဆင်းလာသည်။ ထို့ပြင် အဆိုပါ မူကြမ်းသည် အမေရိကန် ပြည်ထောင်စု အတွင်းရှိ စီးပွားရေး လုပ်ငန်းကြီးများနှင့် လုပ်ငန်းငယ်များ အပေါ် ထိခိုက်စေနိုင်သည် ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။
သမ္မတဒေါ်နယ်ထရမ့်က အဆိုပြုခဲ့သည့် အဆိုပါ မူကြမ်းတွင် စီးပွားရေး လုပ်ငန်းကြီးများအား အမြဲတမ်း အခွန်ကင်းလွတ်ခွင့် ပေးခြင်းနှင့် နိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်အချို့အပေါ် ကောက်ခံနေသည့် အခွန်ကို ယာယီလျှော့ချမည့် အစီအစဉ်တို့ ပါဝင်မည်ဖြစ်သည်။
လက်ရှိ အခွန်စနစ်ကို ပြင်ဆင်လိုက်ခြင်း အားဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်မှုနှုန်းကို ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်မည်ဟု အမေရိကန် အစိုးရက ယူဆထားသော်လည်း ယခု အတည်ပြုလိုက်သည့် အခွန်ကောက်ခံမှု ပြင်ဆင်ရေးမူကြမ်းသည် သန်းပေါင်းများစွာ သော အမေရိကန် လူလတ်တန်းစား များကို ထိခိုက်စေနိုင်သည်ဟု ဒီမိုကရက်တစ် လွှတ်တော် အမတ်အချို့က ပြောသည်။
အမေရိကန် အစိုးရသည် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် နိုင်ငံ၏ ငွေကြေးများကို နိုင်ငံအတွင်းသို့ ပြန်လည်ရယူနိုင်ရေးနှင့် နိုင်ငံအတွင်း အလုပ်အကိုင် ဖန်တီးနိုင်ရေး စသည့် ရည်မှန်းချက်များ အတွက် အခွန်ကောက်ခံမှု စနစ်ကို ပြုပြင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
Ref: Xinhua
Thursday, December 21, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment