Latest News

Thursday, December 14, 2017

ကုလသမဂ္ဂက အကြံပြုထား သည့်အတိုင်း (၁၀) နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် ကြိုတင်ပြင်ဆင်မှု များလည်း ပြုလုပ်ထားရန်လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား

ကုလသမဂ္ဂက အကြံပြုထား သည့်အတိုင်း (၁၀) နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် ကြိုတင်ပြင်ဆင်မှု များလည်း ပြုလုပ်ထားရန်လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၄

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်ပြီး မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ  ဦးမြင့်ဆွေက  ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ကောက်ယူခြင်းသည် မြန်မာနိုင်ငံ၌ နှစ် (၃၀) အကြာတွင် ပထမဆုံး ပြန်လည် ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ကြီးကို ၂၀၁၂ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂအကြား နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပြီး စတင်ခဲ့ ခြင်းဖြစ်ပါကြောင်း။
မိမိတို့ သန်းခေါင်စာရင်းလုပ်ငန်းစတင်ဆောင်ရွက်ချိန်တွင် ငွေကြေး၊ အတတ် ပညာနှင့် လူသားအရင်းအမြစ်ပိုင်းတွင် သုညကစခဲ့ရသည်ဆိုလျှင် မမှားပါကြောင်း၊ သို့သော် ခိုင်မာသည့် သန္နိဌာန်၊ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်မှု၊ ပွင့်လင်း မြင်သာမှု၊  အားသွန်ခွန်စိုက်ဆောင်ရွက်မှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်တစ်ခုလုံးကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အိမ်နီးနားချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများကပါ အသိအမှတ် ပြုခြင်းခံခဲ့ရပါကြောင်း။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် ကြိုတင်မျှော်လင့်ထားသည့် အတိုင်း စိန်ခေါ်မှုများ၊ ရှောင်လွှဲ၍မရသည့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပါကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းသည် အချိန်နှင့် ငွေကြေးများစွာ ရင်းနှီးစိုက်ထုတ်ရသည့် အပြင် အဆင့်တိုင်းတွင် အစိုးရဌာနပေါင်းများစွာ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်း တစ်ခုဖြစ်ပါကြောင်း။

ဆရာ၊ ဆရာမပေါင်း တစ်သိန်းနှစ်သောင်းကျော် ပါဝင်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံတစ်ဝန်းသက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အားလုံးကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ခြင်းကြောင့် ယင်းလုပ်ငန်းစဉ်ကြီး အောင်မြင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
၂၀၁၄ သန်းခေါင်စာရင်းတွင် နိုင်ငံတကာက အသိအမှတ်ပြုခံရသည့် စာရင်းအင်းပညာရှင်များ၊ လူဦးရေပညာရှင်များ၊ လူမှုရေး သိပ္ပံပညာရှင်များစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသကဲ့သို့ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီဖြစ်စေရန် အကြံဉာဏ်များလည်း ပေးခဲ့ကြပါကြောင်း၊ ယင်းသို့ လမ်းညွှန်ကူညီပံ့ပိုး ပေးမှုများကို ကျေးဇူးအထူးတင်ပါကြောင်းပြောကြားသည်။

ထို့ပြင် ဒုတိယသမ္မတက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် အထူးသဖြင့် လူမှုစီးပွားရေးကဏ္ဍများ၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် သန်းခေါင်စာရင်း အချက်အလက်များသည်  အလွန်ပင် အသုံးဝင်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ စီမံကိန်းလုပ်ငန်းများတွင် ခန့်မှန်းလူဦးရေ စာရင်းများကို သုံးခဲ့ရသည်မှာ နှစ်ပေါင်း (၃၀) ကျော် ကြာခဲ့ပြီဖြစ်ပါကြောင်း၊ ခန့်မှန်းမှု နှစ်ကာလ ကြာရှည်လာ သည်နှင့်အမျှ စာရင်းများ၏ တိကျ မှန်ကန်မှုများ လျော့ကျလာခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ မှားယွင်းမှုများကို ၂၀၁၄ သန်းခေါင်စာရင်းက ပြန်လည်တည့်မတ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်သည် အခြားအရေးကြီးသည့် နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်များအတွက်လည်း အရေးပါသည့် ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ပါကြောင်း၊ သန်းခေါင်စာရင်းကရလာသည့် အတွေ့အကြုံများသည် အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် များစွာ အထောက်အကူပြုခဲ့ပါကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားမျိုး နွယ်စုငယ်လေး များ၏ အသံကို နားထောင်ပြီး ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပါကြောင်း။

၂၀၁၄ သန်းခေါင်စာရင်းအချက်အလက်များကို အခြေခံပြီး ပြည်ထောင်စု အဆင့် အစီရင်ခံစာများ၊ တိုင်းဒေသကြီး၊ပြည်နယ်အဆင့် အစီရင်ခံစာ (၁၅)စောင်၊ အသေးစိတ် ဆန်းစစ်လေ့လာသည့် သုတေသနစာတမ်း (၁၃) စောင်၊ သန်းခေါင်စာရင်း ရလဒ်မြေပုံ အစီရင်ခံစာ၊ မြို့နယ်၊ မြို့နယ်ခွဲ အစီရင်ခံစာပေါင်း (၄၀၀) ကျော်ကို ထုတ်ပြန် ကြေညာခဲ့ပြီး အစီရင်ခံစာအားလုံးကို online ကနေ ရရှိနိုင်အောင် ဆောင်ရွက်ထား ပြီးဖြစ်ပါကြောင်း။

၂၀၁၄ သန်းခေါင်စာရင်းကြီးသည် နိုင်ငံတော်နှင့် နိုင်ငံတကာ အဖွဲ့အစည်း များအတွက်ပါ တန်ဖိုးရှိသည့် ရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များအတွက် အဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်ရေးနှင့်   တစ်ဦးချင်း၏    စွမ်းဆောင်ရည် မြှင့်တင်ရေးကိုလည်း သန်းခေါင်စာရင်းအချက်အလက်များက ထောက်ပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်သည့် အချက်အလက်များရရှိနေပြီဖြစ်၍ နေ့စဉ်ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်မှု များတွင်ရရှိပြီးသား အချက်အလက်များကို အကောင်းဆုံးအကျိုးရှိစွာ အသုံးချကြရန် မှာကြားလိုပါကြောင်း။
ယနေ့အခမ်းအနားသည် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များ အောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားဖြစ်သော်လည်း သန်းခေါင်စာရင်းအချက်အလက်များ ပြည်သူများထံ ရောက်ရှိပြီး အသုံးပြုနိုင်ရန် ဆက်လက်ဆောင်ရွက်နေရမည် ဖြစ်ပါကြောင်း၊ အနာဂတ်တွင်လည်း သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူနိုင်ရန် ဝန်ထမ်း များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် လိုပါကြောင်း၊ မိမိတို့ နိုင်ငံတော်အစိုးရအနေဖြင့် သန်းခေါင်စာရင်း အချက် အလက်များ အထဲတွင် ထုတ်ပြန်ရန် ကျန်ရှိနေသည့် လူမျိုးစာရင်း ထုတ်ပြန်နိုင်ရန် အတွက်ကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကုလသမဂ္ဂက အကြံပြုထား သည့်အတိုင်း (၁၀) နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် ကြိုတင်ပြင်ဆင်မှု များလည်း ပြုလုပ်ထားရန်လိုအပ်ပါကြောင်း။

သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကြီး ချောမွေ့အောင်မြင်အောင် အကူအညီပေးခဲ့ သည့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ကို ကျေးဇူးအထူးတင်ပါကြောင်း၊ အလှူရှင် နိုင်ငံများဖြစ်သည့် သြစတေးလျ၊ ဖင်လန်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် ဗြိတိန်နိုင်ငံတို့ကိုလည်း နိုင်ငံတော်အစိုးရကိုယ်စား ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း ။

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လုပ်ငန်းကြီး အောင်မြင်စွာ ပြီးမြောက်ပါကြောင်းနှင့် နိုင်ငံတစ်ဝန်း၊ ကမ္ဘာတစ်ဝန်းမှ အချက်အလက် အသုံးပြုသူ အားလုံးအတွက် အစီရင်ခံစာများ တစ်ပြိုင်တည်း ရရှိနိုင်ပြီဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သန်းခေါင်စာရင်းအချက်အလက်များမှ ဖော်ထုတ်ရရှိသော “Policy Brief” နှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Knut Ostby က  အမှာစကား ပြောကြားသည်။

ထို့နောက် သန်းခေါင်စာရင်းအချက်အလက်များအသုံးဝင်ပုံနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် The Leprosy Mission Myanmar ဒေါက်တာဇော်မိုးအောင် တို့က ဆွေးနွေးကြသည်။
ယင်းနောက်သန်းခေါင်စာရင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ (၁၅)ရက်နေ့ ထိ ကျင်းပမည်ဖြစ်သည်။

အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံး ဥက္ကဋ္ဌ ဦးမျိုးညွှန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု ၀န်ကြီးများ၊  လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယ၀န်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလှူရှင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

Ref; Myanmar Persedent Office

No comments:

Post a Comment